ကိုလံဘီယာအစိုးရက Farc သူပုန်များနှင့် အပစ်ရပ်သဘောတူညီမှုကို သက်တမ်းတိုးလိုက်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြားမသွားစေရေး ကြိုးပမ်း

ကိုလံဘီယာအစိုးရက Farc သူပုန်များနှင့် အပစ်ရပ်သဘောတူညီမှုကို သက်တမ်းတိုးလိုက်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြားမသွားစေရေး ကြိုးပမ်း

အောက်တိုဘာ ၁၄ ။          ။ ကိုလံဘီယာသမ္မတ ဟွမ် မန်နျူရယ် ဆန်းတို့စ်က Farc သူပုန်များနှင့် အပစ်ရပ်သဘောတူညီချက်ကို ယခုနှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးလိုက်ပြီး နိုင်ငံတွင် ငြိမ်းချမ်းရေးသဘောတူညီမှု ပျက်ပြားမသွားရေး ကြိးပမ်းခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့်လကမှ လက်ဝဲယိမ်းသူပုန်အဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ကျဉ်းမြောင်းသော ရလဒ်ဖြင့် ပယ်ချခံထားရသည်။

ယခုအခါ သမ္မတ မစ္စတာ ဆန်းတို့စ်က ၎င်းအနေဖြင့် ကျူးဘားမြို့တော် ဟာဗာနားတွင် Farc ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်သစ်များကို တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

မူလ အပစ်ရပ်သဘောတူညီချက်မှာ ပြီးခဲ့သည့် ဆန္ဒခံယူပွဲနှင့်အတူ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကာ အောက်တိုဘာ ၃၁ ရက်အထိ သက်တမ်းတိုးထားခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဆန်းတို့စ်က နိုင်ငံတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထောက်ခံအားပေးကာ ချီတက်ခဲ့ကြသော ကျောင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံအပြီးတွင် ယခုကဲ့သို့ အပစ်ရပ်သဘောတူညီချက်ကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

Farc သူပုန်အဖွဲ့ခေါင်းဆောင် တီမိုချန်ကိုကလည်း ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ဆက်လက်ရှင်သန်ထမြောက်နေနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုသွားခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့သော ကိုလံဘီယာပြည်တွင်းစစ်အတွင်း ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂၂၀,၀၀၀ ခန့် သေဆုံးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly