ကုလ အကြီးအကဲ KIO ဌာနချုပ် လိုင်ဇာရှိ စစ်ပြေးဒုက္ခသည် စခန်းသို့ သွားရောက်

ကုလ အကြီးအကဲ KIO ဌာနချုပ် လိုင်ဇာရှိ စစ်ပြေးဒုက္ခသည် စခန်းသို့ သွားရောက်
ဓါတ်ပုံ ခွန်းအောင်ဖေ့ဘုတ်

ချင်းမိုင်၊ အောက်တိုဘာ ၁၄ ။           ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာညှိ နှိုင်းရေးမှူး စတီဗင်အိုဘရိုင်ယန် (Mr Stephen O'Brien) သည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင် ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် လိုင်ဇာမြို့ရှိ ဝိုင်ကြိုင် စစ်ပြေး ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ၁၅ မိနစ်ခန့်ကြာ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ဟု KIO ၏ စစ်ပြေးဒုက္ခသည်များအား ကူညီစောင့်ရှောက် ပေးရေး ကော်မတီ(IRRC)မှ ဒုဥက္ကဌ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

“သူတို့က နေ့လည်၂ နာရီလောက်မှာ ရောက်တယ်။ ဝိုင်ကြိုင်စခန်းမှာသွားကြည့်တယ်။ ၁၅ မိနစ်လောက်ဘဲ တွေ့တယ်။ သူတို့က ဒီမှာ ဒုက္ခရောက်နေတယ် ဆိုတာ ကြားရလို့ တကယ် ဘယ်လောက် ခက်ခဲနေတယ်ဆိုတာကို စစ်ပြေး ဒုက္ခ သည်တွေနဲ့ လာတွေ့တာ ဖြစ်တယ်။ ဘာတွေ ကူညီသွားမယ်ဆိုတာတော့ မပြောဘူး။ ဒီမှာတွေ့ရ၊ မြင်ရတာတွေကို မှတ် သွားပြီး တတ်နိုင်တလောက် ကူညီသွားဖို့တော့ ရှိတယ်ထင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် စတီဗင်အိုဘရိုင်ယန်သည် KIO ဒုဥက္ကဌ (၂) ဗိုလ်ချုပ် ဂွမ်မော်နှင့် စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောင်ပေး ရေး ကော်မတီ(IRRC)မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ရာ ဗိုလ်ချုပ် ဂွမ်မော်မှ လက်ရှိ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

“ကျနော်တို့နဲ့ ခဏဘဲ တွေ့တယ်။ ဗိုလ်ချုပ်ဂွမ်မော်က လက်ရှိအခြေအနေတွေ တင်ပြတယ်။ ကျနော်တို့ကတော့ အခု လောလောဆယ် ဝိုင်ကြိုင်နဲ့ ဖုန်လွမ်ယန် ဒုက္ခသည်စခန်းက လူ ၁၀၀၀၀ လောက် အစားအသောက်ခက်နေတယ်။ တစ် ခြား စခန်း ၅ ခုမှာလည်း နောက်လကနေစပြီး အစားအသောက်တွေ ပြတ်လပ်လာမယ်လို့ သူ့ကို တင်ပြခဲ့ပါတယ်”ဟု သူက ဆက်ပြောသည်။

စစ်ပြေးဒုက္ခသည်များ၏ အစားအသောက် အခက်အခဲ ဖြစ်နေမှု ပတ်သက်၍ IRRC မှ စတီဗင်အိုဘရိုင်ယန်ထံ စာတစ် စောင်ပေးအပ်ခဲ့လိုက်သည်ဟု သူက ဆိုသည်။

မြန်မာ့တပ်မတော်နှင့် KIA တို့အကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ကုသမဂ္ဂ အကြီးအကဲ ရောက်ရှိ လာ ၍ စစ်ပြေးဒုက္ခသည်များအား လာရောက်အားပေးမှုအပေါ် ဝမ်းသာအားရကြောင်းလည်း သူက ဆိုသည်။

ကုသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိလာချိန်တွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှု တည်ငြိမ်ခဲ့ သော် လည်း ညနေ ၅ နာရီကျော်ချိန်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မစ္စတာ စတီဗင်အိုဘရိုင်ယန်သည် အောက်တိုဘာလ ၁၁ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကချင်ပြည်နယ်နှင့် ရ ခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအပေး ရိက္ခာ လျော့ချမှုအပေါ် ပြန်လည် ညှိနှိုင်းရန် ရှိသည် ဟု သိရသည်။

ထို့ပြင် သူ၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်သလို၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရ သည်။

မစ္စတာ စတီဗင်အိုဘရိုင်ယန်သည် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly