ထိုင်းဘုရင်မင်းမြတ် ဘူမိဘော သက်တော် ၈၈ နှစ်တွင် ကံတော်ကုန်

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော သက်တော် ၈၈ နှစ်တွင် ကံတော်ကုန်

ဘန်ကောက်၊ အောက်တိုဘာ ၁၃ ။         ။ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ထီးနန်းစိုးစံမှုအဖြစ် ထိုင်းနိုင်ငံ၏ ထီးနန်းအား နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သည့် ဘုရင်မင်းမြတ် ဘူမိဘော ကံတော်ကုန်ကြောင်း နန်းတော်က ထုတ်ပြန်သည်။

သက်တော် ၈၈ နှစ် ဘုရင်မင်းမြတ်ဘူမိဘောအား ထိုင်းနိုင်ငံတွင် ချစ်မြတ်နိုးရိုသေကြသည်။ နိုင်ငံရေးမတည်ငြိမ်မှုများ၊ အာဏာသိမ်းမှုများအတွင်း တည်ငြိမ်ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ရှိနေခဲ့သူလည်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များမှစကာ ဘုရင်ဘူမိဘောသည် ကျန်းမာရေးချုချာလာခဲ့ပြီး ပြည်သူလူထုရှေ့ထွက်ခြင်း နည်းပါးလာခဲ့သည်။

ဘုရင် နတ်ရွာစံရသည်မှာလည်း ၂၀၁၄ ကစကာ အာဏာသိမ်းခဲ့သည့် စစ်အုပ်ချုပ်ရေး ကာလအတွင်း ကံတော်ကုန် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၉ ရက်နေ့ကတည်းက ဘုရင်မင်းမြတ်၏ ကျန်းမာရေး အခြေအနေမကောင်းမွန်ကြောင်းကို နန်းတော်က သတိပေးခဲ့ခြင်းဖြစ်သည်။

နာဖျားမကျန်းမာသည့် ဘုရင်မင်းမြတ်အတွက် ထိုင်းပြည်သူများစွာက ပန်းရောင်းအဝတ်အစားဝတ်ဆင်ကာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ဘုရင်ဘူမိဘော တက်ရောက်ကုသရာ ဆေးရုံပြင်ပ၌ ရာပေါင်းများစွာသော ပြည်သူများ စုရုံးရောက်ရှိနေခဲ့သည်။

ဘုရင်မင်းမြတ် ဘူမိဘော၏ ထီးမွေနန်းမွေ ဆက်ခံရနိုင်ဖွယ်ရှိသူမှာ သက်တော် ၆၃ နှစ်ရှိ အိမ်ရှေ့စံ ဝါဇီရာလွန်ခေါင်ဖြစ်သော်လည်း ၎င်းမှာ ဖခင် ဘူမိဘောလောက် ပြည်သူတို့၏ စိတ်ကျေနပ်မှု ရရှိခြင်း မရှိပေ။

ဘုရင်ဘူမိဘောသည် အမေရိကန်နိုင်ငံ မန်ဆာချုးဆက်ပြည်နယ် ကမ်းဘရိတ်ချ်တွင် မွေးဖွားပြီး အစ်ကိုတော်ဖြစ်သူ ဘုရင် အန်နန်ဒါမာဟီဒေါ ကံတော်ကုန်ပြီးနောက် ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်က စတင်
ထီးနန်းစိုးစံခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly