စစ်သင်္ဘောဒုံးကျည်ဖြင့် အပစ်ခံရပြီးနောက် ယီမင်ရှိ ဟူသီသူပုန်များ၏ ရေဒါစခန်းများကို အမေရိကန် ဖျက်ဆီး

စစ်သင်္ဘောဒုံးကျည်ဖြင့် အပစ်ခံရပြီးနောက် ယီမင်ရှိ ဟူသီသူပုန်များ၏ ရေဒါစခန်းများကို အမေရိကန် ဖျက်ဆီး

ယီမင်ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်စစ်သင်္ဘောတစ်စီး လေးရက်အတွင်း နှစ်ကြိမ်အထိ ဒုံးကျည်ဖြင့် အပစ်ခံရမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ယင်းနိုင်ငံရှိ ဟူသီ သူပုန်များ ထိန်းချုပ်ထားသော ရေဒါစခန်းသုံးခုကို တိုက်ခိုက်ဖျက်စီးပစ်လိုက်ပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ကြေညာသွားသည်။

ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ရေးအတွက် တုန့်ပြန်တိုက်ခိုက်မှုအဖြစ် ယခုကဲ့သို့ သူပုန်များ၏ ရေဒါများကို ဖျက်စီးပစ်လိုက်ခြင်းဖြစ်ကြောင်းလည်း အမေရိကန်စစ်တပ်က ပြောသည်။

ယီမင်ကမ်းလွန်တွင် သွားလာနေခဲ့သည့် အမေရိကန်ရေတပ် ဖျက်သင်္ဘော USS Mason ဒုံးကျည်ဖြင့်နှစ်ကြိမ် ပစ်ခတ်ခံရမှုဖြစ်စဉ်ကို လက်တုန့်ပြန်သည့်အနေဖြင့် သမ္မတအိုဘားမား၏ ညွှန်ကြားချက်အရ ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကမ်းရိုးတန်းပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်စစ်သင်္ဘော USS Nitze မှ ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်တို့ဘက် ယခုပစ်လွှတ်တိုက်ခိုက်မှုများသည် လူနေအရပ်နှင့် ဝေးကွာသည့်နေရာများတွင် တည်ရှိပြီး အရပ်သားများထိခိုက်ပျက်စီးမှုအခြေအနေမရှိကြောင်းလည်း သိရသည်။

" ကျွန်တော်တို့ရဲ့ စစ်ဘက်အမှုထမ်းတွေ၊ သင်္ဘောတွေ၊ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တွေကို ကာကွယ်ဖို့အတွက် ခု တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ သင်္ဘောတွေကို လာခြိမ်းခြောက်လာရင်တော့ အမေရိကန်ဘက်က ပြန်တုန့်ပြန်သွားမှာပါ" ဟု ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပီတာကော့က ပြောသွားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သူပုန်များဘက်က လှမ်းပစ်ခဲ့သည့် ဒုံးကျည်များမှာ အမေရိကန် စစ်သင်္ဘောဆီသို့ ကျရောက်လာခဲ့ခြင်းမရှိဘဲ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags