မန္တလေးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရန်နှင့် ယာဉ်ကြောရှင်းလင်းစေရန် Real Time Traffic Light မီးပွိုင့်များတပ်ဆင်မည်

မန္တလေးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရန်နှင့် ယာဉ်ကြောရှင်းလင်းစေရန် Real Time Traffic Light မီးပွိုင့်များတပ်ဆင်မည်

မန္တလေး၊အောက်တိုဘာ ၁၂ ။              ။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မန္တလေးမြို့တွင်း ယာဉ်ကြောရှုပ်ထွေးသည့် နေရာ ၁၀ နေရာအား ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောရှင်းလင်းစေရန်အတွက် Real Time Traffic Light မီးပွိုင့် များကို ကျပ်သိန်းတစ်သောင်းတစ်ထောင် အကုန်အကျခံ၍ တပ်ဆင်လျှက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ အော်ပရေတာ အင်ဂျင်နီယာ ဒေါ်နှင်းသီတာကိုက တွေ့ဆုံမေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးပွိုင့်များ တပ်ဆင်နိုင်ရန်အတွက် တင်ဒါအောင်ထားသော Dream Light Technology Co., Ltd နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လမ်းတံတားဌာ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနတို့က အောက်တိုဘာလ ၄ ရက်မှ စတင်၍ မြေပြင် အခြေအနေများကို ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စတင်တပ် ဆင်နေပြီဟု ဒေါ်နှင်းသီတာကိုက ဆိုသည်။

Real Time Traffic Light  မီးပွိုင့်များကို ၃၅ လမ်းနှင့် ၇၇လမ်း လမ်ဆုံ၊ ၃၅လမ်းနှင့် ၇၃လမ်း လမ်းဆုံ၊ ၃၅လမ်း နှင့်၆၂လမ်း လမ်းဆုံ၊လမ်း ၃၀နှင့်၆၂လမ်း လမ်းဆုံ၊၂၆လမ်းနှင့်၆၂လမ်း လမ်းဆုံ၊လမ်း ၃၀နှင့်၇၇လမ်း လမ်းဆုံ၊ လမ်း ၃၀ နှင့် ၇၃လမ်း လမ်းဆုံ၊ ၇၈လမ်းနှင့် ၂၇လမ်း လမ်းဆုံ၊ ၂၆လမ်းနှင့် ၇၃လမ်း လမ်းဆုံနှင့် ၂၆လမ်းနှင့် ၆၆ လမ်း လမ်းဆုံတို့တွင် တပ်ဆင်သွားမည်ဖြစ်သည်။

အဆိုပါ နေရာများသည် ယာဉ်ကြောရှုပ်ထွေးမှု အများဆုံးနှင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွား တတ် သည့် နေရာများဖြစ်ကြောင်း သိရသည်။

"sensor စနစ်ဆိုတော့ ယာဉ်အန္တရာယ်ဖြစ်မှုလည်း လျှော့မယ်။ ယာဉ်ကြောပိတ်ဆို့ နေမှုတွေလည်း လျှော့သွား မယ်။ ယာဉ်အသုံးပြုသူတွေ အနေနဲ့လည်း ပိုပြီးအန္တရာယ် ကင်းပါတယ်။ ဘတ်ဂျက်နှစ်အလိုက် ကျွန်မတို့ ဌာနကနေ အခုလို အဆင့်မြှင့်မီးပွိုင့်တွေ တိုးချဲ့တပ်ဆင်မှုတွေလုပ်သွားမှာပါ "ဟု အော်ပရေတာ အင်ဂျင်နီယာ ဒေါ်နှင်းသီတာကိုက ပြောသည်။

အဆိုပါ မီးပွိုင့်များကို ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ပြီး ၂၀၁၅/၂၀၁၆ခုနှစ် ဘဏ္ဍာ နှစ် ကလည်း မန္တလေးမြို့တွင်း နေရာ ၁၁ နေရာတွင် အဆင့်မြင့်မီးပွိုင့်များက တပ်ဆင်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly