အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားခြင်းက မြန်မာအတွက် ဘာထူးလာမလဲ (အမေရိကန်သံအမတ်နှင့် သီးသန့်အင်တာဗျူး)

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားခြင်းက မြန်မာအတွက် ဘာထူးလာမလဲ (အမေရိကန်သံအမတ်နှင့် သီးသန့်အင်တာဗျူး)

(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel နဲ့ မဇ္ဈိမရဲ့ Managing Director ဦးစိုးမြင့်တို့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းကြီးကြီးမားမား ရှိနေတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးလိုက်တာကြောင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေ ပိုထွက်လာမယ်လို့လည်း Scot Marciel က ပြောပါတယ်။ ဤအင်တာဗျူးကို စီးပွားရေးနဲ့ ပတ်သက်တဲ့အပိုင်းတွေကို ထုတ်နုတ်တင်ပြထားတာဖြစ်ပြီး အပြည့်အစုံကို ထပ်မံဘာသာ ပြန်ဆိုဖေါ်ပြပေးပါမယ်။ အင်တာဗျူး အပြည့်အစုံကို အင်္ဂလိပ်ဘာသာနဲ့လည်း ဖေါ်ပြပေးထားပါတယ်)

 

မဇ္ဈိမ။  ။ ပြီးခဲ့တဲ့လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အပေါ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ဘာတွေက အောင်မြင်မှုတွေလဲလို့ ပြောလို့ရလဲဗျ။

စကော့ မာဆီရယ် ။  ။ ဒါဟာ တကယ့်ကို အရေးပါတဲ့ အလည်အပတ် ခရီးစဉ်ဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။  သမ္မတ အိုးဘားမား အနေနဲ့ကလည်း မြန်မာနိုင်ငံအပေါ်မှာ အများကြီး အလေးအနက်ထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အမေရိကန် ရဲ့ ထောက်ခံအား ပေးမှုရအောင် ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။ ပြီးတော့ ဒီခရီးစဉ်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အတွက် ရွေးကောက်ခံ ခေါင်းဆောင်တစ်ဦးအနေနဲ့ ပထမဆုံး သွားရောက်တာကြောင့် အရေးကြီး တဲ့ ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ သမ္မတ အိုဘားမားက မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအခွန် အထူးသက်သာခွင့်-GSP ကို ပြန်ပေးမယ် ဆိုပြီးလည်း ကြေငြာခဲ့ပါတယ်။ ဒါဟာ မြန်မာ့စီးပွားရေးတိုးမြှင့်စေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ နည်းလမ်း တစ်ခုလည်းဖြစ်ပါတယ်။ ပြီးတော့ သမ္မတက မြန်မာ့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ အကြံပေးညှိုနှိုင်းမှုကို လည်း ဂရုတစိုက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် နောက်ထပ် ပြုပြင်ပြောင်း လဲမှုတွေမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတာဟာ စီးပွားရေးကို ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်စေမှာ ဖြစ်တာကြောင့် ဒါကို ဖယ်ရှားပစ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကို သူဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့်မို့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှား ပစ်လိုက်တာဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်လုပ်ဆောင်ဖို့ အကောင်းဆုံးနည်းလမ်းပဲလို့ ကျွန်တော်တို့ ထင်  ပါတယ်။

မဇ္ဈိမ။  ။ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးမှာနဲ့ပတ်သက်ပြီး အချိန်ကာလကို အသေးစိတ်လောက် ပြောပြပေးနိုင်မလား၊ ပိတ်ဆို့မှုစာရင်းမှာ ဘယ်သူတွေကို ဖယ်ရှားပစ်မှာလဲ ဆိုတာတွေကို ပြောပြပေးနိုင်မလား။

စကော့ မာဆီရယ် ။  ။ ရပါတယ်၊ သမ္မတရဲ့ ဆုံးဖြတ်ချက်က မြန်မာ့စီးပွားရေးပိတ်ဆို့ထားမှုအစီအစဉ်တွေကို ဖယ်ရှားဖို့ ဒါမှမဟုတ် အဆုံးသတ်လိုက်ဖို့ ဖြစ်ပါတယ်။ အဲဒီသတ်မှတ်ချက်တွေမှာ မကြာသေးခင်နှစ်တွေတုန်းက အရေးယူပိတ်ဆို့ မှုတွေ ပြုလုပ် ထားတဲ့ ကုမ္ပဏီတစ်ချို့နဲ့ လူပုဂ္ဂိုလ်တစ်ချို့လည်း ပါဝင်ပါတယ်။ စာရင်းထဲမှာတော့ လူပုဂ္ဂိုလ်ရော၊ ကုမ္ပဏီ တွေပါဆိုရင် အမည်စာရင်း တစ်ရာကျော်လောက် ရှိမယ်ဗျ။ ဒါကိုလည်း အိမ်ဖြူတော်ကနေ အထူးအမိန့် ထုတ်ပြန်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုကို အဆုံးသတ်ဖို့ ကြေညာပေးပါလိမ့်မယ်။ ဒါဟာ အဲဒီ အရေးယူပိတ်ဆို့ထားတဲ့ လူတွေ၊ ကုမ္ပဏီတွေ အနေနဲ့ အမေရိကန်ဆန်ရှင်ကို ကြာရှည်အောင် ရင်မဆိုင်စေချင်လို့ ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် ကုမ္ပဏီကိုမဆို အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု မရှိစေဖို့ဖြစ်ပါတယ်။

မဇ္ဈိမ။   ။ ခင်ဗျားရဲ့ မြန်မာ့စီးပွားရေးလို့ ပြောဆိုလိုက်တဲ့နေရာမှာ အမေရိကန်ဆန်ရှင် ဖယ်ရှားတာဟာ မြန်မာ့စီးပွားရေးကို ဘယ်လို အကျိုးသက်ရောက်မှာလဲဗျ

စကော့ မာဆီရယ်  ။  ။ ပြီးခဲ့တဲ့ မေလဖြစ်တဲ့ အစိုးရသစ်လက်မှာ အရေးယူပိတ်ဆို့မှုတစ်ချို့ ပထမဆုံး ဖယ်ရှားပေး လိုက်တဲ့ အချိန်တုန်းကပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်တို့ သီးခြား သိမြင်တာကို ပြောပြချင်ပါတယ်။ အဲဒီအချိန် တုန်းက အမေရိကန်ဆန်ရှင်ဟာ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို အမေရိကန်ရဲ့ နည်းစနစ်အရ ဦးတည်ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကျိုးသက်ရောက်မှုက ကျွန်တော်တို့ ရည်ရွယ်တာထက်ကို ပိုပြီး ကျယ်ပြန့်ဆိုးဝါးတဲ့ သက်ရောက် မှုတွေဖြစ်ခဲ့ တာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်ဗျ။

အဲဒီသက်ရောက်မှုက အမေရိကန် ကုမ္ပဏီတွေနဲ့ ဥရောပဘက်က  ကုမ္ပဏီတွေလို ကောင်းမွန်တဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအဖို့ မြန်မာပြည်မှာ စီးပွားရေးလုပ်ကိုင်တဲ့အခါ ဆန်ရှင်ရှိနေတာကြောင့် စွန့်စားလုပ်ကိုင် ရတာမျိုးတွေ ဖြစ်စေနိုင်မှာကြောင့်လည်း ဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက်လည်း မထိုက်တန်ပါ ဘူး။ သူတို့အနေနဲ့ကလည်း စီးပွားရေး ပိတ်ဆို့မှုကို မလိုလားတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့ မှုဟာ စီးပွားရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေးစီးဆင်းမှုတွေကို ဆုတ်ယုတ်စေ တာကို ကျွန်တော်တို့ သိမြင်ခဲ့ပါတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ အစိုးရသစ်ရဲ့ အကောင်အထည် ဖော်လုပ်ကိုင်ချင်တဲ့ ပြည်သူ့ဘ၀ ကြွယ်ဝရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ရေးကို ဆောင်ကျဉ်း ပေးစေချင်လို့လည်း ပါပါတယ်။ ဒါကြောင့် အစိုးရသစ်ရဲ့ လုပ်ငန်းစဉ်တွေ ပိုပြီးခက်ခဲစေမယ့် စီးပွားရေးပိတ်ဆို့မှုတွေကို ကျွန်တော်တို့ မလိုချင်တော့လို့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပစ်လိုက်တာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ ဒါဟာ အမေရိကန်ကုမ္ပဏီတွေ  မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ကြီးမားတဲ့ သတိပေးချက်ဖြစ်မလား။

စကော့ မာဆီရယ် ။  ။ ဟုတ်တာပေါ့ဗျာ။ ဒါဟာ ကျွန်တော်တို့ မြင်ချင်တဲ့ အကျိုးသက်ရောက်မှု တစ်ခုပဲလေ။ ဒီမှာ အမေရိကန်ကုမ္ပဏီတွေအများကြီး ရင်းနှီးမြုှပ်နှံတာကို မြင်ချင်နေတယ်ဗျ။ တကယ်ကောင်းတဲ့ အခွင့်အလမ်းအများကြီး ရှိလာမယ်လို့ လည်း ထင်တယ်။ ပြီးတော့ အမေရိကန်ကုမ္ပဏီတွေက အဆင့်အတန်းမြင့်မြင့် အုပ်ချုပ်မှုကောင်းကောင်းနဲ့ ပြည်တွင်းလုပ် သားတွေလေ့ကျင့််သင်ကြားငှာရမ်းပြီး ဒီနိုင်ငံမှာရှိတဲ့ ဥပဒေအားလုံးကို လေးစားလိုက်နာမယ်ဆို မြန်မာ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အတော်လေးကို ထောက်ပံ့ပေးနိုင်မယ်လို့လည်း ထင်မြင်မိပါတယ်။  ဒါ့အပြင် ကြွယ်၀ ချမ်းသာမှု၊ အလုပ် အကိုင်ဖန်တီးပေးမှုနဲ့ လုပ်သားအခွင့်အရေး၊ ပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်မယ့် ကျယ်ပြန့် သောဖွံ့ဖြိုးမှုတွေကို အစိုးရက အားစိုက်ထုတ်နိုင်ဖို့ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ပါ မြင်ပါတယ်။

မဇ္ဈိ။   ။  ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်ပြီး ဆက်မေးချင်ပါတယ်။  မြန်မာဘက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ ကုမ္ပဏီတွေ ဒီမှာ ရင်းနှီးမြှုပ်နှံကြဖို့ ပိုမိုလွယ်ကူအောင် သေချာအောင်လုပ်တဲ့နေရာမှာ ဘာတွေလုပ်ဖို့ လိုအပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲ။

စကော့ မာဆီရယ် ။  ။ ဒီနေ့ကမ္ဘာပေါ်မှာဖြစ်နေတာက..မြန်မာ့စီးပွားရေးပဲဖြစ်ဖြစ်၊ အမေရိကန်စီးပွားရေးပဲဖြစ်ဖြစ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံက အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာ စီးပွားရေးကဏ္ဍတွေဖြစ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ် နှံမှု အစိတ်အပိုင်းတွေနဲ့ မပတ်သက်ဘဲနဲ့လည်း ဘယ်နိုင်ငံမှ အောင်မြင်ဖြစ်ထွန်းနိုင်မယ်လို့ မထင်ဘူး။ ဒါ့ကြောင့် ဒါဟာ သိပ်ကို အရေးပါလျက်ရှိနေပါတယ်။ ပထမအနေနဲ့ အစိုးရနဲ့ လွှတ်တော် ၂ ရပ်ကနေ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြုတောင် ထားပြီးပြီ။ ဒါဟာ တကယ့်ကို အရေးပါတဲ့ ခြေလှမ်းဖြစ်ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေကို မျှော်လင့်ချက် သတ္တိတွေ ဖြစ်လာမှာပါ။ အစိုးရဘက်က  လျှပ်စစ်မီးနဲ့ စွမ်းအားစတာတွေ ပါဝင်တဲ့ အခြေခံအဆောက်အဦးကဏ္ဍ ဖွံ့ဖြိုးဖို့ အသိအမှတ်ပြုလုပ်ကိုင်ပေးဖို့လည်း လိုပါတယ်။ တရားဥပဒေစိုးမိုးရေးကို ဆက်လက်လုပ်ကိုင်ရမှာ ဖြစ်သလို ရင်းနှီးမြှုပ်နှံမှု ပိုပြီး လွယ်ကူစေဖို့ အစိုးရရဲ့ ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားကိုလည်း ပြေပြစ်သွက်လက်အောင် လုပ်ဖို့ လည်း လိုအပ်ပါတယ်။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သတ်ပြီး ပြည်သူနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကြားမှာ အမှန်တကယ် ကို ပံပိုးမှုတွေရှိတယ်ဆိုတာ ပြည်သူတွေကို ပြသဖို့လည်း လုပ်ကိုင်ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့ ဒီလို ပြောရတာလဲဆို ရင် ဒီကပြည်သူတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာ စိုးရိမ်ပူပန်မှုတွေရှိတတ်လို့ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဆိုတာ အမှန်အကန်ကို ကူညီပေးသွားနိုင်တယ်၊ ဒါဟာ မျှတတယ်ဆိုတာ သူတို့ကို သိစေ ချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကို ရောက်လာမယ့် အမေရိကန်က ရင်းနှီးမြှုပ်နှီးမြှုပ်နှံသူတွေ နိုင်ငံ့ဥပဒေကို လေးစားလိုက်နာပြီး ပြည်တွင်းလုပ်သား တွေငှားရမ်း၊ လေ့ကျင့်သင်ကြားပေးတာတွေ ကောင်းကောင်းလုပ်ပေးနိုင်မယ်…ပြီးတော့ လူထုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ် လာပြီး မြန်မာကို ကူညီထောက်ပံ့ပေးနိုင်မယ်လို့ စိတ်ချယုံကြည်တယ်ဗျ။ အဲတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ပြည်သူတွေရဲ့ ကျယ်ပြန့်တဲ့ထောက်ခံမှုတွေရရှိဖို့ လုပ်ရမှာတွေ အများကြီးရှိနေတယ်လို့ ကျွန်တော်ထင်တယ်။

 မဇ္ဈိမ။   ။ တစ်ခြားဖြည့်စွက်ပြီး ဘာများပြောချင်တာရှိပါသလဲ

စကော့ မာဆီရယ်။  ။ သံအမတ်တစ်ယောက်ဆိုတာထက် အမေရိကန်ပြည်သူတစ်ယောက်အနေနဲ့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်သူတွေရဲ့ လုပ်ဆောင်ချက်အပေါ်မှာ တကယ့်ကို လေးစားအသိအမှတ်ပြုထားပါတယ်။ ဒီနိုင်ငံမှာ စိန်ခေါ်စရာအများကြီးကလည်း ရှိနေတာကြောင့် ပြည်သူတစ်ချို့မှာ အားယုတ်လျော့ဖို့လည်း အရမ်းကို လွယ်လွယ်ကူကူဖြစ်နေပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရဲ့အခြားနေရာတွေကို လေ့လာကြည့်ရှုတဲ့အခါမှာ မြန်မာနိုင်ငံက ကြီးမား တဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေဖြစ်စေမယ့် အခွင့်အလမ်းတွေရှိနေတဲ့ နေရာပဲဆိုတာ တွေ့လိုက်ရတယ်ဗျာ။ အဲတာကြောင့် ကျွန်တော်တို့ဟာ ဖွံ့ဖြိုးမှုတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် မိတ်ဆွေကောင်းတွေအဖြစ် ရှေ့ဆက်လက်တွဲသွားဖို့ရှိနေ ပါတယ်။

 

အင်တာဗျူး အပြည့်အစုံ (ရုပ်သံ) 

 

မြန်မာဘာသာပြန် အပြည့်အစုံ http://www.mizzimaburmese.com/article/19053

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly