အောက်တိုဘာ ၁၁ ။ ။ အာရှဒေသတွင် ဇီကာဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်ပြန့်ပွားနိုင်သည့် အခြေအနေများ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်သတိပေးလိုက်သည်။
စင်ကာပူနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်ရာနှင့်ချီ၍ တွေ့ရှိနေခဲ့ရချိန်တွင် ထိုင်းတွင်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုလက္ခဏာဖြစ်သော ဦးခေါင်းသေး ကလေးငယ် မွေးဖွားမှု ဖြစ်စဉ် နှစ်ခုအထိ တွေ့မြင်ထားခဲ့ရသည်။
ခြင်မှတဆင့် ကူးစက်ပြန့်ပွားတတ်သော အဆိုပါ ဗိုင်းရပ်စ်ပိုးကို ယခုလက်ရှိအချိန်ထိ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်တွင် တွေ့ရှိထားခဲ့ရပြီး အာရှပစိဖိတ်ဒေသရှိ နိုင်ငံ ၁၉ နိုင်ငံတွင်လည်း ဖြစ်ပွားထားသည်ကို တွေ့ရှိခဲ့ရကြောင်း WHO ၏ ကျန်းမာရေးလုံခြုံရေးနှင့် အရေးပေါ်အခြေအနေဆိုင်ရာ ဒါရိုက်တာ လီအီလန် က ပြောသည်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် အာရှပစိဖိတ်ဒေသအတွင်း ထပ်မံ ကူးစက်ပြန့်နှံ့လာနိုင်ချေ များနေလျက်ရှိကြောင်း၊ အထူးသဖြင့် တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ပစိဖိတ်ကျွန်းစု ဒေသများတွင် ဖြစ်လာနိုင်ချေများနေကြောင်း WHO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
" ဒီဒေသမှာ နောက်ထပ် ဇီကာကူးစက်မှုဖြစ်စဉ်တွေ ထပ်ဖြစ်နိုင်ချေများနေပါတယ်၊ နောက်ထပ် ဖြစ်စဉ်အသစ်တွေ ကျွန်တော်တို့ ထပ်တွေ့ရဖို့ရှိနေပါတယ်" ဟု အဆိုပါ အစီရင်ခံစာထဲတွင် ရေးသားဖော်ပြထားသည်။