အချိန်တို နေရာကျဉ်း ကောက်ရိုးမှို စိုက်ပျိုးခြင်း

.

ကောက်ရိုးပုံအနီး ဥယျာဉ်ခြံအနီး သစ်တောများ ချုံပုတ်များ သစ်ငုတ်တိုများမှာ ပွင့်လေ့ပွင့်ထရှိတဲ့ မှိုများကို တွေ့ဖူးကြမယ်ထင်ပါတယ်။ မြန်မာပြည်မှာတော့ သဘာဝအလျှောက် တစ်နှစ်တစ်ခါပေါက်တဲ့ သဘာဝအရပေါက်တဲ့ မှိုကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလာကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီပဲ ဖြစ်ပါတယ်။

ဆေးကျမ်းများထဲမှာ မှိုကို “အဟိဆက်ဒရ”လို့ ခေါ်ပါတယ်။ အဟိ မြွေ၊ ဆက်ဒရ ထီး၊ မြွေထီးဟု အဓိပ္ပာယ် သက်ရောက်ပါတယ်။ မှိုများကို မြွေများကလည်း နှစ်သက်ကြပါတယ်။ မှိုရဲ့ အရည်များကို မြွေများက စုပ်ယူ စားသုံးကြလေ့ရှိပါတယ်။

မှိုကို ရှေးဦးစွာ စားသုံးကြသူများကတော့ ရောမလူမျိုးနဲ့ တရုတ်လူမျိုးတို့ပဲ ဖြစ်ပါတယ်။ ရောမနဲ့ ဂရိနိုင်ငံများမှာတော့ မှိုကို ဘုရားသခင်ပေးသော အစားအစာအဖြစ် အထွတ်အမြတ်ထားပြီး စားသုံးကြပါတယ်။ မှိုကို စားသုံးပါက ရဲစွမ်းသတ္တိ ပြည့်စုံသည်ဟူသော အယူအဆကြောင့် ဘုရင်များ စစ်သူကြီးများ စစ်သားများကသာ စားသုံးခွင့်ရှိကြတယ်လို့လည်း ဆိုပါတယ်။ အီဂျစ်ဘုရင်များလက်ထက်ကလည်း မှိုကို မင်းမျိုးမင်းနွယ်များကသာ စားသုံးခွင့်ရှိကြတာပါ။

မှိုဟာ သဘာဝအလျှောက် ပေါက်ရောက်ကြရာမှ ရာသီအစစ်အမှန်ဖြစ်တဲ့ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီတို့မှာ ပေါက်ရောက်လေ့ မရှိပါဘူး။ နွေအကုန် မိုးအကူး မိုးအကုန် ဆောင်းအကူး ဆောင်းအကုန် နွေအကူး စတဲ့ ရာသီကြားကာလတွေမှာသာ ပေါက်ရောက်လေ့ ရှိကြပါတယ်။ ရှေ့နှစ်ပေါင်းများစွာက မှိုရဲ့အရသာ ထူးခြားမှုကြောင့် တရုတ်လူမျိုးများက အရေးတယူ စားသုံးလာခဲ့ကြတာပါ။ အခုချိန်မှာတော့ မှိုကို အရသာရှိ စားသောက်ကုန်နဲ့ ဆေးဖက်ဝင် အစားအစာအဖြစ် စားသောက်ကြပါတယ်။

မှိုကို ၁၈ ရာစုနှစ် အလယ်ပိုင်းလောက်မှာ စပြီးတော့ ပြင်သစ်နိုင်ငံမှာ စတင် စိုက်ပျိုးခဲ့ကြပါတယ်။ ၁၉ ရာစုနှစ်မှာတော့ မှိုစိုက်ပျိုးခြင်းဟာ ကမ္ဘာတစ်ဝှန်းလုံးကို ပျံ့နှံ့လာခဲ့ပါတယ်။ ၂၀ ရာစုနှစ်မှာတော့ ပိုမိုတိုးတက်တဲ့ နည်းပညာတွေနဲ့ စားကောင်းတဲ့ မှိုအမျိုးမျိုးကို စက်ရုံပုံစံဖြင့် စိုက်ပျိုး ထုတ်လုပ်လာခဲ့ကြပါတယ်။ ဥရောပနဲ့ အမေရိကတို့မှာ မှိုစိုက်ပျိုးနည်းပညာတွေ တိုးတက်လာကြသလို အာရှမှာလည်း တရုတ် ဂျပန် ထိုင်ဝမ် တောင်ကိုရီးယား ဖိလစ်ပိုင်နဲ့ အန္ဒိယနိုင်ငံတို့မှာ မှိုကို ခေတ်မှီနည်းစနစ်များ အသုံးပြုပြီး ထုတ်လုပ်ရောင်းချလာတဲ့ အဆင့်အထိကို ရောက်ရှိလာပါပြီ။

မြန်မာနိုင်ငံမှာတော့ မှိုစိုက်ပျိုးရေးကို ၁၉၃၂ ခုနှစ်မှ စတင်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှ စိုက်ပျိုးရေး ပညာရှင်နှစ်ဦးက လာရောက်ပြီး မှိုစိုက်ပျိုး နည်းပညာများကို ပြသပေးခဲ့တာပဲ ဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးမှာ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမ၊ှို ကြွက်နားရွက်မှို စတဲ့မှိုများကို စတင် စိုက်ပျိုးခဲ့ကြပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ ပိုမိုကောင်းမွန်တဲ့ အထွက်နှုန်းကောင်း မှိုအမျိုးမျိုးကို တင်သွင်းပြီး စီးပွားဖြစ် စိုက်ပျိုးလာခဲ့ကြပါတယ်။ ၁၉၈၂ ခုနှစ် ရောက်တဲ့အခါမှာတော့ ကောက်ရိုးမှို တစ်မျိုးတည်းမဟုတ်ဘဲ လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်တဲ့ ငွေနှင်းမှို၊ ကြွက်နာရွက်မှို စတာတွေကို စနစ်တကျ စိုက်ပျိုးပြီး စီးပွားဖြစ် စိုက်ပျိုးလာခဲ့ကြပါတယ်။

ဒီအထဲက ကောက်ရိုးမှို စိုက်ပျိုးခြင်းအကြောင်းပြောရရင် အဓိက လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကောက်ရိုး၊ ဗေဒါ၊ ပဲမှုန့်၊ ပုဇွန်ခေါင်းမှုန့်၊ ပြောင်းဖူးရိုး၊ ငှက်ပျောခြောက်၊ အီးအမ်နဲ့ ရေတို့ပဲ ဖြစ်ပါတယ်။ ပထမဦးစွာ ကောက်ရိုးကို လေးလက်မခန့် ပိုင်းဖြတ်ပေးရပါမယ်။ အဲဒီနောက် ဗေဒါ သို့မဟုတ် ငှက်ပျောခြောက်ကို စင်းပြီး နေလှန်းပေးရပါမယ်။ အဲဒီနောက် ဖြည့်စွက်စာအနေနဲ့ ပဲမှုန့် ဒါမှမဟုတ်ရင် ပုဇွန်ခေါင်းမှုန့် ဒါမှမဟုတ်ရင် ပြောင်းဖူးရိုးတို့ကို အသုံးပြုနိုင်ပါတယ်။

ပထမဦးစွာ အင်ဒိုးမှို စိုက်ပျိုးရန်အတွက် နှပ်စာကို အရင်ပြုလုပ်ရပါတယ်။ နှပ်စာပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ပထမဦးစွာ လေးလက်မခန့် ဖြတ်ထားတဲ့ ကောက်ရိုးကို မိမိစိတ်ကြိုက် အကျယ်ကိုယူပြီး ခြောက်လက်မခန့် အထူ ဖြန့်ခင်းပေးရမှာပါ။ ခြောက်လက်မခန့်အထူ ဖြန့်ခင်းထားတဲ့ ကောက်ရိုးပေါ်ကို ပဲမှုန့် ဒါမှမဟုတ်ရင် ဖွဲနု ဒါမှမဟုတ် ပုဇွန်ခေါင်းမှုန့်တို့ကို ဖြူးပေးရပါမယ်။ အဲဒီနောက်မှာတော့ ဖြည့်စွက်စာအနေနဲ့ စင်းထားတဲ့ ဗေဒါခြောက် ဒါမှမဟုတ်ရင် ပြောင်းဖူးရိုး ဒါမှမဟုတ်ရင် ပဲခွန် စတာတွေကို ထည့်ပေးလို့ရပါတယ်။ ဖြည့်စွက်စာတွေ ခင်းထားတဲ့အပေါ်ကနေ ဖွဲနု သို့မဟုတ် ဂျုံမှုန့်ကို ဖြူးပေးရပါတယ်။ ပြီးရင် အပေါ်ကနေ ကောက်ရိုးကို ခြောက်လက်မခန့် ထပ်အုပ်ပေးရပါမယ်။ ကောက်ရိုးအုပ်ပြီးရင်တော့ ရေနဲ့ရောထားတဲ့ အီးအမ်ကို ဖြန်းပေးရပါတယ်။ ဒီနည်းအတိုင်းပဲ နောက်ထပ် ၈ ထပ်ခန့် ပြုလုပ်ပေးပြီး လေလုံစေရန် ပလက်စတစ်အုပ်ပြီး ငါးရက်ခန့် နှပ်ထားပေးရပါတယ်။

နှပ်စာကိုတော့ ၅ ရက် သို့မဟုတ် ၇ ရက် ကြာတဲ့အခါမှာ စတင် အသုံးပြုနိုင်ပါတယ်။ အဲဒီနောက်မှာတော့ မှိုစိုက်ပျိးရန်အတွက် နှပ်စာကို စင်ပေါ်ကို တင်ပေးရပါတယ်။ စင်ပေါ်ကို နှပ်စာတင်တဲ့အခါမှာလည်း ကောက်ရိုးပေါ်တင်ခြင်းနှင့် နှပ်စာသီးသန့်တင်ခြင်း နှစ်မျိုးရှိပါတယ်။ မိမိနှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ နှပ်စာကိုတင်ပြီး ၃ ရက်ခန့် မှိုရိုင်းကို မွေးထားရပါတယ်။ သုံးရက်ပြည့်ရင်တော့ ရေနွေးငွေ့နဲ့ အပူချိန် ၆၅ ဒီဂရီနဲ့ ၇၀ ကြားမှာရှိတဲ့ အပူချိန်နဲ့ တစ်နေ့ကို နှစ်နာရီခန့်ကြာအောင် ပေါင်းတင် ပိုးသတ်ပေးရပါတယ်။ ပြီးရင်တော့ အပူချိန် ၃၅ ဒီဂရီနဲ့ ၄၀ ကြားမှာ မှိုမျိုး သွင်းပေးရပါတယ်။ မှိုမျိုး သွင်းပြိးရင်တော့ နောက်ထပ် ၃ ရက်ခန့် ထပ်ပိတ်ထားရပါတယ်။ အဲဒီနောက် မှိုမျှင်များ ခဲလာစေရန်အတွက် တံခါးကို ပြန်ဖွင့်ပေးရပါတယ်။ ပြီးရင် လေသွင်းလေထုတ် ပြုလုပ်ခြင်း အလင်းရောင်ပေးခြင်း အပူချိန် လျော့ချခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ လေသွင်းလေထုတ်ကိုတော့ နေ့စဉ် တစ်ကြိမ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

မှိုတွေ ရှင်သန်ဖို့အတွက်ကတော့ အောက်ဆီဂျင် လိုအပ်ပါတယ်။ မှို မျိုးသွင်းတဲ့အချိန်မှစပြီး ၁၅ ရက်ခန့် ကြာတဲ့အထိ မှိုများကို စတင်ခူးဆွတ်လို့ ရတဲ့အနေအထားပဲ ဖြစ်ပါတယ်။ မှိုများကို ၇ ရက်မှ ၁၀ အထိ စိုက်ပျိုးနိုင်တာပဲ ဖြစ်ပါတယ်။

ကောက်ရိုးမှိုကိုတော့ အပြင်မှာ အောက်ဒိုး စိုက်ပျိုးရန် လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားချေး၊ ကောက်ရိုး၊ ဖွဲနု၊ ဗေဒါ၊ ကက်ထူစက္ကူ စတာတွေ လိုအပ်ပါတယ်။ သုံးပေ ကိုပေး ဘောင်ဆိုရင်တော့ နွားချေး ၇ တင်း အောက်ခံ ခင်းပေးရပါမယ်။ ဒါမှမဟုတ် နွားချေး သုံးတင်းနဲ့ ကြက်ချေး တစ်တင်း ရောခင်းရင်လည်း ရပါတယ်။ သုံးပေ ကိုးပေဘောင်အတွက်ဆိုရင်တော့ ကတ်ထူစက္ကူ သုံးပိဿနဲ့ ငါးပိဿကြားမှာ လိုအပ်ပါတယ်။

ပထမဦးဆုံး ကက်ထူတွေကို လက်တစ်ဝါးခန့်တွေ ဖြဲပြီး ရေစိမ်ထားပေးရမှာပါ။ အဲဒီနောက်မှာတော့ ရေနူးနေတဲ့ ကတ်ထူစက္ကူတွေကို ခင်းထားတဲ့ နွားချေးပေါ်မှာ ဖြန့်ကျဲပေးရမှာပါ။ ကက်ထူစက္ကူပေါ်မှာ မှိုမျိုးများကို ကျဲပေးရပါမယ်။ ကျဲထားတဲ့ မှိုမျိုးများအပေါ်ကနေ ဗေဒါ ထပ်ခင်းပေးရပါမယ်။ ပြီးရင် ဖွဲနု ဖြူးပေးရပါမယ်။ ပြီးရင် ရေလောင်းပြီး သုံးရက်ခန့် ပိတ်ထားပေးရမှာပဲ ဖြစ်ပါတယ်။ ၃ ရက်ပြီးရင်တော့ မနက်တစ်ခေါက် ညနေတစ်ခေါက် ဖွင့်ပေးရမှာပါ။ အဲဒီနောက် ၇ ရက် ဒါမှမဟုတ် ၁၀ ရက်ခန့် ကြာတဲ့အခါမှာ မှိုများကို ခူးဆွတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

တကယ်တော့ မှိုစိုက်ပျိုးရင် မိသားစုဝင်ငွေလည်း ရပါတယ်။ ဈေးကွက်နဲ့နီးလို့ သွားလာသယ်ယူလို့လွယ်မယ်ဆိုရင် စီးပွားဖြစ်စိုက်ပျိုးလို့လည်း ရပါတယ်။ ပြီးတော့ နေရာ ကျဉ်းကျဉ်း ရင်းနီးမှု အနည်းအကျဉ်းနဲ့ စိုက်ပျိုးလို့ရတဲ့သဘောလည်းဖြစ်ပါတယ်။

စိုက်ပျိုးလိုသူများအတွက် မှိုစိုက်ပျိုးရေးနည်း လက်ဆင့်ကမ်းလိုက်ပါတယ်ခင်ဗျား။