အိန္ဒိယတွင် ထရပ်ကားတစ်စီး လူအုပ်ထဲ ၀င်တိုက်၍ ခုနစ်ဦး သေဆုံး

အိန္ဒိယတွင် ထရပ်ကားတစ်စီး လူအုပ်ထဲ ၀င်တိုက်၍ ခုနစ်ဦး သေဆုံး

အောက်တိုဘာ ၁၁ ။                ။ အိန္ဒိယနိုင်ငံ အလယ်ပိုင်း ဟိန္ဒူဘုရားကျောင်းတစ်ခုအနီး လူအုပ်ထဲသို့ အရှိန်မထိန်းနိုင်သော ထရပ်ကားတစ်စီးက ဝင်တိုက်ခဲ့ရာ အနည်းဆုံး လူ ခုနှစ်ဦး သေဆုံးသွားကြောင်းနှင့် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရဲများက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားသည်။

လက်ရှိကျင်းပနေသော Durga Puja ပွဲတော်ရက်အတွင်း  ဝတ်ပြုသူ ရာပေါင်းများစွာတို့ Madhya Pradesh ပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် စုဝေးရောက်ရှိနေချိန်တွင် ထရပ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လူအုပ်ထဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

" ဒီဖြစ်စဉ်ကြောင့် ခုနစ်ဦး သေဆုံးသွားပါတယ်၊ အခြား ရှစ်ဦးကတော့ ဆေးရုံရောက်သွားပါတယ်" ဟု ရဲအရာရှိ Shivraj Singh က အေအက်ပ်ဖီသို့ ပြောသည်။

ထရပ်ကားမောင်းနှင်သူမှာလည်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားကို ထားကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ယာဉ်နောက်လိုက်ဖြစ်သူကိုမူ လူအုပ်က ဝိုင်းဝန်းဖမ်းဆီးထားနိုင်ခဲ့ပြီး ရဲလက်သို့ အပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

နှစ်စဉ်ကျင်းပသော Durga Puja ပွဲတော်ရက်အတွင်း နိုင်ငံတစ်ဝန်း ဟိန္ဒူဘုရားကျောင်းများတွင် ဝတ်ပြုသူများဖြင့် အမြဲစည်ကားပြည့်နှက်နေလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags