အာဆီယံဆိုင်ဘာ လုံခြံုရေးအား စင်ကာပူက ဒေါ်လာဆယ်သန်း မတည်ကာ စတင်ဆောင်ရွက်

အာဆီယံဆိုင်ဘာ လုံခြံုရေးအား စင်ကာပူက ဒေါ်လာဆယ်သန်း မတည်ကာ စတင်ဆောင်ရွက်

စင်ကာပူ၊ အောက်တိုဘာ ၁၁ ။              ။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအဖွဲ့များကြား ဆိုင်ဘာလုံခြုံရေးရင်းမြစ်များ ကြွယ်ဝရန်နှင့် အသိပညာများ ဖွံ့ဖြိုးရန် ရည်ရွယ်လျက် စင်ကာပူဒေါ်လာ ဆယ်သန်းကုန်ကျမည့် အာဆီယံ ဆိုင်ဘာစွမ်းရည်စီမံချက်အား စင်ကာပူနိုင်ငံက စတင်ဆောင်ရွက်သည်။

ယခုငွေကြေးကို လိုအပ်သော ရင်းမြစ်များ၊ ကျွမ်းကျင်မှုနှင့် သင်တန်းပေးရေးတို့အတွက် အသုံးချသွားပြီး အာဆီယံနိုင်ငံများ၏ ဆိုင်ဘာလုံခြုံရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်ဖြစ်ကြောင်း အာဆီယံဆိုင်ဘာလုံခြုံရေးဆိုင်ရာဝန်ကြီးများ ညီလာခံ၌ စင်ကာပူဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး ယာကော့အီဘရာဟမ်က ပြောသည်။

“အဓိကအနေနဲ့က ဒီအစီအစဉ်က အာဆီယံနိုင်ငံများရဲ့ နည်းပညာကျွမ်းကျင်မှုနဲ့ တိုက်ခိုက်မှုတုံ့ပြန်မှုတွေမှာ ပိုမိုစွမ်းဆောင်ရည် ကောင်းမွန်အောင်အတွက်ပဲဖြစ်ပါတယ်။”ဟု ယာကော့က ပြောသည်။

“ဒါအပြင်လည်း အမျိုးသားဆိုင်ဘာ လုံခြုံရေးအေဂျင်စီများ ဖွဲ့စည်းခြင်း၊ ဆိုင်ဘာလုံခြုံရေး မဟာဗျူဟာများ တည်ဆောက်ခြင်းနှင့် ဥပဒေများ ရေးဆွဲရေးတို့တွင်လည်း ဆွေးနွေးခြင်း၊ အကြံပေးခြင်း လုပ်ငန်းစဉ်တွေကို အထောက်အကူပြုသွားဖို့ ရှိပါတယ်။”ဟု ၎င်းက ဆိုသည်။

စင်ကာပူနိုင်ငံအနေဖြင့် ကမ္ဘာ့လုံးဆိုင်ရာ စဦးလုပ်ငန်းစဉ်ဖြစ်သည့် CyberGreen ပရောဂျက်ကိုလည်း ကမကထပြု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဝန်ကြီးယာကော့က ပြောသည်။

CyberGreen ပရောဂျက်က နိုင်ငံများ၏ ဆိုင်ဘာဘေးကင်းမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စင်ကာပူနိုင်ငံအနေဖြင့် CyberGreen ကို ကမကထပြုမတည်ထားခြင်းဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအတွက် ယင်းပရောဂျက်အစီအစဉ်ကို အခမဲ့ရရှိနိုင်မည်ဖြစ်ကာ နိုင်ငံ၏ ဆိုင်ဘာလုံခြုံ   ဘေးကင်းရေးဆိုင်ရာ အချက်အလက်များကို သိရှိမည်ဖြစ်ကြောင်းလည်း ယာကော့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags