တို့ခရိုနီ လင်လိုချင် ဘယ်လှည့်

တို့ခရိုနီ လင်လိုချင် ဘယ်လှည့်
Photo-Mizzima
 

ဗမာပြည်သူတွေ ဝမ်းသာပျော်ရွှင် အောင်ပွဲဆင်ရမယ့် နေ့ထူးနေ့မြတ်တစ်ခုဟာ အမှန်တကယ်ပဲ ဆိုက်ရောက်လာခဲ့ပါပြီ။

ဗမာပြည်အပေါ် ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက ရုပ်သိမ်းပေးလိုက်ပါပြီတဲ့။ ဗမာတွေ လန်းဖြာချမ်းသာပြီပေါ့။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာပြီပေါ့။ အမေရိကန်သမ္မတကြီး အိုဘားမားက နဂါနီသီချင်းကို ဆိုပြလိုက်တာပါ။ "ဆင်းရဲခြင်း လွတ်ကင်းအောင် အိုဘားမားဆောင်ပါမည်..... တို့ခရိုနီ သိဒ္ဓိတန်ခိုးနဲ့ အကျိုးထူးပေးတော့မည်..... ခေတ်သစ်ထူထောင်မည် အေးချမ်းသာယာသည် ဟေ့ ခရိုနီတန်းခိုးနဲ့ အမျိုးဂုဏ်တက်စေမည်" (နဂါးနီ နေရာမှာ ခရိုနီ ပြောင်းဆိုတာဟာ လက်တွေ့နဲ့ ပိုမို ကိုက်ညီမယ် ထင်ပါတယ်)

အိုဘားမား ထွက်တော်မူဖို့ နန်းကခွာကာနီးမှ ဗမာပြည်သူတွေအပေါ်ထားတဲ့ သူ့မေတ္တာကို ဖော်ပြခဲ့တာပါပဲ။ သူ့ရဲ့ Change, Change, Change ပေါ်လစီ အောင်မြင်ကြောင်းကိုလည်း သက်သေပြလိုက်တာပါပဲ။ သူ့ရဲ့ Change နဲ့ NLD ရဲ့ ပြောင်းလဲချိန်တန်ပြီတို့ နေနဲ့လ ရွှေနဲ့မြပမာ နှစ်ပါးဂဟေဆက်တာကို လက်တွေ့ သက်သေပြတာဆိုလည်း မမှားပေဘူးပေါ့။ (ပေါက်ဖော်မှ မဟုတ်ပါဘူး။ အန်ကယ်ဆမ်ဆိုတာကလည်း ဒီလိုပဲဆိုတာ ဗမာပြည်သူတွေ ရင်သပ်ရှုမောခဲ့ရပါပြီ ခင်ဗျာ)

မောင်မှန်ကတော့ အရမ်းကြီးလည်း အပြစ်မတင်ဝံ့ပါ။ ပြောင်းလဲချိန်တန်ပြီတွေအလိုကျ Change က လိုက်လျောရတာလည်း ဖြစ်နိုင်ပါတယ်။ စက်တင်ဘာ (၂၇)ရက်မှာ ကျင်းပတဲ့ NLD ပါတီ ထူထောင်တာ ၂၈ နှစ်ပြည့် အခမ်းအနားမှာ NLD နာယက ဦးတင်ဦးက "တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က အပေါ်စီးက နေရာရသွားပြီး ကျန်တဲ့ အစုအဖွဲ့တွေအပေါ် အားလုံးအပေါ် စီမံခန့်ခွဲနေခြင်းကိုလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် အမျိုးသား ရင်ကြားစေ့ရေးကို အစားထိုး ဖော်ပြဖို့ ဝေါဟာရမရှိနိုင်သလို အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စကို မအောင်မြင်ဘဲနဲ့တော့ ဘယ်လို ပြုပြင်ပြောင်းလဲမှုမျှ ကျနော်တို့ ဆက်လက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။ (သိပ်မကြာသေးခင်တုန်းကလည်း တပ်မတော်ကို ဘယ်တော့မှ မဝေဖန်တော့ဘူးလို့ ပြောခဲ့ပါသေးတယ်။)  စကားက နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ တစ်ခါတည်း ပြောရမှာကို အဓိပ္ပါယ်နှစ်မျိုး တွေ့နေရပါတယ်။ အဖွဲ့အစည်းတစ်ခုက အများအပေါ် အပေါ်စီးကနေ စီမံခန့်ခွဲမှုမျိုးကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ဘယ်အဖွဲ့အစည်းက ဘယ်မှာ ဘယ်လိုနေရာ ရထားတယ်ဆိုတာ အများသိပြီးသား။ မောင်မှန် ရှည်လျားမနေတော့ဘူး။ တစ်ခါ အမျိုးသားရင်ကြားစေ့ရေး မအောင်မြင်ရင် ဘာမှ ဆက်လုပ်လို့ မရဘူးလို့လည်း ပြောပြန်ရော။ အမျိုးသားရင်ကြားစေ့ရေးဆိုတာလည်း ဘယ်သူနဲ့ဘယ်သူအကြား လုပ်ရမယ့် အရာဆိုတာ ပြည်သူများ နားလည်ပြီးသားပါ။ ကဲ ဒါဆိုရင်ဖြင့် အပေါ်စီးက စီမံတာလည်း လက်မခံနိုင်ဘူး။ အပေါ်စီးကလူတွေနဲ့ သင့်မြတ်မှလည်း ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နိုင်မယ်ဆိုတဲ့ အဆိုနှစ်ရပ်ဟာ စကားတစ်ခွန်းထဲမှာတင် ထပ်ရှုပ်နေပါပြီ။ အပေါ်ကလူတွေကို လက်မခံနိုင်လို့ ကိုယ်နဲ့ တစ်တန်းတည်းဖြစ်အောင် ဆွဲချရင် အပေါ်ကလူတွေက လက်ခံမှာမဟုတ်တာ သေချာပါတယ်။ ဗေဒင်မေးစရာ မလိုပါဘူး။ ဒီလိုပဲ နေလာခဲ့ကြတာ နှစ်ငါးဆယ်ကျော်ပါပြီ။ အပေါ်ကလူတွေကို အပေါ်ကအတိုင်း (ခုအတိုင်း)လေးပဲ ထားမယ်ဆိုရင်တော့ အမျိုးသားသင့်မြတ်ရေးသာမက အမျိုးသမီး သင့်မြတ်ရေး၊ သားသမီးသင့်မြတ်ရေးတွေအထိ အိုကေမှာ စိုပြေပါပဲ။ ဒါပေမဲ့ အဲဒီလိုဆိုရင်လည်း ဘာပြုပြင်ပြောင်းလဲရေးမှ လုပ်နိုင်မှာ မဟုတ်တာကို လက်တွေ့ အဖြေတွေက ပြနေပါပြီ။

ဘယ်လောက် စိတ်ရှုပ်စရာ ကောင်းလိုက်ပါသလဲခင်ဗျာ။ အနှစ်ချုပ်ပြီး ပြောပြရရင် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း မလိုချင်၊ ပြင်ဖို့လုပ်ရင်လည်း ငြိုငြင်မှာစိုး ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒါ အခုမှ မဟုတ်ပါဘူး။ ဖြစ်လာခဲ့တာ ကြာပါပြီ။ လင်တော့လိုချင်ပြီး ကလေးမွေးရမှာ ကြောက်သလို ဖြစ်နေပါတယ်။ တလောတုန်းကလည်း လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်က ပြောခဲ့ပါသေးတယ်။ ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံပြင်လို့ ရမတဲ့။ အခုလည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးရမှ ရှေ့ဆက်လို့ ရမတဲ့။ တကယ်ပြောလိုရင်းက အဲဒါပါ။

ဒီတော့ကာ အမျိုးသားရင်ကြားစေ့ဖို့အတွက် (လက်ဆောင်ပဏ္ဏာတော် ဆက်ရတဲ့အနေနဲ့) ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ အမေရိကန်ကို တောင်းဆိုပေးခဲ့ရတာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် အမေရိကန်ကိုချည်း မောင်မှန် အပြစ်မတင်ချင်တာပါ။ ပြောကြတဲ့စကားတွေတော့ ရှိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် လတ်တလော ပြည်ပရောက်တုန်း ပြောခဲ့တာတောင် ရှိသေး။ မြန်မာနိုင်ငံမှာ စစ်တပ်က လွှမ်းမိုးထားဆဲပါပဲတဲ့။ သို့သော်လည်းပေါ့လေ။။

ခေါင်းဆောင်တွေအနေနဲ့ အဓိပ္ပါယ်အမျိုမျိုးထွက်တဲ့ စကားတွေကို ပြောဆိုနေခြင်းဟာ မောင်မှန်တို့လို သာမန်ပြည်သူတွေကို မျက်စိလည်စေပါတယ်။ အချိန်ကြာ၊ အပြောကြာလာတာနဲ့အမျှ ဘာမှကို နားမလည်နိုင်တော့ပါဘူး။ ခေါင်းဆောင်တွေအပေါ် ယုံကြည်ကိုးစားမှုလည်း ကျဆင်းလာတာ အမှန်ပါ။ ဖိုးသူတော် မျက်စိလည်လေ ဆွမ်းဆန်ရလေဆိုတာမျိုး မဟုတ်ဘဲ ပြည်သူမျက်စိလည်လေ စစ်အာဏာရှင် ဆွမ်းဆန်ရလေ ဖြစ်မှာပါ။

ဘာတွေပြောနေပြောနေ NLD အစိုးရအနေနဲ့ကတော့ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေးတွေ အကြီးအကျယ် ဆောင်ရွက်နေတယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားပုံပါပဲ။ လွှတ်တော်ကိုတောင် ပါတီကနေတစ်ဆင့် မသိမသာ အမှားပါတာမျိုး တွေ့ရတယ်။ လွှတ်တော် ဇမ္ဓူသီရိခန်းမမှာ အောက်တိုဘာ ၄ ရက်က ကျင်းပတဲ့ NLD ထိပ်တန်းခေါင်းဆောင်တွေနဲ့ NLD လွှွတ်တော်ကိုယ်စားလှယ်တွေ   တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး "ပါတီခေါင်းဆောင် ဦးဝင်းထိန်က လွှတ်တော်က လုပ်ငန်းတွေလည်း ပီပီပြင်ပြင်၊ အုပ်ချုပ်ရေးလည်း ပီပီပြင်ပြင် ပြည်သူရဲ့ ရည်မှန်းချက်တွေ ထိရောက်ဖို့အတွက် အစိုးရလုပ်နေတာကို လွှတ်တော်ကဏ္ဍကနေပြီးတော့ တက်နိုင်သမျှ ကူညီပံ့ပိုးဖို့ အဲဒီကိစ္စတွေပါ" လို့ ပြောပါတယ်။ (အဲဒီပွဲကနေပဲ အစိုးရ အကျပ်အတည်းဖြစ်စေမယ့် မေးခွန်းတွေ မမေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပါတယ်။ NLD ခေါင်းဆောင်တွေကတော့ မဟုတ်ကြောင်း ငြင်းပါတယ်)

ဦးဝင်းထိန်ရဲ့ စကားကို ထောက်ချင်ရင် အထက်က စကားအဓိပ္ပါယ် နည်းနည်းတော့ ပါပါတယ်။ အစိုးရလုပ်တာကို လွှွတ်တော်က တတ်နိုင်သမျှ ကူညီဖို့ဆိုတာကို စဉ်းစားကြည့်ရင် အစိုးရ အဖြေမကျပ်စေမယ့် မေးခွန်းတွေပဲ မေးခြင်းဟာ အစိုးရကို ပံ့ပိုးရာရောက်တာပေါ့ခင်ဗျာ။ ဟုတ်ဖူးလား။ ဥပမာအားဖြင့် ကချင်ဆရာမလေးနှစ်ယောက် အမှုက ဘယ်တော့ပေါ်မှာလဲ။ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းဖို့ ရှိ မရှိ၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်ခြင်းဟာ ခရိုနီများနဲ့ ပြည်သူများ ဘယ်သူက အကျိုးပိုများမလဲ၊ စတဲ့ မေးခွန်းတွေ မေးမိရင် အစိုးရ ကျပ်မလား၊ ချောင်မလား ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။

တို့ခရိုနီတွေ ကြီးပွားသထက် ကြီးပွားတော့မှာ မောင်မှန် ဝမ်းသာပါတယ်။ လင်လိုချင်ပြီး ကလေးမွေးရမှာ ကြောက်တာတော့ မောင်မှန် နားမလည်ပါ။ လွှတ်တော်အစိုးရကို ညာဖက်မလှည့်ပါနဲ့၊ ဘယ်ဖက်ကိုလှည့်ပါ။ ပုလင်းအဖုံးဆိုတာ ညာကို လှည့်ရင် ကျပ်ပြီး ဘယ်ကိုလှည့်မှ ချောင်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly