သမ္မတဖြစ်ပါက အီးမေးလ် ပေါက်ကြားမှုအရ ဟီလာရီကို ထောင်ချရမည်ဟု ထရန့်ပြော

သမ္မတဖြစ်ပါက အီးမေးလ် ပေါက်ကြားမှုအရ ဟီလာရီကို ထောင်ချရမည်ဟု ထရန့်ပြော

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၁၀ ။        ။ ရီပတ်ဘရီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်တို့ အောက်တိုဘာ ၉ ရက်က ဒုတိယအသုတ် စကားစစ် ထိုးပွဲ ယှဉ်ပြိုင်ရာတွင် ဒေါ်နယ်ထရန့်က သူသာ သမ္မတဖြစ်ပါက ဟီလာရီကလင်တန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်ချိန်က ကိုယ်ပိုင်အီးမေးလ်ကို အသုံးပြုခဲ့ခြင်းအတွက် ထောင်ချမည်ဖြစ်ကြောင်း ပြောဆိုသည်။

သမ္မတအိုဘားမား လက်အောက် သံတမန် အကြီးအကဲအဖြစ် ၂၀၀၉-၂၀၁၃ အတွင်း တာဝန်ယူရချိန် ဟီလာရီအနေဖြင့် ကိုယ်ပိုင်မေးလ်သုံးခြင်းဖြင့် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေခြင်း   ကြောင်း  အထူးရှေ့နေခန့်အပ်က ယင်းကိစ္စအပေါ် ကိုင်တွယ်ခိုင်းမှာဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောသည်။

“ခင်ဗျားအနေနဲ့ ကိုယ်ဘာသာ ပြန်ရှက်သင့်တယ်။”ဟု စကားစစ်ထိုးပွဲ၌ ဟီလာရီအား ထရန့်က ပြောလိုက်သည်။ ထရန့်က ပင်ကိုစရိုက်ကြောင့် အိမ်ဖြူတော်ကို ရောက်လာမှာ မဟုတ်ဟု ဟီလာရီက   ပြန်ပြောရာ “ခင်ဗျားကတော့ ထောင်ထဲမှာ ရှိနေမှာပါ။”ဟု ထရန့်က တုံ့ပြန်ပြောဆိုသည်။

ဒေါ်နယ်ထရန့်က အမျိုးသမီးများနှင့် ပတ်သက်ပြီး မဖွယ်မရာပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ကာ ၎င်းအနေနဲ့ အရှက်ရကြောင်းပြောဆိုပြီး ရည်ရွယ်ရင်းမရှိ ပေါက်ပန်းဈေးပြောဆိုမှုသက်သက်သာ ဖြစ်ကြောင်း ဆိုသည်။

၂၀၀၅ ခုနှစ်က ယင်းသို့ပြောဆိုခဲ့သည့် ဗီဒီယို ထွက်ပေါ်ပြီးနောက် ပါတီတွင် မလိုလားမှုများနှင့် ရင်ဆိုင်နေရသည့် ဒေါ်နယ်ထရန့်က ဟီလာရီကလင်တန်၏ ခင်ပွန်းဖြစ်သော သမ္မတဟောင်း ဘီလ်ကလင်တန်က အမျိုးသမီးများအပေါ် ဆိုးဝါးသူဖြစ်ကြောင်း ဆိုသည်။ “ကျွန်တော်က စကားအဖြစ်ပဲ ပြောတာ။ သူကတော့ လက်တွေ့ပါ ပါတယ်။”ဟု ဘီလ်ကလင်တန်နှင့် ပတ်သက်ပြီး ထရန့်က    ပြောလိုက်သည်။

ဟီလာရီကလင်တန်ကလည်း အမျိုးသမီးများအပေါ် ထရန့်၏ မှတ်ချက်စကားများက အိမ်ဖြူတော်နှင့် ထိုက်တန်သူမဟုတ်ကြောင်းကို ပြသနေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရွေးကောက်ပွဲနီးချိန် ထွက်ပေါ်လာခဲ့သည့် အဆိုပါ ဗီဒီယိုဖိုင်တွင် ထရန့်က “ခင်ဗျားတို့အနေနဲ့ ထင်ရှားတဲ့သူဖြစ်လာရင် မိန်းမတွေအပေါ် ဘာမဆိုလုပ်လို့ရတယ်။”ဟု  ဒေါ်နယ်ထရန့်က ပြောဆို  ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly