လူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်ဥပဒေနဲ့ ပြည်သူ့အသိတရား

လူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်ဥပဒေနဲ့ ပြည်သူ့အသိတရား
ဓာတ်ပုံ-မျိုးသူအောင်

အင်းဝအပ်ချုပ်ဆိုင် အလုပ်သမားကလေးနှစ်ယောက်အပေါ် နှိပ်စက်မှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ဝင် လေးဦးဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါ်မြမြနဲ့ ဒေါက်တာဒေါ်သန်းနွဲ့တို့ကို သမ္မတရုံးက အောက်တိုဘာလ (၆) ရက်နေ့က သူတို့ရဲ့ဆန္ဒအလျောက် နူတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒီလိုထွက်ခွင့််ပြုလိုက်တဲ့အပေါ် ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတဲ့ ထင်မြင်ယူဆချက်တွေက နောက်ဆက်တွဲပေါ်လာပါတော့တယ်။

ဒီလိုထွက်ခွင့်မပေးသင့်ဘူး၊ တရားဥပဒေအရ အရေးယူဆောင်ရွက်သင့်တယ်ဆိုတဲ့အသံတွေ ပေါ်လာပါတယ်။ အိမ်လုပ်သားကလေးနှစ်ယောက်အမှုအပေါ်မှာ အမှန်တရားအတိုင်း   ဖြစ်စေချင်ကြတဲ့ ပြည်သူတွေကတော့ ဒီလိုထွက်ခွင့်ပေးတာမလုံလောက်ဘူးလို့ ပြောကြပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ထောက်ခံမှုအများဆုံးရရှိခဲ့တဲ့ အဆိုလို့တောင်ပြောလို့ရနိုင်တဲ့ လူ့အခွင့်အရေးကော်မရှင်များကို ထိုက်သင့်သလိုအရေးယူရန်ဆိုတဲ့ အဆိုကို ဒီလို နုတ်ထွက်ခွင့်ပြုတယ်မျိုးနဲ့လုပ်ဆောင်တာဟာ သင့်တင့်လျောက်ပတ်တဲ့ အရေးယူမှုဟုတ်ရဲ့လားလို့   ထောက်ပြကြပါတယ်။

ဒီနေရာမှာ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်အမှတ် ၅၆/၂၀၁၆ ထဲမှာ ဖော်ပြထားတာကို လေ့လာကြည့်စေချင်ပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ “လူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ (၁၇) ပါပြဌာန်းချက်အရ” ယင်းတို့ရဲ့ ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်သည် လို့ ရေးသားထားပါတယ်။

ဒါကြောင့် ဒီလိုလုပ်ခွင့်ရှိတဲ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေဆိုတာကို လေ့လာဖို့လိုအပ်လာပါပြီ။

ကော်မရှင်ဆိုတာ ကော်မရှင်ဥပဒေနဲ့ လုပ်ကိုင်ရတာဖြစ်ပါတယ်။ ဒီကော်မရှင်ဥပဒေဆိုတာ ကော်မရှင်ဆိုတာ ဘယ်လိုရည်ရွယ်ချက် လုပ်ပိုင်ခွင့်တွေနဲ့ လုပ်ဆောင်ရမလဲ။ ကော်မရှင်ဝင်တွေကို ဘယ်လို ရွေးချယ်ရမလဲ။ ဘယ်လိုအချိန်မှာ နုတ်ထွက်နိုင်မလဲ။ လူ့အခွင့်အရေးဆိုင်ရာ ဘယ်လိုလုပ်ငန်းမျိုးတွေကို လုပ်ဆောင်နိုင်သလဲ၊ ဘယ်လိုလည်ပတ်ရမလဲဆိုတာတွေကို အတိအလင်းဖော်ပြ ရေးသားထားတာဖြစ်ပါတယ်။ အစိုးရတရပ်ကို နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထိန်းကျောင်းထားသလို ကော်မရှင်ကိုလဲ ကော်မရှင်ရဲ့ ဥပဒေနဲ့ လမ်းညွန်ထိမ်းညှိထားတာဖြစ်ပါတယ်။

ကော်မရှင်ဥပဒေရဲ့ အပိုဒ် (၁၇) မှာ “ကော်မရှင်ဥက္ကဌမှအပ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်းကို ကော်မရှင်ဥက္ကဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” လို့ဆိုထားပါတယ်။ ဆိုလိုချက်က    ကေ်ာမရှင်ဝင်တွေက   နုတ်ထွက်လိုတယ်လို့ တင်ပြလာရင် သမ္မတကြီးရဲ့ ခွင့်ပြုချက်နဲ့ နုတ်ထွက်ခွင့်ပြုနိုင်တယ်လို့ ဆိုထားတာပါ။ ဒါကြောင့် ဥပဒေအရ လုပ်ပိုင်ခွင့်အတိုင်း လုပ်ဆောင်သွားတာဖြစ်ပါတယ်။

ပြည်သူတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တခဲနက်တောင်းဆိုတဲ့အတိုင်း ကော်မရှင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ အားနည်းလို့ အရေးယူပေးပါဆိုတဲ့ တောင်းဆိုချက်အတိုင်း ဘာလို့အရေးမယူတာလဲဆိုတဲ့ မေးခွန်းရှိလာနိုင်ပါတယ်။ ပေးအပ်ထားတဲ့ တာဝန်မကျေပြွန်တာနဲ့ မဖြစ်သင့်တဲ့ ဆုံးဖြတ်ကြေအေးမှုကို လက်ခံလိုက်တာဟာ ကော်မရှင်ဝင်တွေရဲ့ အရည်အချင်းစိတ်ဓာတ်မပြည့်ဝမှုကို ဖော်ပြနေပါတယ်။ ဒါကို အရေးယူသင့်တယ်လို့လည်း တောင်းဆိုနေခဲ့ကြပါတယ်။ ဘာကြောင့် အရေးမယူခဲ့တာလဲဆိုတာကို သိချင်ရင် ကော်မရှင်ဥပဒေ အပိုဒ် (၆၂) မှာ လေ့လာနိုင်ပါတယ်။ အပိုဒ် (၆၂) မှာ ဆိုထားတာက “ဤဥပဒေအရ ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ရန်ပျက်ကွက်ခြင်းနှင့် သဘောထားမှတ်ချက်ပေးခြင်း သို့မဟုတ် ထင်မြင်ချက်ပေးခြင်း ထို့အတွက် ကော်မရှင်ကိုဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင်ကိုဖြစ်စေ၊ ကော်မရှင်က တာဝန်ပေးအပ်ခြင်းခံရသူကိုဖြစ်စေ   ပြစ်မှုကြောင်းအရာသေ်ာလည်းကောင်း တရားမကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခြင်းမပြုရ။” ဖြစ်ပါတယ်။ ကိစ္စတခုခုမှာ   ကော်မရှင်ဝင်တယောက်ယောက်က  လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်၊ ပြောဆိုချက်မှားသွားသည့်တိုင်အောင် “သဘောရိုး”ဖြစ်ရင် ဘယ်လိုမှ အရေးယူလို့မရအောင် ကော်မရှင်ဥပဒေ (၆၂) က အပြည့်အ၀ ကာကွယ်ပေးထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အရေးယူတယ်လို့လဲ ပြောလို့ရအောင်၊ တဖက်ကလဲ ကော်မရှင်ဝင်တွေကို ကာကွယ်ထားပေးတဲ့ ဥပဒေကိုလည်း မကျော်လွန်ရအောင် ကုလားဖန်ထိုးဖြေရှင်းလိုက်တယ်လို့ မြင်မိပါတယ်။

ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးကော်မရှင်အကြောင်းကို ပြောမယ်ဆိုလို့ရှိရင် ကော်မရှင်ရဲ့ဥပဒေကိုလဲ မမေ့မလျော့သိထားဖို့ လိုအပ်တယ်လို့ယူဆပါတယ်။   ကော်မရှင်တခုကို ဘယ်လို ဖွဲ့စည်းရမလဲ၊ ဦးတည်ချက်တွေက ဘာတွေလဲ၊ ကော်မရှင်တွေကို ဘယ်လို ရွေးချယ်ခန့်အပ်ရမလဲ။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေဘာတွေလဲ ဆိုတဲ့ အချက်ကို ကော်မရှင်ဥပဒေထဲမှာ ဖော်ပြထားလေ့ရှိပါတယ်။   ကော်မရှင်ဥပဒေဆိုတာ ရှင်းရှင်းပြောရရင် နိုင်ငံတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလိုပါဘဲ။ နိုင်ငံအစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေက ထိန်းကျောင်းသလို ကေ်ာမရှင်ကလဲ ကေ်ာမရှင်ဥပဒေ ထိန်းကျောင်းပါတယ်။ ဥပဒေကောင်းရင် ကော်မရှင်ရဲ့ လုပ်ဆောင်စွမ်းဆောင်နိုင်မှုကောင်းနိုင်ပါတယ်။ ကော်မရှင်ဥပဒေကိုယ်တိုင်က မကောင်းဆိုရင်တော့ ကော်မရှင်ရဲ့ လုပ်ဆောင်စွမ်းဆောင်မှုတွေ အားနည်းတတ်ပါတယ်။ ဒါကြောင့် အခုဖြစ်ပျက်နေတဲ့ကိစ္စတွေမှာ ကေ်ာမရှင်ဝင်တွေရဲ့ အားနည်းချက်တွေကိုလဲ ထောက်ပြဖို့လိုသလို ကော်မရှင်ဥပဒေရဲ့ အားနည်းချက်တွေကို လေ့လာမိဖို့ လိုအပ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်ဆိုတာ အမှန်တော့  နိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကာကွယ်ပေးဖို့နဲ့ မြှင့်တင်ပေးဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတတ်ကြတာကို တွေ့ရပါတယ်။ ဘယ်လိုမျိုးဖွဲ့စည်းရမလဲဆိုတာကို တော့ တချို့နိုင်ငံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းလေ့ရှိသလို တချို့နိုင်ငံတွေကတော့ လွှတ်တော်ကနေပြဌာန်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းတာမျိုးရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကတော့ ၂၀၁၄ ခုနှစ် မတ်လ (၂၈) ရက်နေ့မှာ  လွှတ်တော်က အတည်ပြုပြဌာန်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အခုကေ်ာမရှင်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်မှာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှဆယ်နိုင်ငံမှာ ငါးနိုင်ငံမြောက်ဖွဲ့စည်းလာခဲ့တဲ့ ကော်မရှင်ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ဥပဒေထဲမှာ ထောက်ပြစရာအချက်တခုက ကော်မရှင်ဝင်တွေကို ရွေးချယ်တင်မြှောက်မှုအပိုင်းဖြစ်ပါတယ်။ ဥပဒေရဲ့အပိုဒ် (၆) အရ ကော်မရှင်ဝင်တွေကို စိစစ်ရွေးချယ်ရေးကော်မတီကနေ ရွေးချယ်ပြီး အပြီးသပ်ရွေးချယ်မှုကို သမ္မတကနေ လုပ်ဆောင်ရမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ဒီစိစစ်ရွေးချယ်ရေးကော်မတီမှာ ဘယ်သူတွေကို ခန့်အပ်ထားလဲဆိုတာ ဘယ်သူမှ မသိရပါဘူး။ ဒီကော်မတီဝင်တွေက ဘယ်သူတွေကို ကော်မရှင်အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်သင့်တယ်ဆိုတဲ့အပေါ် ပြည်သူတွေက ဘယ်လိုမှ အကြံမပြုနိုင်ပါဘူး။

အမှန်တကယ်ဆိုရင် ကိုယ့်ရဲ့လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကာကွယ်မြှင့်တင်ဖို့ တာဝန်ရှိသူတွေကို ရွေးချယ်ရာမှာ ပြည်သူတွေ လက်ခံယုံကြည်လေးစားသူတွေဖြစ်ဖို့ လိုအပ်လှပါတယ်။ ပြည်သူတွေက ယုံကြည်မှ ကော်မရှင်ကို လေးစားအားကိုးလာမယ်။ ကော်မရှင်ကို လေးစားယုံကြည်လာမှ လုပ်ဆောင်မှုတွေကို ပူးပေါင်းလာမှာဖြစ်ပါတယ်။   ဒီတော့ ကော်မရှင်ဝင်တွေကို ခန့်အပ်ဖို့ စိစစ်ရာမှာ ပြည်သူတွေရဲ့ အကြံပေးချက်၊ အဆိုပြုချက်တွေကို လေးစားဖို့အတွက်ကေ်ာမရှင်ဥပဒေထဲမှာ စနစ်တကျထည့်သွင်းထားသင့်ပါတယ်။

ကော်မရှင်ဝင်တွေကို ရွေးချယ်ခန့်အပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ အကြံပေးချက်၊ အဆိုပြုချက်တွေကိုဘာကြောင့်ထည့်သွင်းစဉ်းစားဖို့ လိုအပ်သလဲဆိုရင် ဒါဟာ ပြည်သူ့အခွင့်အရေးတရပ်ဖြစ်လို့ပါဘဲ။ တိုင်းပြည်ရဲ့အုပ်ချုပ်မှုအစိုးရကို ပြည်သူတွေက မိမိဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခွင့်ရှိသလို ကိုယ့်အတွက် ကာကွယ်ပေးဖို့တာဝန်အပ်နှင်းထားခံရမယ့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဝင်တွေကိုလည်း ပြည်သူတွေက ခန့်အပ်နိုင်ဖို့လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ပြည်သူတဦးချင်းရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့တာဝန်ရှိသလို အုပ်ချုပ်ရေးဆိုင်ရာအစိုးရအနေနဲ့ လူ့အခွင့်အရေးတွေကို စွမ်းစွမ်းတမံလေးစားလိုက်နာဖြည့်ဆည်းပေးလာဖို့အတွက် စောင့်ကြပ်အကြံပြုနိုင်လို့လည်း ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့လူ့အခွင့်အရေးအတွက် မားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးနိုင်မယ့် သူမျိုးကို လိုအပ်ကြပါတယ်။ “မလှုပ်၊ မရူတ်၊ မပြုတ်”ဆိုတဲ့ပုံစံမျိုးနဲ့ တိုင်းပြည်ဘဏ္ဍာငွေကို ထိုင်ဖြုန်းမယ့်   လူ့အခွင့်အရေးကော်မရှင်မျိုးကို မလိုလားကြပါဘူး။ ဒီအတိုင်း ထိရောက်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မယ့် ကော်မရှင်တွေကို ပြည်သူက အကြံပြုရွေးချယ်မှသာ လူမှန်နေရာမှန်ဖြစ်ပါတယ်။

ဘာမှမသိဘဲ မိုးပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ်တွေကို တာဝန်ပေးစေခိုင်းမှုကြောင့် တိုင်းပြည်လည်း ကမောက်ကမဖြစ်ခဲ့ရပါပြီ။ လူ့အခွင့်အရေးအကြောင်းနားမလည် ပြည်သူကို ကာကွယ်ပေးရမယ်ဆိုတဲ့ စိတ်ထားမျိုးမရှိတဲ့သူတွေသာ ဆက်လက်တာဝန်ယူပါဝင်နေမယ်ဆိုရင် ကော်မရှင်ဟာ “စက္ကူကျား”သာသာ ကော်မရှင်သာဖြစ်နေပါအုန်းမယ်။ လူထုရဲ့ ယုံကြည်အားကိုးလိုစိတ်တွေ၊ ပူးပေါင်းလုပ်ဆောင်လိုစိတ်တွေ ရရှိမှာ မဟုတ်ပါဘူး။

လူ့အခွင့်ရေးကော်မရှင်ဝင်တွေကို ခန့်အပ်တာဝန်ပေးတဲ့နေရာမှာ တဖက်က လူ့အခွင့်အရေးဆိုင်ရာ ဉာဏ်ပညာနဲ့ အတွေ့အကြုံသက်သက်ကိုသာကြည့်တာ မဖြစ်စေချင်ပါဘူး။

တဖက်မှာ ပညာပြည့်ဝဖို့အရေးကြီးသလို တဖက်မှာလည်း သီလရှိဖို့လိုပါတယ်။ သီလတရားလို့ဆိုရာမှာ ကိုယ်ကျင့်သီလတရားအပြင် လူ့အခွင့်အရေးသီလတရားကလည်း အရေးကြီးပါတယ်။ လူ့အခွင့်အရေးသီလဆိုတာကတော့ လူ့အခွင့်အရေးသဘောတရားအပေါ် လေးစားမြတ်နိုးမှု၊ လူ့အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်လိုတဲ့စိတ်ရှိမှု၊ လူ့အခွင့်အရေးယဉ်ကျေးမှုထွန်းကားရေးအတွက် သံဓိဌာန်ချထားမှုတွေ ဖြစ်ပါတယ်။ လူ့အခွင့်အရေးလို့ပြောလိုက်ရင် လူတိုင်းအပေါ်ခွဲခြားမှုမရှိတဲ့အမြင်တွေ စိတ်ထားတွေလိုအပ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုလို့ကြားလိုက်ရင် အမှန်တရားနဲ့ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်လိုချင်တဲ့ စိတ်ဓာတ်တွေလိုပါတယ်။ လူ့အခွင့်အရေးအတွက် လုပ်ဆောင်ရအောင်လို့ဆိုလိုက်ရင် လူကိုလူချင်း ခွဲခြားခြင်း၊ အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်းတွေကို ပယ်ရှားပြီး  ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တရားမျှတရေးတွေကို လုပ်ဆောင်ခြင်းလို့ သိရှိနားလည်ဖို့လိုအပ်ပါတယ်။ 

ဒီလိုစိတ်ထားပိုင်ရှင်တွေ လူ့အခွင့်အရေးကော်မရှင်မှာ နေရာရလာဖို့နဲ့ ကော်မရှင်ဝင်တွေရဲ့ လုပ်ဆောင်မှုကို ထိရောက်ထက်မြက်အောင်စွမ်းဆောင်ပံ့ပိုးပေးနိုင်မဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေတွေ ပြန်လည်ပေါ်ပေါက်လာစေဖို့ ပြည်သူတိုင်း ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့။

(အောင်မျိုးမင်းသည် လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလှုပ်ရှားမှုအဖွဲ့ Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly