မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - ၄

မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - ၄

အခု ကျွန်တော် မဖြိုးဖြိုးအောင်ကို မေးပါရစေ။ ကျွန်တော်တို့ ဒီစာသင်ခန်းတွေက ပြီးခဲ့တဲ့ အစိုးရကပဲဖြစ်ဖြစ် အခု အစိုးရအနေနဲ့ပဲဖြစ်ဖြစ် စာသင်ခန်းတွေက မလွတ်လပ်သေးဘူးလို့ ဆရာ/ဆရာမတွေ ဆွေးနွေးခဲ့တဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် ကောက်ချက်ချလို့ရပါတယ်။ အဲဒီတော့ လွတ်လပ်တဲ့စာသင်ခန်းတွေဖြစ်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ဘာတွေလိုမလဲ။ အစိုးရအနေနဲ့လည်း ဘာတွေလုပ်ပေးသင့်သလဲ။ ကျွန်တော်တို့ကရော ဘာတွေလုပ်ရမလဲ။

မဖြိုးဖြိုးအောင်

ဒီမိုကရေစီအရေးနှင့် ကျောင်းသားအရေး လှုပ်ရှားသူ

ဆရာ/ဆရာမတို့ပြောတာ အများကြီး ပြည့်စုံပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ ဆက်ပြီးတော့ စဉ်းစားရမှာတွေက အများကြီးပဲ။ ပြဿနာကို ဖြေရှင်းလို့ရှိရင် တစ်ခုတည်းကိုပဲ စဉ်းစားပြီးတော့ ဖြေရှင်းလို့မရဘူး။ ပြဿနာ အစုံလိုက်ပေါ့နော်။ ဥပမာ သင်ကြားမှု နည်းစနစ်တွေ ပါဝင်မယ်။ ဆရာ/ဆရာမတွေနဲ့ ပတ်သက်ပြီး သင်ကြားမှုပုံစံတွေက အခုလိုမျိုးပဲ ဖတ်စာအုပ်တွေထဲမှာပါတ ဟာတွေကို ပြန်ပြီးတော့ အလွတ်ပြောပြတယ်။ ဒါပေမယ့် အဲလို အပြည့်အဝပြောတာတောင် ဆရာ/ဆရာမတွေတချို့က အပြည့်အဝ နားမလည်နိုင်တဲ့ ဖတ်စာအုပ်တွေ အပေါ်မှာပဲ အလွတ်ကျက် တဲ့ပုံစံမျိုးနဲ့ပဲ ပြန်သင်ပေးတယ်။ ပြီးတော့ အဲဒီကျောင်းသားတွေက အဲဒါကို အလွတ်ကျက်တယ်။ စာမေးပွဲမှာ ပြန်ဖြေတယ်။ အဲဒီစနစ် ဒီသံသရာ လည်နေသရွေ့တော့ ပညာရေးရဲ့ နိမ့်ကျမှုက ဆက်ဖြစ်နေဦးမှာပါပဲ။

သင်ကြားမှုနည်းစနစ်တွေ နောက်တစ်ခုက စာမေးပွဲပုံစံတွေ နောက် သင်ရိုးညွှန်းတန်းတွေ သင်ရိုးညွှန်းတန်းတွေမှာမှ သင်ရိုးညွှန်းတန်း လွတ်လပ်ခွင့်ဆိုတာကို ထည့်ပြီး စဉ်းစားရမှာဖြစ်ပါတယ်။ ကျွန်မတို့ မိခင်ဘာသာစကား ကျွန်မတို့ ပြီးခဲ့တဲ့ ဒီမိုကရေစီ ပညာရေးသပိတ်မှာ ကျွန်မတို့ အချက် ၁၁ ချက်ကို ကျောင်းသားတွေဘက်ကနေပြီးတော့ ပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲဖို့အတွက် အချက် ၁၁ ချက် တင်ပြခဲ့တာ ရှိပါတယ်။ အဲဒီ ၁၁ ချက်ထဲမှာမှ ပညာရေးဥပဒေနဲ့ ပါဝင်နေသလို အချို့သော ပညာရေးစနစ်လိုမျိုး အချက်တွေ ထည့်သွင်းပြီးတော့ ဒီ ပြောင်းလဲမှု သင်ကြားမှုစနစ်တွေ အလွတ်ကျက်ဖြေ  ပညာရေးစနစ်ကို ပြောင်လဲဖို့ ထည့်သွင်းပြီးတော့ တောင်းဆိုထားတာတွေ ရှိပါတယ်။

နောက်တစ်ခုက မိခင်ဘာသာစကား ကိစ္စပေါ့နော်။ ကျောင်းတွေထဲမှာ တချို့ တိုင်းရင်းသား ဒေသတွေမှာ ရှိတဲ့ နယ်စပ်ဒေသတွေမှာရှိတဲ့ ကျောင်းတွေမှာသင်တဲ့ သူတို့ရဲ့ မိခင်ဘာသာစကားကို အတန်းချိန်ပြင်ပမှာ သင်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မတို့ပြောနေတာက ဒီစာသင်ခန်း ထဲမှာပဲ မိခင်ဘာသာစကားကို အခြေပြုပြီးတော့ သင်ကြားဖို့ပါ။ နောက်တစ်ခုက မူလ ကျောရိုးတစ်ခု တည်း ရန်ကုန်မှာသင်တဲ့ တစ်ခုတည်းသော သင်ရိုးညွှန်းတန်းကိုပဲ ရှမ်းပြည်မှာ ရှမ်းဘာသာပြန် တာကိုလည်း သင်ရိုးညွှန်းတန်း လွတ်လပ်ခွင့်လို့ ပြောလို့မရပါဘူး။ ဒါကို မိခင်ဘာသာစကားကို တန်ဖိုးထားတယ်လို့ ကျွန်မတို့အနေနဲ့ ဒါကို ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ဆိုလိုတာက အဲဒီဒေသအလိုက် သင်ရိုးညွှန်းတန်းလွတ်လပ်ခွင့်တွေ အဲဒီဒေသကို ဘာသာစကားအလိုက် စံနှုန်းတစ်ခု သတ်မှတ်ပြီးတော့ NNER ကနေ အကြံပြုထားတာမျိုး မူလတန်းအောက်အဆင့်မှာ ဘယ်လောက်ရာခိုင်နှုန်း၊ မူလတန်း အတထက်အဆင့်မှာ ဘယ်လောက်ရာခိုင်နှုန်း၊ မိခင်ဘာသာ စကားကို သင်ကြားဖို့ ကျွန်မတို့ဘက်ကနေပြီးတော့ တိုက်တွန်းတာမျိုးတွေ ရှိပါတယ်။ ဒါတွေကလည်း အရေးကြီးပါတယ်။

ခုနက ရှေ့ကပြောခဲ့တာကို ပြန်ကောက်လို့ရှိရင် စာသင်ခန်းတွေက ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ဖြစ်ရမယ်ဆိုတာကို စာသင်ခန်းတွေက တစ်ခုနဲ့တစ်ခုက ကွာခြားမှု ဒေသတစ်ခုနဲ့ တစ်ခုက ကွာခြားမှုပေါ်မှာ မူတည်ပြီးတော့ အဲဒီစာသင်ခန်းရဲ့ လိုအပ်ချက်တွေကတော့ ကွာခြားမှုတွေ ရှိကောင်း ရှိနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ခုနကပြောသလို အဲဒီဒေသနဲ့ ကိုက်ညီတဲ့ နောက်တစ်ခုက အဲဒီဒေသနဲ့ ကိုက်ညီတဲ့ စံချိန်စံနှုန်းတွေရယ် နောက်တစ်ခုက ဘယ်လောက်ထိ စာသင်ခန်းတွေမှာ ကျွန်မတို့ လွတ်လပ်စွာ တွေးခေါ်ခွင့်တွေ ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်မလဲ ဆရာ/ဆရာမတွေကိုယ်တိုင်ကိုယ်က လေ့လာမှုတွေ ပိုအားကောင်းတယ် ကျောင်းသားတွေ လေ့လာအားကောင်းအောင် ဘယ်လို တွန်းအားပေးမလဲဆိုတာကလည်း မူတည်ပါလိမ့်မယ်။

 အချုပ်ကတော့ အရေးကြီးဆုံးကတော့ ဥပဒေ။ ပညာရေးဥပဒေကတော့ အရေးကြီးဆုံးပါပဲ။ ပညာရေး မူဝါဒတွေကလည်း အရေးကြီးပါတယ်။ အဲဒီမူဝါဒတွေ ဥပဒေတွေပေါ်မှာ မူတည်ပြီးတော့ တကယ်ကို ကျွန်မတို့ဘက်ကနေ ဒီမူဝါဒတွေ ဥပဒေတွေကို ကြည့်ပြီးတော့ စေတနာရှိရှိ အကောင်အထည်ဖော် နိုင်မယ်ဆိုရင် သိပ်ခက်ခဲတဲ့ကိစ္စတွေ မဟုတ်ဘူးလို့ ကျွန်မတို့အနေနဲ့ ယူဆပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာလဲ ရှေ့အရင် သာဓကတွေ ရှိခဲ့ဖူးတယ်။ ကျွန်မတို့တိုင်းပြည်က အရင်က ပညာရေးလွတ်လပ်ခွင့် ကာလတွေကိုလည်း ဖြတ်ခဲ့ဖူးပါတယ်။ တစ်ခါတစ်လေကျလို့ရှိရင် ကျွန်မတို့တွေ ပြောနေတာက နိုင်ငံတကာ ဘယ်နိုင်ငံတွေမှာ ပြောနေသလဲ တခြားနိုင်ငံတွေကိုပဲ ပြောနေရလို့ရှိရင် ကျွန်မတို့ဘက်က သိပ်ပြီးတော့ စိတ်ကူးမယဉ်ပါနဲ့ သိပ်ပြီးတော့ အားကျမနေပါနဲ့ဆိုပြီးတော့ ကျွန်မတို့ ပြန်ပြီးတော့ ဝေဖန်တာမျိုးတွေလည်း ရှိကောင်းရှိမယ်။ ကျွန်မတို့တိုင်းပြည်ကိုယ်၌က ဒီလိုမျိုး ပညာရေးလွတ်လပ်ခွင့် အာမခံတဲ့ အခြေအနေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ပညာရေးမှာ တကယ်ကိုကောင်းမွန်တဲ့ အခြေအနေတွေ ကျွန်မတို့တိုင်းပြည်မှာ ရှိခဲ့ဖူးပါတယ်။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးတွေကို ပြန်ရအောင်လို့ ကျွန်မတို့ ပညာရေးလွတ်လပ်ခွင့်ကို ပြန်သွင်းရမှာဖြစ်ပါတယ်။

မဇ္ဈိမ

ဆရာ ဦးအာကာမိုးသူခင်ဗျ။ မဖြိုးဖြိုးအောင်က ပြောသွားတယ်ခင်ဗျ ပညာရေးမူဝါဒတွေ ပြောင်းလဲဖို့ ပြီးလို့ရှိရင် ဥပဒေတွေ ပြင်ဖို့ပေါ့နော်။ ဆိုတော့ ဒီ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ရော ဘာတွေများ ဆက်လုပ်သင့်သလဲ။ ဘာတွေများ ဆက်လုပ်ဖို့ လိုအပ်သလဲ။ ခြောက်လပဲဖြစ်ဖြစ်၊ တစ်နှစ်မှာပဲဖြစ်ဖြစ်၊ ဒီအစိုးရသက်တမ်း တစ်လျှောက်လုံးမှာပဲဖြစ်ဖြစ်ပေါ့။

ဦးအာကာမိုးသူ (အထွေထွေ အတွင်းရေးမှူး)

မြန်မာနိုင်ငံ ဆရာများသမဂ္ဂ အဖွဲ့ချုပ်

ဝန်ကြီးဌာနကတော့ တက်လာတဲ့အစိုးရပေါ်မှာပဲ အစိုးရရဲ့ လိုလားချက်ကိုပဲ အကောင်အထည် ဖော်မှာပါပဲ။ ဘာကြောင့်လဲဆိုရင် ဒီဝန်ကြီးတွေ အစိုးရအဖွဲ့တွေဆိုတာက သူက အစိုးရအဖွဲ့က ခန့်ထားတဲ့သူတွေလေ။ အဓိကက ကျွန်တော်တို့ ဖြစ်စေချင်တာက လွတ်လပ်တဲ့ ပညာအဖွဲ့အစည်း ဖြစ်စေချင်တာ။ ကျွန်တော်တို့က အစိုးရတစ်ရပ် တက်လာလိုက် ဒီမှာရှိတဲ့ ဗျူရိုကရေစီယန္တရားက ဒီအစိုးရတစ်ရပ်ကို ဖားလိုက်၊ လိုအပ်တဲ့ဟာကို အကောင်အထည်ဖော်ပေးလိုက်ဆိုတော့ မိအေးနှစ်ခါနာတယ်ဆိုတဲ့ဟာကြီးပဲ ကျွန်တော်တို့ ဖန်တီးဖြစ်တယ်။ နောက်အစိုးရတက်လာလို့ရှိရင်လည်း ဒီအဖွဲ့အစည်းတစ်ခုကလည်း နောက်အစိုးရတစ်ရပ်ရဲ့ လိုအပ်ချက်တွေကိုပဲ အကော်အထည် ဖော်ပေးနေဦးမှာပါပဲ။ အဲဒါက ကုစားချက်တွေ မဟုတ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ တောက်လျှောက်တည်လာတဲ့ ဗျူရိုကရေစီယန္တရားက Report ကောင်းကောင်းရေးတတ်တယ်။ နောက်ပြီးတော့ လူကြီးအကြိုက် နားဝင်ချိုအောင် ပြောမယ်ဆိုရင် Paper တွေလုပ်တတ်တယ်။ လူကြီးစစ်လာလို့ရှိရင် သူက သနပ်ခါးလိမ်းတတ်တယ်။ အဲဒီယဉ်ကျေးမှုကို ကျွန်တော်တို့က မလိုတော့ဘူး။ ကျွန်တော်တို့မှာ ဘာအနာရှိတယ်။ ဘာအပေါက်ရှိတယ်။ အဲဒီအနာကို ဘယ်လိုမျိုး ကုစားကြမလဲ။ ဒီအပေါက်ကို ဘယ်လိုဖာကြမလဲ ဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်းနဲ့ တိတိကျကျ ပြောလိုက်လို့ရှိရင် အရမ်းမြန်မယ်လို့ ကျွန်တော်တို့ မြင်တယ်ပေါ့။

နောက်ပြီးတော့ အဲဒီ တော်တော်များများက ဘာလဲဆိုလု့ိရှိရင် လိုက်ဖုံးတာ ဖုံးတဲ့ယဉ်ကျေးမှုက နေပြီးတော့ ကျွန်တော်တို့ ပြောမယ်ဆိုလို့ရှိရင် ပြည်သူလူထုကို ပညာရေး သားကောင်တွေ သွားဖြစ်တယ်။ အဓိကကတော့ ဝန်ကြီးတစ်ယောက်ဆိုတာ ဝန်ကြီးပဲဖြစ်ဖြစ် ဗျူရိုကရေစီ ယန္တရားမှာရှိတဲ့ တာဝန်ထမ်းဆောင်နေတဲ့သူပဲဖြစ်ဖြစ် တာဝန်ယူမှု တာဝန်ခံမှုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြရမယ်။ ကျွန်တော်တို့ ဒီကာလမှာတော့ ဒီလိုဖြစ်ခဲ့တယ် မအောင်မြင်ခဲ့ဘူး။ ပညာရေးစနစ်က ဒီကာလမှာတော့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်း ထောက်ပြရဲတဲ့ဟာကိုတော့ လိုအပ်လာပြီပေါ့။ အခုက တွေ့ပြီဆိုလို့ရှိရင်လည်း Decision maker တွေက Decision process ပြဿနာလို့ မြင်မယ်ပေါ့။ သူကလည်း တွေ့ပြီဆိုလို့ရှိရင် အစိုးရအဖွဲ့ရဲ့ အရင်ယန္တရားဟောင်းတွေကိုပဲ ပြန်မြင်ရတာပေါ။ ပြောမယ်ဆိုလို့ရှိရင် သူတို့မှ လက်တွေ့မဆန်ဘူးနဲ့ အိပ်မက်တွေချည်းပဲ အများကြီးပြောတာ။ အဲဒီအပေါ်မှာ ဒီလိုအကောင် အထည်ဖော်မှ ရမှာပါ ဒီလိုအကောင်အထည်ဖော်မှ ရမှာပါဆိုတဲ့ ပုံစံအတိုင်း သွားလိုက်လို့ရှိရင် ဒီဘက်ခြမ်းမှာ ယုံကြည်မှုတွေ တော်တော်ပျောက်ဆုံးတယ်။ ပြောရမယ်ဆိုရင် ဒါက တိုင်ပင်မှ လိုအပ်တယ်။ ဆွေးနွေးလို့ရတယ် အကုန်လုံးကပေါ့ အခုလို မီဒီယာကနေပြီးတော့မှ ပြောနေတယ်ဆိုတာက အစိုးရတစ်ရပ်ကို ကျွန်တော်တို့က ပြောနေတာ။ အစိုးရအဖွဲ့တစ်ရပ်က ပြောမယ်ဆိုလို့ရှိရင် ဗျူရိုကရေစီယန္တရားရဲ့ အတွေးအခေါ်အောက်ကို ရောက်နေတယ်။ ကိုယ်က ဒီမိုကရေစီကို ဦးဆောင်တဲ့သူက အရင် ဗျူရိုကရေစီယန္တရားအောက်ကို ရောက်နေလို့ရှိရင် ကိုယ်ညံ့တယ်။ ကျွန်တော် ဒီကနေပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် အဲဒီသဘော တရားရှိတယ်။ ဒါဆိုလို့ရှိရင် ကိုယ့်ဒီမိုကရေစီယန္တရားကို သွားရင် ဒီယန္တရားက ဒီယန္တရားကို ကိုယ့်အောက်မှာ ဘယ်လိုလည်ပတ်အောင် စီးဆင်းမလဲဆိုတဲ့ အိုင်ဒီယာကို ဒီမိုကရေစီစနစ်က တည်ဆောက်ထားဖို့လိုတယ်။ ကျွန်တော်ကတော့ အဲလိုမြင်တယ်။

မဇ္ဈိမ

ဒါ ကျွန်တော်တို့ ထောက်ပြ ပြန်ပြောဆိုပြရရင်တော့ ကျွန်တော်တို့ ဒီ နှစ်ပေါင်းများစွာ အစိုးရ တစ်ရပ်က အင်မတန်မှ ဆိုးရွားတဲ့အခြေအနေကနေပြီးတော့ ရုန်းထွက်လာတယ်။ ဒါပေမယ့် နည်းနည်းပဲ ကာလကလည်း နည်းနည်းပဲ ရှိသေးတဲ့အခါကျတော့ ကျွန်တော်တို့က ထောက်ပြ ပြောလို့ရှိရင်လည်း အစိုးရမကောင်းဘူးလို့ပဲ ပြောနေတဲ့အခါကျတော့ ကျွန်တော်တို့ ကိုယ်တိုင် ကလည်း ဘာများလုပ်ပေးနိုင်မလဲ။ ဥပမာ NNER လို အဖွဲ့အစည်းမျိုး။ NGO အဖွဲ့အစည်းမျိုးတွေက ပညာရေးစနစ် ကောင်းလာဖို့အတွက် ကိုယ်တိုင်ကရော ဘာများ လုပ်ပေးနိုင်မလဲ။

ဒေါ်သူသူမာ (အဖွဲ့ဝင်)

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

လိုပါတယ်။ ပညာရေးကလည်း အားလုံးနဲ့ သက်ဆိုင်ပါတယ်။ နောက်ပြီးတော့ ဒီကနေ့ ဒီလိုအချိန်မှာ တိုင်းပြည် ထူထောင်းရေးလုပ်နေတဲ့ ကာလမျိုးမှာ ဒီဟာက အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် အတူတကွ ထိုင်ပြီးတော့ ဖြေရှင်းစရာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းတာဟာ အကောင်းဆုံး ဖြေရှင်းနိုင်တဲ့နည်းလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ NNER အနေနဲ့ သုံးနှစ်ကျော် လေးနှစ်ကျော် ကာလကတည်းက ခုနက ဆရာအာကာလည်း ထောက်ပြတယ်။ ကျွန်မ တစ်ခုထောက်ပြချင်တာက ဆရာအာကာပြောသွားတဲ့အထဲမှာ ကျွန်မက ဘယ်လိုပြောမလဲ ထောက်ခံပြီးတော့ ဆွေးနွေးချင်တာပါ။ ကျွန်မတို့က ဒီမိုကရေစီ ပညာရေးစနစ်ကို ထူထောင် ချင်တယ်။ အဲတော့ ကျွန်မတို့ ဒီမိုကရေစီ ပညာရေးစနစ်နဲ့အတူ အဲဒါကို ပံ့ပိုးမှုဖြစ်တဲ့ သူ့နယ်ပယ် တိုင်းမှာ အတွေးအခေါ်တွေ ပေါ်လာတာပေါ့။ အတွေးအခေါ်သစ်တွေပေါ့။ အဲတော့ ဟုတ်ပါတယ်။ ဒီမိုကရေစီအစိုးရဆိုရင် ဒါတွေလုပ်ဖို့လိုပါတယ်။ ဒါတွေလုပ်ပေးမယ်။ အဲဒါတွေက မူဝါဒ ဖြစ်လာ တယ်ပေါ့။ မူဝါဒတွေက လုပ်ပေးမယ်လို့ ပြောနေရင်တောင်မှ ကျွန်မဆိုလိုချင်တာက မူဝါဒတွေက အရမ်းကောင်းတဲ့မူဝါဒတွေကို ထုတ်ဖော်ပြပြချင်တာတောင်မှ ခုနကပြောတဲ့ ဗျူရိုကရေစီယန္တရားကို မပြင်နိုင်ရင်တော့ ကျွန်မတို့ ခရီးပေါက်မှာ မဟုတ်ဘူး။ အခုက ကျွန်မတို့ အဲဒီဟာတွေကို မှီဖို့အတွက် နည်းလမ်းတွေကို NNER ဆိုရင် လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဒီမိုကရေစီနည်းလမ်းကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး အခင်းအကျင်းတစ်ရပ်ကို ကျွန်မတို့ ဖော်ထုတ်ခဲ့တယ်။ တကယ်တမ်း ပညာရေးနဲ့ပတ်သက်ပြီးတော့ နစ်နာနေတဲ့အုပ်စုတွေ ပြသနာရှိတဲ့ အုပ်စုတွေဆီကို ရောက်အောင် သွားပြီးတော့ နားထောင်တယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ကျွန်မတို့ စုစည်းပြီးတော့ လာမယ့် အနာဂါတ်မှာတော့ ပညာရေးက ဒါမျိုးဖြစ်သင့်တယ်ဆိုတာကို ကျွန်မတို့ အစိုးရကိုရော လွှတ်တော် ကိုရော လူထုကိုရော ပညာရေးနဲ့သက်ဆိုင်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရော အကုန်လုံးကို ကျွန်မတို့ တင်ပြခဲ့ပြီးဖြစ်တယ်။ ဒီအတွက် ကျွန်မတို့က ပြဿနာကိုလည်း ဖြေရှင်းရမယ့် နည်းလမ်းတချို့ကိုလည်း ကျွန်မတို့ ဖော်ထုတ်ပြီးပြီပေါ့ါ။ ဒါပေမယ့် တချို့သော နည်းလမ်းတွေ ကိုတော့ အငြင်းပွားစရာနည်းလမ်းတွေအတွက်တော့ ကျွန်မတို့မှာ အဖြေမရှိသေးဘူး။ အဖြေရှိပြီးသား မေးခွန်းတွေအတွက်လည်း အကောင်အထည်ဖော်ဖို့အတွက် ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြဖို့ လိုသလို အဖြေမရှိသေးသော မေးခွန်းများအတွက်ကိုလည်း ကျွန်မတို့ အတူတကွ ကြံဆတဲ့ နည်းလမ်းတွေ ကိုလည်း ရှာသင့်တဲ့ အခြေအနေပေါ့။ ဒါဆိုရင် ကျွန်မတို့ ကူညီနိုင်ပါတယ်။

ကျွန်မတို့ ကူညီနိုင်တယ်ဆိုတာက တိုင်းပြည်ရဲ့ပြဿနာဖြစ်တယ်။ အစိုးရရဲ့ ပြဿနာလို့ မယူဆဘူး။ တိုင်းပြည်ရဲ့ပြဿနာဖြစ်တယ်။ ဒီကနေ့ လူငယ်တွေရဲ့ ပြဿနာဖြစ်တယ်။ ခုနက မဖြိုးဖြိုးအောင် ထောက်ပြသွားတယ်။ လူငယ်တွေက အမြဲတမ်း အသင့်ဖြစ်နေတယ်။ ဆာလောင်နေတယ်။ ဒါပေမယ့် ဒီကနေ့ လူငယ်တစ်စုက ပညာရေးစနစ် တစ်ခုတည်းမှာပဲ ကျွန်မတို့ သုံးသပ်ပြရမယ်ဆိုရင် ကျွန်မတို့ ပညာရေးကနေ ပညာရေးရဲ့ ပြင်ပကိုရောက်သွားတဲ့ အုပ်စုက အကြီးကြီးဖြစ်နေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘာသာစကား ပြဿနာကြောင့် အပြင်ကို ရောက်နေတဲ့သူရှိတယ်။ ဆင်းရဲမွဲတေမှုကြောင့် အပြင်ကိုရောက်နေတာရှိတယ်။ စစ်ပွဲတွေကြောင့် ရောက်နေတာရှိတယ်။ ခုနကပြောသလို စာမေးပွဲတွေကြောင့် ရောက်သွားတာဖြစ်တယ်။ အဲတော့ ကျွန်မတို့ အခြေခံပညာကနေ တက္ကသိုလ်ကောလိပ်အဆင့်ထိ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးပြင်ပကို ရောက်သွားတဲ့ လူငယ်အုပ်စုကြီး ဒါပေမယ့် ဒီလူငယ်အုပ်စုက တိုင်းပြည်ထူထောင်ရေးမှာ တအားကို အရေးပါတယ်။ အမြဲတမ်း သူတို့က အသစ်ကိုလည်း တောင်းတတဲ့သူတွေဖြစ်တယ်။ အဲဒီတော့ သူတို့တွေ အရည်အသွေးရှိတဲ့ပညာကို ဆက်ပြီးသင်ဖို့နဲ့ သူတို့တွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ခုနကပြောတဲ့ တိုင်းပြည်အခွင့်အလမ်းနဲ့ ထူထောင်ရေးလုပ်ငန်းတွေမှာ သူတို့တွေ ပါဖို့လိုတယ်။ လိုတော့ အဲဒါတွေကို ချန်လှပ်ထားလို့ မရတော့ဘူး။ အဲဒီအကြောင်းကို ကျွန်မတို့ ပြောပြချင်တယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ပညာရေးစနစ် အစိုးရကနေ ဖယ်ထုတ်ခြင်းခံလိုက်ရတဲ့ အုပ်စုကြီးတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီဟာသည် တိုင်းပြည်ကို သယ်ဆောင်မယ့်အုပ်စုပေါ့။ အဲလိုလူငယ်တွေနဲ့လည်း ကျွန်မတို့ ဒီ သက်ဆိုင်တဲ့သူတွေက တွေ့ပြီးတော့ စကားပြောဖို့လိုတယ်။ ကျွန်မတို့လို ပညာရေး လိုအပ်ချက်တွေကို ဖော်ထုတ်နေတဲ့ အဖွဲ့တွေနဲ့လည်း အစိုးရတွေ လွှတ်တော်တွေက တွေ့ဆုံ ဆွေးနွေးပြီးတော့ အတူတကွ ဖြေရှင်းဖို့လိုတယ်။ အဲဒါ ကျွန်မတို့ ကူညီနိုင်ပါတယ်။ ဘယ်လိုကူညီမလဲဆိုတော့ ကျွန်မတို့ အဲဒီနည်းနဲ့ ကူညီနိုင်ပါတယ်။

မဇ္ဈိမ

 

ကျွန်တော်တို့တွေ ပြီးခဲ့တဲ့အစိုးရနဲ့ အခု ဒီမိုကရေစီနည်းကျ တက်လာတဲ့ အစိုးရနဲ့ပေါ့ ဒီအစိုးရနှစ်ရပ်မှာ ကျွန်တော်တို့ ရက် ၁၀၀ ကျော် ၁၂၀ လောက်ကို ထိတွေ့ပြီးပြီ။ ထိတွေ့ပြီးတဲ့အခါမှာ အစိုးရသစ်ရဲ့ လုပ်ဆောင်မှု ဒါမှမဟုတ်လို့ရှိရင် ကျွန်တော်တို့နဲ့ နီးနီးကပ်ကပ် ကျွန်တော်တို့ရဲ့ ဆန္ဒတွေ ကျွန်တော်တို့ရဲ့ ဦးတည်တာတွေ ကျွန်တော်တို့ရဲ့ လိုလားချက်တွေကို ဘယ်လောက်အထိများ နီးနီးကပ်ကပ် လုပ်နိုင်ပြီလဲ။ ဒီပညာရေးနဲ့ ပတ်သက်လို့ပေါ့။ ပညာရေးကဏ္ဍပေါ့။

 

ဦးအာကာမိုးသူ (အထွေထွေ အတွင်းရေးမှူး)

မြန်မာနိုင်ငံ ဆရာများသမဂ္ဂ အဖွဲ့ချုပ်

 

ပူးပေါင်းပါဝင်ဖို့က အခုက ပြဿနာက အရင်တုန်းက အတိုက်အခံအဖွဲ့အစည်း နှစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် အယူအဆရေးရာ ပြဿနာမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ချက် အားနည်းကြတယ်။  တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေဆဲကာလပဲ ဖြစ်နေသေးတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က စောင့်ကြည့်နေကြတယ်။ ပြောမယ်ဆိုလို့ရှိရင် အခြားသော အဖွဲ့အစည်းတွေနဲ့သာလျင် အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ လုပ်နေသော်ငြားလည်း ကျန်တဲ့အဖွဲ့အစည်းတွေထဲမှာ ရှိနေတယ် မဟုတ်ဘူး ကျွန်တော်တို့က ဒီမိုကရေစီ အစိုးရသစ်မှာ စိတ်သစ် လူသစ် အကူအညီသစ်နဲ့ ကျွန်တော်တို့ ဝိုင်းဝန်း ပူးပေါင်းကြမယ်လို့ ပြောသော်ငြားလည်း လက်ကမ်းဖို့ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အနာတွေကို ကောင်းကောင်းသိတဲ့သူတွေ နောက်ပြီးတော့ ငါတို့အားနည်းချက်ကို သိတဲ့သူတွေ နောက်ပြီးတော့ ငါတို့ကို မထောက်မညှာ ပြောတဲ့သူတွေ အဖွဲ့အစည်းထဲ ဝင်လာတယ်ဆိုရင် ပြောကြတဲ့သူတွေနဲ့ မယုံကြည်မှုတွေနဲ့ ငြင်းပယ်ထားတဲ့ဓလေ့ကို ပြန်တည်ဆောက်ဖို့လိုတယ်လို့ တစ်ချက် မြင်တယ်ပေါ့။

အဲဒီကာလနဲ့ သွားနေသမျှ ကာလပတ်လုံးက စီးမကပ်ဘူး ဖြစ်နေတာ။ ကျွန်တော်တို့ ပူးပေါင်းပါဝင်ချင်သော်ငြားလည်း ပြောမယ်ဆိုရင် ကျွန်တော်တို့ကို အသိအမှတ်ပြုမှုက ဘယ်လောက်အတိုင်းအတာထိ ပေးထားသလဲဆိုလို့ရှိရင် အသိအမှတ်တော့ပြုတယ်။ အသိအမှတ်ပြုတဲ့ ပုံစံကတော့ မကောင်းတတ်လို့ အသိအမှတ်ပြုတဲ့ပုံစံမျိုး ကျွန်တော်တို့ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ။ ကျွန်တော်တို့ ဘာဆောင်ရွက်ပေးရမလဲ။ ကျွန်တော်တို့တွေ စာသင်ခန်းသေးသေးလေးထဲမှာ စလို့ရတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကို ဒီပညာရေး အဖွဲ့အစည်းထဲမှာ မယုံဘူးဆိုရင် အခြာသော အဖွဲ့အစည်းတစ်ခုနဲ့ ဒါဆိုလို့ရှိရင် နင်တို့ လုပ်တတ်တယ်ဆိုတဲ့ စကြည့် စပြလို့ရတယ်။ အဓိကကတော့ ပူးပေါင်းပါဝင်မှုပါပဲ။ ကလေးတစ်ယောက်နဲ့ ကလေးတစ်ယောက် သုံးသပ်လို့ရတဲ့ ကွာဟချက်တွေကို တော်တော်များများရှိတယ်။ နယ်မြေတော်တော်များများကို သွားတဲ့အခါမှာ ဘာသွားတွေ့လဲဆိုရင် ကလေးတွေ ပြောင်းသွားတယ်။ ဘာပြောင်းသွားလဲဆိုရင် ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ဇာတ်လမ်းတောင်မှ လိပ်ကို အားမကျတော့ဘူးဆိုတဲ့ဟာကို ပြောင်းသွားတာ။ ဘာကြောင့်ပြောင်းသွားလဲဆိုရင် သူက ကျွန်တော်မေးတဲ့မေးခွန်းက အကယ်၍ မင်းတို့က လိပ်နေရာမှာ ရှိမယ်ဆိုရင် ယုန်အိပ်ပျော်နေတာကို သိလျက်သားနဲ့ မနိုးတဲ့ လိပ်တစ်ယောက်က ဒီပြိုင်ပွဲကို နိုင်သွားတယ် အနိုင်ယူတဲ့ဟာသည် တရားပါ့မလားပေါ့။ အဲဒီမေးခွန်းတစ်ခု ဝင်လာပြီဆိုလို့ရှိရင် ကလေးတွေက စဉ်းစားစရာတွေ စာသင်ခန်းထဲမှာ အများကြီး စဉ်းစားစရာဖြစ်သွားတယ်။ ကျွန်တော်တို့ အရင်တုန်းက ယုန်နဲ့လိပ် ပုံပြင်က ပြောင်းသွားတာ အများကြီး ပြောင်းသွားတဲ့အခါမှာ ကိုယ်ကျင့်တရား ရှုထောင့်နဲ့ ကြည့်မယ်ဆိုရင် လိပ်က ကိုယ့်ကိုယ်ကိုယ် ရှက်စရာကောင်းတဲ့ အနိုင်ယူမှု ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့စာသင်ခန်းတွေက ယုန်နဲ့လိပ်ပုံပြင်က ကျွန်တော်တို့ကို အနိုင်ယူလိုစိတ်တွေ တစ်ယောက်နဲ့တစ်ယောက် မဆုံးနိုင်သေးတဲ့ တုန့်ပြန်မှုတွေကို မွေးထုတ်ပေးတဲ့ စာသင်ခန်းတွေဖြစ်နေတယ်။ ကျွန်တော်တို့ဟာ အကယ်၍များ ယုန်ကိုနှိုးပြီးတော့မှ သွားရင် ယုန်က အဲလိုပြေးရင် ယုန်ရဲ့ကိုယ်ကျင့်တရား ဖျက်တာ။ ဒါဆိုလို့ရှိရင် အတူတူပန်းဝင်လိုက်ရင်ရော ကျွန်တေ်ာတို့မှာ မရဘူးလားဆိုတဲ့ အိုင်ဒီယာတွေ ဖြစ်စေချင်တာ။ တစ်ဖက်မှာရှိတဲ့ ကလေးနဲ့ တစ်ဖက်မှာရှိတဲ့ ကလေးကို သူတို့အချင်းချင်း ယှဉ်ရင်တောင်မှ လူမှုအဖွဲ့အစည်းထဲကို စာနာတတ်တဲ့ လူမှုအဖွဲ့အစည်းမှာ ယှဉ်ပြိုင်မှုမှာ ကိုယ်ကျင့်တရားစံနှုန်းတွေ ဘယ်လိုမျိုး တည်ဆောက်ထားလဲဆိုတဲ့ လူတွေကို ကျွန်တော်တို့က အဓိက တည်ဆောက်ထားတာ။ တည်ဆောက်ထားလို့ရှိရင် အဲဒီ စာသင်ခန်းတန်ဖိုး ကွာပြီဆိုတာနဲ့ လူမှုတန်ဖိုးတွေပါ အကုန်ကွာကုန်ရော။ ကျွန်တော်တို့ တည်ဆောက်ပြလို့ရတယ်ဆိုတာက နမူနာပဲ အဲဒါ။ ရသလောက် ကျွန်တော်တို့လုပ်တယ်။ ကျွန်တော် စာသင်ရတဲ့နေရာတိုင်းမှာ ကျွန်တော် တည်ဆောက်တယ်။ သေးငယ်သော စာသင်ခန်းလေးကနေပြီးတော့မှ ကျွန်တော်တို့ ကိုယ်ကျင့်တရား   ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်း တစ်ခုကို ကျွန်တော် ရအောင်တည်ဆောက်တယ်။ ကျွန်တော် ရတဲ့ဘောင်ထဲကနေ တည်ဆောက်တယ်။ ဒါပေမယ့် သူရဲ့ အသိအမှတ် ပြုမှု မပြုမှုကတော့ သူတို့ရဲ့တန်ဖိုးပါ။ အဲလိုပဲ ကျွန်တော်က သုံးသပ်ပါတယ်။

ဆက်လက် ဖော်ပြပါမည်။

အပိုင်း ( ၁)http://www.mizzimaburmese.com/article/18586

အပိုင်း( ၂)http://www.mizzimaburmese.com/article/18767

အပိုင်း (၃)http://www.mizzimaburmese.com/article/18862

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly