တပ်မတော်က ထုုိးစစ်ဆင်နေမှုများ အမြန်ဆုံုး ရပ်တန့်ရန် UNFC က တောင်းဆုုိ

တပ်မတော်က ထုုိးစစ်ဆင်နေမှုများ အမြန်ဆုံုး ရပ်တန့်ရန် UNFC က တောင်းဆုုိ

ချင်းမိုင်၊ အောက်တိုဘာ ၈ ။               ။ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန်နှင့် ညှိနိုင်းဆွေးနွေး အ ဖြေရှာနိုင်ရေး စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ဆုံး ရပ်တန့်ပေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာလ ၈ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုကို အလေးထားခြင်းနှင့် အပြန်အလှန် ယုံကြည်မှုရှိစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရန် အတွက် စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ဆုံးရပ်တန့်ပေးရန် လိုအပ်သည်ဟု UNFC ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။

“တဖက်က လူထုတွေ သောင်းနဲ့ချီပြီးတော့ ဆန္ဒပြပြီးတော့ ထိုးစစ်ဆင်တာ ရပ်တန့်ဖို့ တောင်းဆိုနေတယ်။ ကနေ့ ဒီအ  ချိန်မှာ ၂၁ ရာစု ပင်လုံနဲ့ နိုင်ငံရေးပြဿနာကို အေးအေးချမ်းချမ်းဖြေရှင်းဖို့ ကာလအပိုင်းအခြားထဲမှာ ရှိနေတယ်။ နိုင်ငံ ရေးကို ဖြေရှင်းဖို့ ဆိုတဲ့နေရာမှာ ယုံကြည်မှု ရှိဖို့လည်း လိုတယ်။ တကယ်လို့ စစ်ရေးနဲ့ အားပေးနေမယ်ဆိုရင် ဒါက လူတွေဟာ   ဒေါသမောဟ   ပြင်းထန်လာပြီးတော့ နိုင်ငံရေးအရ ဖြေရှင်းတဲ့အချိန်မှာ အများကြီးကို အနှောက်အယှက်ဖြစ်မှာ။ အဲဒီတော့ နိုင်ငံရေးအရ ဖြေရှင်းဖို့ ထိရောက်အောင်မြင်စေဖို့ ထိုးစစ်ကို ရပ်တန့်ပေးဖို့ လိုတယ်” ဟု UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

လက်ရှိ NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KUN)နယ်မြေနှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)နယ်မြေများအတွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေ သလို၊ NCA လက်မှတ် မရေးထိုး ထား ရသေးသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆပ်မှုများ ပိုမိုပြု လုပ်လာသဖြင့် သံသယ ဖြစ်စေသည်ဟု သူက ပြောသည်။

“ကနေ့ တဖက်က အပစ်ရပ်ထားတဲ့ ဥပမာ အားဖြင့် RCSS, KNU ဂွင်တွေမှာ တိုက်ပွဲ ဖြစ်နေတယ်။ NCA မှာ လက်မှတ် မထိုးထားတဲ့ ကချင်မှာ ဖြစ်နေတယ်။ လေယာဉ်တွေ သုံးနေတဲ့ အနေအထား၊   နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းက ဆွေးနွေး ဖြေရှင်းဖို့ တဖက်က မြင့်တင်နေတဲ့ ကာလမှာ အခုလို စစ်ရေးကို အရင်ကထက် ပိုပြီးမှ အရှိန်မြင့်ပြီးတော့မှ ကစားတယ် ဆိုတာက အများကြီးကို သံသယ   ဖြစ်စေတယ်။ တဖက်နဲ့တဖက် သံသယတွေ ပိုကြီးလာရင် ဖြေရှင်းဖို့ ပိုပြီး တော့ ခဲယင်းသွားမယ်” ဟု ဆိုသည်။

အစိုးရအနေဖြင့် တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်တန့်ရန် နည်းလမ်းရှာနေပြီး ဆွေးနွေးညှိနှိုင်းမှုများ ကြိုးပမ်းနေမည်ဟု ယုံကြည်ကြောင်းလည်း နိုင်ဟံသာက ပြောသည်။

“လက်ရှိ အစိုးရက တပ်မတော်အပေါ်မှာ သြဇာအာဏာမရှိဘူး။ မရှိတော့ သူတို့က လူအများကြားအောင် မပြောဘူး။ ပြောမယ်ဆိုရင်လည်း တိုးတိုးတိတ်တိတ် နည်းနဲ့ဘဲ ပြောနေမှာ ဖြစ်မှာပါ” ဟု သူက ပြောသည်။

မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုများ အမြန်ဆုံး ရပ်တန့်၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေမရှာပဲ စစ်ရေး နည်းဖြင့် ဖြေရှင်းနေပါက ပြည်တွင်း ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ပြင် တပ်မတော်မှ တိုင်းရင်းသားနယ်မြေများအတွင်း စစ်ဆင်နေသော တိုက်ပွဲများနှင့် အပြစ်မဲ့ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် UNFC က ပြင်ထန်စွာ  ကန့်ကွက်ရှုတ်ချ လိုက်သည်။

UNFC  အနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ဦးသိန်းစိန် အစိုးရ လက်နက်က နိုင်ငံရေးမူဘောင် ညှိနိုင်းဆွေး နွေးခြင်း၊  NCA ကို ၂၀၁၃-၂၀၁၅ ခုနှစ်အတွင်း အစိုးရနှင့် ညှိနိုင်းဆွေးနွေး၍ နှစ်ပေါင်း ၇၀ နီးပါးကြာ ပြည်တွင်း စစ်ကို အပြီးတိုင် ရပ်စဲနိုင်ရန် ကြိုးပမ်းခဲ့ သော်လည်း ဦးသိန်းစိန်အစိုးရက NCAတွင်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အား လုံး ပါဝင်ခွင့်ကို လက်မခံခဲ့သဖြင့် ယနေ့တိုင် စစ်ပွဲများ အနိဌာရုံများကို ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly