ဗင်နီဇွဲလားအစိုးရက ဟူဂိုချာဗက်ဇ် ငြိမ်းချမ်းရေးဆုကို ရုရှသမ္မတ ပူတင်အား ပေးအပ်ချီးမြှင့်

ဗင်နီဇွဲလားအစိုးရက ဟူဂိုချာဗက်ဇ် ငြိမ်းချမ်းရေးဆုကို ရုရှသမ္မတ ပူတင်အား ပေးအပ်ချီးမြှင့်

အောက်တိုဘာ ၈ ။                   ။ ကွယ်လွန်သွားပြီဖြစ်သော ဆိုရှယ်လစ်ခေါင်းဆောင် ဟူဂိုချာဗက်ဇ်အား ဂုဏ်ပြုသည့်အနေဖြင့် ငြိမ်းချမ်းရေးဆုတစ်ဆု သတ်မှတ်ကာ ချီးမြှင့်ပေးအပ်သွားမည်   ဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက အောက်တိုဘာ ၇ ရက်တွင် ထုတ်ဖော်ကြေညာသွားခဲ့သည်။ အလားတူ အဆိုပါ ဟူဂိုချာဗက်ဇ် ငြိမ်းချမ်းရေးဆုအား ရုရှသမ္မတ ဗလာဒီမာ ပူတင်အား ပေးအပ်ချီးမြှင့်မည်ဟုလည်း ၎င်းက ပြောကြားသွားသည်။

ယမန်နေ့က နိုဗယ်ဆုချီးမြှင့်ရေးကော်မတီက ယခုနှစ်အတွက် ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်အား နိုဗယ်ငြိမ်းချမ်းရေး ပေးအပ်ချီးမြှင့်ပေးသည့် တစ်ရက်တည်းတွင်ပင် ဗင်နီဇွဲလား အစိုးရ၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

" ငြိမ်းချမ်းရေးနဲ့ အချုပ်အချာအာဏာတည်တံ့အောင် ထိန်းသိမ်းမှုအတွက် အခုလို ဟူဂိုချာဗက်ဇ်ဆု ဆိုပြီး သတ်မှတ်ပေးအပ်ချီးမြှင့်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာပါ" ဟု ရုရှပညာရှင် ဒီဇိုင်းထုတ်   ပေးထားသည့် ချာဗက်ဇ် ရုပ်တုတစ်ခု ထုတ်ဖော်သည့် ရုပ်သံအခမ်းအနားတွင် မာဒူရိုက ပြောကြားသွားသည်။

အဆိုပါ ဆု ရရှိသူများအနေဖြင့် ရုပ်တုပုံကားချပ်ငယ်တစ်ခု ရရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

" အခု ဒီ ဟူဂိုချာဗက်ဇ်ဆုကို ရုရှ သမ္မတ ပူတင်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု မာဒူရိုက ပြောကြားသွားပြီး ပူတင်အား ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းပေးသူတစ်ဦးအဖြစ် ရည်ညွန်းသွားခဲ့သည်။

ခေါင်းဆောင်ဟောင်း ဟူဂိုချာဗက်ဇ်၏ ၁၄နှစ်တာ အုပ်ချုပ်မှုအောက်တွင် ဗင်နီဇွဲလားအနေဖြင့် ဒေသတွင်း အမေရိကန်၏ လွှမ်းမိုးမှုကို ဗြောင်စိန်ခေါ်ခဲ့ကာ ဝါရှင်တန်၏ အစဉ်အလာရန်ဘက်များဖြစ်သည့် ရုရှ၊ တရုတ်တို့နှင့်လည်း မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly