အီရန်နျူကလီးယား သဘောတူညီ ချက်ကြောင့်ရေနံစျေးနှုန်း ကျဆင်း

အီရန်နျူကလီးယား သဘောတူညီ ချက်ကြောင့်ရေနံစျေးနှုန်း ကျဆင်း

လန်ဒန်၊ ဇူလိုင်-၁၅ ။   ။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ အလဲအထပ်အနေနဲ့ အီရန်က နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ပေးရန် အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီး ၆နိုင်ငံနဲ့ သဘောတူညီမှုရပြီးနောက်မှာ ရေနံဈေးနှုန်းမှာ တစ်စည်လျှင် တစ်ဒေါ်လာကျော် ကျဆင်းသွားခဲ့သည်။

နျူကလီးယားသဘောတူညီချက်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ကန်ဒေါ်လာ ၅၆ ဒသမ ၇၀အထိ ၁ဒသမ၁၅ဒေါ်လာ ကျဆင်းသွားခဲ့ပြီး၊ အမေရိကန်ဈေးကွက်တွင်မူ တစ်စည်လျှင် ၅၁ဒသမ၁၅ဒေါ်လာအထိ ၁ဒသမ၀ ၅ဒေါ်လာ ကျဆင်းသွားခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၃၃ဆင့် (သို့မဟုတ်) ဝဒသမ၆ရာခိုင်နှုန်း ကျဆင်းသွားခဲ့ ရာတွင် အမေရိကန်ဈေးကွက်တွင်မူ ၂၇ဆင့် (သို့မဟုတ်) ဝဒသမ၅ရာခိုင်နှုန်း ပြန်တက်လာခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်သောကြောင့် အီရန်မှ ရေနံများ အလုံးအရင်းနှင့်ထွက်လာမည်ဟု မျှောင်လင့်ရသည်။ ရိုက်တာမှ မေးမြန်းခဲ့သည့် ရေနံကျွမ်းကျင်သူ ၂၅ဦး၏ ပြောကြားချက်အရ အီရန်က ရေနံတင်ပို့မှုကို တစ်နှစ်အတွင်း ၆၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်နိုင်သည်ဟု ဆိုသည်။

နျူကလီးယား စုံစမ်းစစ်ဆေးရေးမှူးများကမူ ဒဏ်ခတ်ပိတ်ဆို့မှုများ မဖယ်ရှားမီတွင် အီရန်အနေဖြင့် သဘောတူညီချက်များကို အမှန်တကယ်လိုက်နာမှုရှိမရှိ သေချာလိုသောဆန္ဒရှိနေသော်လည်း အီရန်ရေနံဝန်ကြီး ဘီဂျန် ဇန်ဂါနက်ကမူနိုင်ငံ အနေဖြင့်ရေနံ ကို မကြာမီအချိန်အတွင်း စွမ်းရည်အပြည့်အ၀ လည်ပတ်ထုတ်လုပ်လာနိုင်လိမ့်မည်ဟု ယုံကြည်နေသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly