ရွေးကောက်ပွဲများကို မတည်မငြိမ် ဖြစ်စေရန် ရုရှတို့ ဆိုက်ဘာ တိုက်ခိုက်ခဲ့ဟု အမေရိကန် စွပ်စွဲ

ရွေးကောက်ပွဲများကို မတည်မငြိမ် ဖြစ်စေရန် ရုရှတို့ ဆိုက်ဘာ တိုက်ခိုက်ခဲ့ဟု အမေရိကန် စွပ်စွဲ

အောက်တိုဘာ ၈ ။                ။ အမေရိကန် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို နှောင့်ယှက်ရန် ရည်ရွယ်သည့် ဆိုက်ဘာတိုက်ခိုက်မှုများကို ရုရှအစိုးရ ကြီးကြပ်လုပ်ဆောင်ထားခဲ့သည်ဟု ဝါရှင်တန် အစိုးရက စွပ်စွဲပြောကြားလိုက်သည်။ လက်ရှိအချိန်၌ နှစ်နိုင်ငံအကြား တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် ယခုကဲ့သို့ အမေရိကန်၏ စွပ်စွဲချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်ဘက်မှ ရုရှတို့အပေါ် စွပ်စွဲထားသည့် ထုတ်ပြန်ချက် တစ်စောင်ကို အမေရိကန် ပြည်ထဲရေးဌာနနှင့် အမျိုးသားထောက်လှမ်းရေးဆိုင်ရာ ညွန်ကြားရေးမှူးရုံးတို့မှ ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တစ်ဆက်တည်းမှာပင် ဝါရှင်တန်အစိုးရအနေဖြင့် ယင်းကဲ့သို့သော ရုရှတို့လုပ်ဆောင်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများအပေါ် ပြန်လည် တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်သွားသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားခြင်းမရှိပေ။

"ဆိုက်ဘာတိုက်ခိုက်မှု အပါအဝင် ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ၊ သင့်တော်တဲ့အချိန်တစ်ခုရောက်ရင် လုပ်သွားမှာပါ" ဟု တာဝန်ရှိသူတစ်ဦးက   ပြောကြားသွားသည်။

ထုတ်ပြန်ချက်အရ မကြာသေးခင်က နိုင်ငံရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများထံမှ အီးမေးလ်များကို ဖောက်ထွင်းရယူခဲ့မှုဖြစ်စဉ်များတွင် ရုရှအစိုးရ တိုက်ရိုက်ပတ်သက်နေသည်ဟု အမေရိကန်   ထောက်လှမ်းရေး တာဝန်ရှိသူများဘက်က ယုံကြည်နေကြောင်း ပါရှိသည်။

" လက်ရှိအနေအထားတွေအရတော့ အဲဒီလို အပြုအမှုမျိုးတွေမှာ ရုရှတို့ရဲ့အကြီးတန်းအရာရှိတွေ ကိုင်တွယ်လုပ်ဆောင်ခဲ့တာဖြစ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်" ဟုလည်း အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags