စစ်ကိုင်းမြို့ပေါ်တွင် ကျောက်လုပ်ငန်း လုပ်ကိုင်ရန် တရားမဝင် နေထိုင်သော နိုင်ငံခြားသားများ ရှိနေ

စစ်ကိုင်းမြို့ပေါ်တွင် ကျောက်လုပ်ငန်း လုပ်ကိုင်ရန် တရားမဝင် နေထိုင်သော နိုင်ငံခြားသားများ ရှိနေ

မုံရွာ၊ အောက်တိုဘာ ၅ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်အချို့တွင် ကျောက်လုပ်ငန်း လုပ်ကိုင်ရန်အတွက် တရားမဝင် ရက်ရှည်လာရောက်နေထိုင်သော   နိုင်ငံခြားသားများ ရှိနေကြောင်း စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဒေါ်စုမြတ်ထက်က ပြောသည်။

နိုင်ငံခြားသားများမှာ စစ်ကိုင်းမြို့အတွင်း လူနေရပ်ကွက်များတွင် ကာလရှည်နေထိုင်ခွင့် (Business visa) မရှိပဲ ကျောက်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အိမ်ငှားရမ်းနေထိုင်လျှက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းဝေး ဒုတိယနေ့ အစီအစဉ် လွှတ်တော်တွင် အဆိုတင်သွင်း မေးမြန်းစဉ် ယင်းသို့ ထည့်သွင်း   ပြောကြားခဲ့ခြင်းဖြစ်သည်။

"Business visa နဲ့ လရှည်နေထိုင်ခွင့် ၃ လ (သို့မဟုတ်) ၆လ ရရှိပြီး အလုပ်ရှင်မှ ထောက်ခံချက်ရှိရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှာ အကြောင်းကြားနေထိုင်ရမှာ ဖြစ်ပါတယ်။ Tourist visa နဲ့ဝင်ရောက်လာပြီးတော့ ရပ် ကွက် ထဲမှာ အိမ်ငှားရမ်းနေထိုင်လိုရင် နေထိုင်သူရော၊ငှားရမ်းသူရောပါ အရေးယူနိုင်တဲ့ ဥပဒေပြဌာန်းထားပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့Tourist visa နဲ့ဝင်ရောက်လာပြီး   တော့ ရပ်ကွက်အတွင်း တရားမဝင်နေထိုင်ခြင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်း၊ ဒေသခံ ပြည်သူလူထုနဲ့ သဟဇာတမဖြစ်ခြင်းတို့ ဖြစ်ပွားလျှက်ရှိပါတယ် " ဟု ဒေါ်စုမြတ်ထက်က ပြောသည်။

ထို့ပြင် နိုင်ငံခြားသားများနှင့် ပတ်သက်၍ စစ်ကိုင်းမြို့တွင် တစ်ခါမှ အရေးယူဆောင်ရွက်ဖူးခြင်း မရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာတွင် ယခင်ပုံစံဟောင်းများမှ ခွဲထွက်ကာ ရှင်းလင်းပြတ်သားစွာ ဆောင်ရွက်သင့်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မည်သို့ပင် ပြောင်းလဲပြောင်းလဲ မထူးသဖြင့် စိတ်ပျက်သွားမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ မေးမြန်းမှုအပေါ် စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေးမှု တစ်ပတ်(၁)ကြိမ် ပြုလုပ်ခြင်း၊ တည်းခိုခန်းများသို့ နိုင်ငံခြား သား ဧည့်သည်များ ရောက်ရှိလာပါက Forn-C များဖြင့် အချိန်နှင့် တပြေးညီ သတင်းပေးပို့စေခြင်းတို့အား ဆောင်ရွက်ထားရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြန်လည် ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly