ဘောကန်ဖိနပ်လေးတောင် အတော်ဟောင်းပြီ

ဘောကန်ဖိနပ်လေးတောင် အတော်ဟောင်းပြီ

ဒီနေ့ လေ့ကျင့်ခန်းအစီအစဉ်က ပုံမှန်အချိန်လောက်မှာပင် ပြီးဆုံးခဲ့သည်။ နံနက် ၁၀ နာရီခန့်သာ ရှိသေးသော်လည်း ပူပြင်းသော နေရောင်ခြည်ကြောင့် ကျွန်တော်ဝတ်ဆင်ထားသော ဘောလုံးအင်္ကျီမှာ ချဉ်စုပ်စုပ်အနံ့ ထွက်လျက်ရှိသည်။

အပြာနှင့်အဖြူစပ်ထားသော ဒီဘောလုံးအင်္ကျီလေးမှာ ကျွန်တော့်တွင် ရှိသည့် ဂျာစီသုံးထည်အနက် တစ်ထည်ဖြစ်သည်။ အသင်းကြီးမှ အစ်ကိုတစ်ယောက်ပေးထားသော ထိုအင်္ကျီကို ကျွန်တော်နှစ်သက်လှပြီး သူ့ဆီက ရသည့်အချိန်ကတည်းက တစ်မြတ်တစ်နိုး ဝတ်ခဲ့ခြင်း ဖြစ်သည်။ အခုတော့ ဒီဂျာစီလေးတောင် အတော်နွမ်းလို့ နေလေပြီ။

ဒီနေ့လည်း ကျပ်ကျပ်သိပ်သိပ် ဘက်စ်ကားကို အားနာနာဖြင့် တိုးဝှေ့စီးရပေဦးမည်။ လေ့ကျင့်ခန်းဆင်းလာပြီး ဘောလုံးကွင်းမှ ကားမှတ်တိုင်အထိ နေပူထဲလမ်းလျှောက်လာရသည့်အတွက် ကျွန်တော့်ခန္ဓာကိုယ်က ချွေးစို့နေပြီး အနံ့အသက်ကလည်း သိပ်မကောင်းလှပေ။ ဒါကြောင့် ဘက်စ်ကားစီးရတာ အားနာလှသည်။ သို့သော် ထိုသို့မှ မစီးလျှင်လည်း မဖြစ်ပြန်။ ဘောလုံးကွင်းနှင့် အိမ်က နီးလှသည်မဟုတ်။ လမ်းလျှောက်သွားဖို့ ဆိုတာ ဘယ်လိုမှမဖြစ်။ အိမ်သို့ လမ်းလျှောက်လျှင် တစ်နာရီခွဲ သာသာလောက် လျှောက်ရလိမ့်မည်။ ထိုသို့ဆိုလျှင် အိမ်အလုပ်တွေနှင့် ဝမ်းရေးအတွက် အလုပ်လုပ်ဖို့ နောက်ကျရဦးမည်။

ကားစီးလျှင်တော့ နာရီဝက်ကျော်ကျော်ဆို အိမ်ရောက်ပြီ။ အိမ်သို့ရောက်လျှင် ယမန်နေ့က ကျွန်တော်ဝတ်ထားသည့် အဝတ်အစားများနှင့် ဘောလုံးကန်ဝတ်စုံတို့ကို လျှော်ဖွပ်ရမည်။ ပြီးလျှင် အမေ၏ ဈေးဆိုင်ကို ကူသိမ်းပေးရဦးမည်။ နောက်ကျမှ ရောက်လျှင်တော့ အမေ့ဆိုင်ကို ဦးစွာ သိမ်းဆည်းပြီးမှ ကျွန်တော့် အဝတ်အစားများကို လျှော်ဖွပ်ရသည်။

အမေ၏ဈေးဆိုင်ဆိုလို့ တစ်ခမ်းတစ်နားမဟုတ်။ ဟင်းရွက်ကန်စွန်းရောင်းသော ဆိုင်ကလေးသာ ဖြစ်သည်။ ဒီဆိုင်လေးကြောင့် ဝမ်းရေးအတန်အသင့် အဆင်ပြေသော်လည်း သားအမိနှစ်ယောက် စားလောက်ရုံသာ။ ပြီးတော့ အမေ့မှာ နေ့ပြန်တိုးက ပေးနေရသေးသည်။ ဒီလိုပဲ ကျွန်တော်တို့ သားအမိနှစ်ယောက် ဘဝကို ရှေ့ဆက်နေခြင်း ဖြစ်သည်။

အမေ့ကို ကူပြီးလျှင်တော့ လမ်းထိပ်က ဦးဝကြီးတို့ အလုပ်သို့ ကျွန်တော်သွားသည်။ မြန်မာမှုလုပ်ငန်းများဖြစ်သည့် ပန်းတဉ်းနှင့် ကျောက်စာလုပ်ငန်းဖြစ်သည်။ ထိုအိမ်တွင် ကျွန်တော်က အကူလုပ်သားဖြစ်ပြီး မြန်မာမှုပညာများကို သင်ကြားခြင်းဖြစ်သည်။ အလုပ်ရှင်ဦးဝကြီး၏ ဇနီးက ကျွန်တော့်ကို မနက်ပိုင်း စောစောကတည်းက လာစေလိုသော်လည်း အိမ်ကြီးရှင်ဦးဝကြီး၏ ခွင့်ပြုမှုနှင့် ကျွန်တော် နေ့လည် ထမင်းစားပြီးချိန်မှ လာခွင့်ရသည်။ ဦးဝကြီးက ပြည်နယ်နှင့်တိုင်းအဆင့်အထိ ကစားဖူးသော ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး ဘောလုံးဝါသနာအိုးတစ်ဦးဖြစ်သည့်အတွက် ကျွန်တော်၏ ဝါသနာနှင့် ရည်မှန်းချက်ကို နားလည်သည်။ ထို့ကြောင့် ဒီအိမ်တွင် ကျွန်တော် အလုပ်လုပ်နိုင်ခြင်းဖြစ်သည်။ ကျွန်တော့်မှာ ဦးဝကြီးတို့ မိသားစု ကိစ္စများကအစ အောက်ခြေသိမ်းအလုပ် အကုန်လုပ်ရပြီး အိမ်အပြန်တွင်တော့ ငါးရာမျိုး၊ တစ်ထောင်မျိုး ရတတ်သည်။

ဦးဝကြီး၏ ဇနီးကတော့ 'ဟဲ့ ကောင်လေး.. အလုပ်ကို သေသေချာချာသင်ပြီး ငွေရအောင် လုပ်ပါလားဟယ်။ နင့် ဘောလုံးက ဘယ်လောက်ရလို့တုန်း' ဟု ပြောတတ်သည်။

ထိုအခါမျိုးတွင် ဦးဝကြီးက 'အော် ဒီမိန်းမနှယ်။ ကလေးကို စိတ်ဓာတ်ကျအောင်။ အခု နေရှင်နယ်လိဂ်ကစားနေတဲ့ ဘောလုံးသမားတွေ တစ်လ ၁၀ သိန်းလောက်ရနေတာ နင်မသိဘဲနဲ့။ ရော်နယ်ဒိုတို့ မက်ဆီတို့လို ကမ္ဘာကျော်တွေဆိုရင် ဒေါ်လာကို မီလျံနဲ့ချီပြီး ချမ်းသာနေကြပြီဟ။ နင့်အလုပ်က တစ်သက်လုံး ခါးချည့်မယ့်အလုပ်' ဟု ကြားဝင် ပြောတတ်သည်။

အမေက တစ်ဦးတည်းသောသား ကျွန်တော့်ကို အလုပ်ကောင်းကောင်း လုပ်စေလိုသော်လည်း ဝါသနာကို မတားရက်။ ဒါကြောင့် ကျွန်တော့်ကို ဘာမှ မပြောပေ။ လမ်းမှားရောက်ပြီး မပျက်စီးသွားဖို့ကိုသာ သူ တတ်သလောက်၊ မှတ်သလောက် ဆုံးမတတ်သည်။ အမေ၏စိတ်ထဲတွင် သူ့သားကို နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးအဖြစ် မျှော်လင့်လျှင်လည်း မျှော်လင့်နေပေလိ့မ်မည်။ ဒါကိုတော့ ကျွန်တော့်လည်း အတိအကျ မသိ။ တစ်ခါမှလည်း အမေက မမေးဖူးသလို၊ ကျွန်တော်လည်း မပြောမိ။

သို့သော် ကျွန်တော်တို့ အိမ်ထရံမှာ နေရာအပြည့်ယူထားသည့် ဂျာနယ်မျက်နှာဖုံးတွေက ကမ္ဘာကျော်ဘောလုံးသမားများရဲ့ ပုံတွေကြောင့် ကျွန်တော်၏ ရည်မှန်းချက်ကို အမေခန့်မှန်းမိလိမ့်မည်ဟု ထင်သည်။

ဂျာနယ်ဆိုလို့ ပြောရဦးမည်။ ကျွန်တော်အသည်းအသန်ဖတ်သော ဂျာနယ်များက ဘောလုံးဂျာနယ်များသာ ဖြစ်သည်။ eleven၊ 90 မိနစ်၊ ယူရိုစပေါ့၊ ဖော်အဲဗား၊ ဟိုက်လိုက်၊ စပို့တိုင်း၊ အင်ဆိုက် မြောက်မြားစွာသော ဘောလုံးဂျာနယ်တွေကို ကျွန်တော် ဖတ်သည်။ အပတ်တိုင်း နေ့တိုင်း မလွတ်တမ်းဖတ်သည်။

ထိုဂျာနယ်တွေထဲက ကမ္ဘာ့ဘောလုံးလောကအကြောင်း၊ မြန်မာ့ဘောလုံးလောကအကြောင်း ဘာတစ်ခုမှ မကျန်အောင် ကျွန်တော်ဖတ်သည်။ သည်လောက် စာစောင်တွေအများကြီးဖတ်နိုင်တာက ကျွန်တော်ဝယ်ဖတ်နိုင်လို့တော့မဟုတ်။ လမ်းထိပ် အန်တီထွေးတို့ လက်ဖက်ရည်ဆိုင်မှာ အလကားသွားဖတ်ခြင်း ဖြစ်သည်။ အဲ့ဒီဆိုင်က ဆိုင်ပိုင်ရှင်အန်တီထွေးနှင့်သားများသည် တကယ့်ဘောလုံးဝါသနာအိုးများဖြစ်သည်။ အမေက မန်ယူ၊ သားများက အာဆင်နယ် ဒါပေမဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ကြ။ စကြ၊ နောက်ကြနှင့် ပျော်စရာ မိသားစု လက်ဖက်ရည်ဆိုင်လေးဖြစ်သည်။

ကျွန်တော်နှင့်လည်း ရင်းနှီးသောကြောင့် ထိုဆိုင်တွင် ဂျာနယ်များကို မစားရဝခမန်း အလကားဖတ်ခွင့်ရလေသည်။ ကမ္ဘာကျော် ဘောလုံးသမားများထဲတွင် ကျွန်တော် အားကျနှစ်သက်သော ဘောလုံးသမားများစွာ ရှိသည်။ ထိုအထဲတွင် စီရော်နယ်ဒိုကိုတော့ အကြိုက်ဆုံးဟု ကျွန်တော်ထင်သည်။ သူက ပါရမီရှင်မဟုတ် ကြိုးစားမှုဖြင့် ဒီအဆင့်သို့ ရောက်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်လည်း အိပ်မက် မက်သည်။ စီရော်နယ်ဒိုလို ကြိုးစားလျှင် သူ့လိုပဲ ထိပ်တန်းအဆင့် ရောက်ရှိလာလိမ့်မည်ဟု။ ကျွန်တော်လုပ်နိုင်တာ ဒါပဲ ရှိသည်။ ကြိုးစားမည်။ ကြိုးစားမှုဖြင့်သာ ကျွန်တော် ထိပ်ဆုံးရောက်နိုင်ပေလိမ့်မည်။

အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလျှင် အမေ့ကိုလည်း ဈေးမရောင်းခိုင်းတော့ ကျွန်တော်ကစားသည့်ပွဲများကိုသာ လိုက်လံကြည့်ရှုစေမည်။ အမေ မပင်ပန်းစေရ။ ကျွန်တော်၏ ကိုယ်ပိုင်ကားဖြင့် ဒရိုင်ဘာကို မောင်းခိုင်းကာ အမေ့ကို သက်သောင့်သက်သာ ဘောလုံးပွဲ ကြည့်ရှုစေမည်။ မြန်မာနိုင်ငံလက်ရွေးစင်အသင်းကြီး၏ တိုက်စစ်မှူး သူ့ရဲ့သားအတွက် အမေဂုဏ်ယူနေလိမ့်မည်။ ကျွန်တော်များ ဂိုးသွင်းလိုက်လျှင် အမေပျော်ရွှင်စွာ အောင်ပွဲခံလိ့မ်မည်။ ဘေးမှ ပွဲကြည့်သူ ပရိသတ်ကိုတောင် အဲ့ဒါက ကျွန်မသားလေလို့ ကြွားချင် ကြွားနေပေလိ့မ်မည်။ အဲ့ဒီအချိန်တွင် အမေ အရာအားလုံးကို မေ့နေလိမ့်မည်ဟု ကျွန်တော်ထင်သည်။ သူ့သားအတွက် ဂုဏ်ယူမဆုံးလို့ မျက်ရည်များလည်း ကျချင် ကျနေပေလိ့မ်မည်။ ဘယ်လိုဖြစ်ဖြစ် အမေ ပျော်ဖို့ အရေးကြီးသည်။ အမေပျော်ဖို့ အဓိက ဖြစ်သည်။ အမေပျော်လျှင် သားလည်း ပျော်သည်။

ကွင်းထဲမှာ ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် သားနှင့် ပွဲကြည့်စင်ပေါ်မှာ အောင်ပွဲခံနေသည့် အမေတို့၏ ပုံရိပ်သည် ပွဲကြည့်ရှုသူ ပရိသတ်တွေကိုပင် သဘောကျ နှစ်ခြိုက်စေလိမ့်မည်ဟု ကျွန်တော် အတတ်ပြောရဲသည်။

အဲ့ဒီလိုအချိန်ဆိုရင် ကျွန်တော်မှာလည်း ဝင်ငွေကောင်းစွာရှိပြီ ဖြစ်လို့ အိမ်ကောင်းကောင်း တစ်လုံးလည်း ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ပေလိ့မ်မည်။ အိမ်ကောင်းကောင်းနှင့် အဖိုးတန် ကားလှလှ တစ်စီး ရှိပြီဖြစ်လို့ ကျွန်တော့်ကို ကြိုက်နှစ်သက်သည့် မိန်းကလေးများလည်း ရှိကောင်း ရှိလာလိမ့်မည်။ ထိုမိန်းကလေးသည် ဘောလုံးဝါသနာအိုးတစ်ဦး ဆိုလျှင် ကျွန်တော့်အတွက် ပျော်စရာအတိ ဖြစ်လိ့မ်မည်။ ချစ်သူရှေ့တွင် ဘောလုံးကစားရမည် ဆိုလျှင် ဘယ်အမျိုးကောင်းသားမဆို ဂုဏ်ယူဝင့်ကြွားစွာ ကစားပေလိ့မ်မည်။ ထို့ကြောင့် ကျွန်တော်လည်း အစွမ်းကုန် ကစားမည်။ ကျွန်တော့်ကောင်မလေးအပြင် အခြား အမျိုးကောင်းသမီးလေးတွေပါ သဘောကျလာသည်အထိ အားသွန်ခွန်စိုက် ကျွန်တော်ကစားမည်။

ကျွန်တော်ကိုယ်စားပြုသော ကလပ်အသင်း၊ ကျွန်တော့်ရဲ့ အမိနိုင်ငံ မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက် ကျွန်တော် အစွမ်းကုန်ကစားပြီး အောင်မြင်မှုများစွာ ရယူပေးမည်။

ထိုအခါ ကျွန်တော့်ကို နိုင်ငံတစ်ဝှမ်းရှိ လူငယ်ပေါင်းများစွာကလည်း အားကျလာလိ့မ်မည်။ လမ်းပေါ်မှာ ဘောလုံးကစားကြတိုင်း ကျွန်တော့်ရဲ့နာမည်ကို သူတို့တွေ ခိုင်းနှိုင်း၍ အပြိုင် ကစားကြမည်ကို မြင်ယောင်မိသည်။ နှစ်သင်းစလုံးတွင် ကျွန်တော့်နာမည်နှင့် ကစားသမားလေးများ ပါကောင်း ပါနေနိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ ကျေနပ်ကြမှာ သေချာသည်။

ထိုအချိန်ဆိုလျှင် ဂျာနယ်များ၊ မီဒီယာများကလည်း ကျွန်တော့်နောက်ကို လိုက်လာကြလိမ့်မည်။ ရုပ်သံမှလွှင့်ဖို့ဖြစ်ဖြစ်၊ ဂျာနယ်စာမျက်နှာတွေပေါ်မှာ ဖော်ပြဖို့ပဲ ဖြစ်ဖြစ် ကျွန်တော့်ထံ အင်တာဗျူးလာကြလိမ့်မည်။ ကျွန်တော့်ကစားပုံများ၊ လေ့ကျင့်ပုံများကိုလည်း အသေအချာ ဖော်ပြကြမှာ သေချာသည်။

ကျွန်တော်၏ နာမည်ကြီးမှုကြောင့် ကျွန်တော့်နံပါတ်နဲ့ နာမည်ပါ ဂျာစီကို လိုချင်ကြသူတွေလည်း များပေလိမ့်မည်။ ပြဿနာမရှိ အခင်မင်ဆုံး မိတ်ဆွေများ၊ အမေနှင့် ချစ်သူတို့ကို ပေးအပ်ပြီးလျှင် ကျွန်တော့်ရဲ့ ပရိသတ်အစစ်အမှန်များကို ကျွန်တော့်ဂျာစီပေးအပ်မည်။ ဂျာစီရသွားလို့ ပျော်ရွှင်သွားကြမည့် သူတို့၏ မျက်နှာကို မြင်ယောင်ကြည့်ရုံဖြင့် သဘောကျမိသည်။

အားလုံးက နှစ်သက်သဘောကျသည့် နိုင်ငံကျော်ဘောလုံးသမားဖြစ်ရသည်ကို ကျွန်တော် ဂုဏ်ယူမဆုံး ဖြစ်မိသည်။ အောင်မြင်မှုတိုင်းတွင် အမေနှင့်အတူ ကျွန်တော်ခံစားမည်။ ချစ်သူကိုလည်း မိသားစုဝင်အဖြစ် ကျွန်တော်တို့သားအမိနှင့်အတူ ပျော်ရွှင်စေမည်။ ကျွန်တော့်ရဲ့ အိမ်အပြန်လမ်းတိုင်းက လှပနေမှာ သေချာလှသည်။

ဒါတွေအားလုံးဖြစ်လာဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားမည်။ ကြိုးစားရမည်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ဘယ်လိုအခက်အခဲတွေပဲ တွေ့တွေ့ ကျွန်တော်ကြိုးစားမည်။

အခုတော့ အဖြူ၊ အပြာစပ် ဘောလုံးအင်္ကျီလေးကို ကျွန်တော် လျှော်ဦးမည်။ ပြီးရင် အမေ့ကို ကူမည်။ နည်းပြ၏သားမှ ပေးထားသော ကျွန်တော့်ဘောကန်ဖိနပ်လေးလည်း ထိပ်နည်းနည်းပွင့်လို့ အတော်ဟောင်းနွမ်းနေပြီ။ ဘောကန်ဖိနပ်အသစ်ဝယ်နိုင်ဖို့ ဦးဝကြီးတို့ အိမ်မှာ အလုပ်ကိုလည်း ကြိုးစားလုပ်ရဦးမည်။ ဒီတစ်နွေကုန်ရင်တော့ ဘောကန်ဖိနပ်အသစ် ဝယ်နိုင်မည်ဟု မျှော်လင့်မိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly