ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး

ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး
ဓာတ်ပုံ-epa

သားရွှေအိုးထမ်းလာတာ ကြားဖူးတယ်။ ကလေးတုန်းက အဖွားပြောပြတယ်။ ဖတ်ဖူးတယ်။ (ငယ်ငယ်က တေဇရုပ်စုံမှာ) ကြီးလာတော့ ကြည့်ပါကြည့်ဖူးသွားတယ်။ (ဇာတ်မင်းသားလေး သိန်းဇော်ဇာတ်ထဲမှာ) အမေရွှေအိုးထမ်းလာတာရယ်လို့တော့ တစ်ခါမှ မကြားဖူးဘူး။ မဖတ်ဖူးဘူး။ မကြည့်ဖူူးဘူး။ အဆန်းပဲ၊ အင်းပေါ့လေ ဒါလည်း အမေက ထမ်းမယ်ပြောတာမှ မဟုတ်ဘဲ။ ထမ်းစေချင်သူတွေက ဇွတ်ထမ်းစေချင်နေတာပဲဟာ။

အမေစု အမေရိကန်ခရီးစဉ် မသွားခင်မှာ လွှတ်တော်ထဲ ပြည်ခိုင်ဖြိုးအမတ်တစ်ယောက်က အဆိုတင်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးပါ။ NLD ကိုယ်စားလှယ် အများစု ဝိုင်းဝန်းကန့်ကွက်လိုက်တဲ့အတွက် အဆိုဟာ မအောင်မြင်ခဲ့ပါဘူး။ ဒီနေရာမှာ စီးပွားရေးပိတ်ဆို့မှုဆိုတာနဲ့ ပတ်သက်လို့ မောင်မှန်နည်းနည်း ဆွေးနွေးချင်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်ကစပြီး မောင်မှန်တို့ ဗမာပြည်သူတွေနဲ့ ရင်းနှီးခဲ့ပါတယ်။ နိုင်ငံတကာက ဒီနည်းနဲ့ အရေးယူတယ်။ (နိုင်ငံတကာကပဲ မှောင်ခိုလမ်းကြောင်း ဖွင့်သူက ဖွင့်တယ်) အုပ်ချုပ် မင်းလုပ်နေသူတွေက ဒီပိတ်ဆို့မှုတွေဟာ သူတို့အတွက် ဘာမှ မဖြစ်ဘူး။ အခြေခံလူတန်းစားတွေကိုပဲ ထိခိုက်စေတာ။ အထည်ချုပ်တွေ ပိတ်ရတယ်။ စက်ရုံတွေ ရပ်ရတယ်။ အလုပ်သမလေးတွေပဲ ဘဝပျက်ရတာဆိုပြီး တုံ့ပြန်တယ်။ "စီးပွားရေးပိတ်ဆို့မှုတို့ မမှုပါသည်" ဆိုပြီး သီချင်းတောင် လိုက်ဆိုလိုက်သေး။ အဲဒီတုန်းက ပိတ်ဆို့တဲ့ နိုင်ငံတွေရဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီရေးပါပဲ။ အုပ်စိုးသူတွေ ဘာမှ မဖြစ်၊ ဆင်းရဲသားတွေပဲ ဖြစ်တယ်ဆိုရင်လည်း ဆင်းရဲသားတွေဘက်ကို အုပ်စိုးသူတွေက တစ်ချက်မှ စောင်းငဲ့ကြည့်မပေးတော့ဘူးလား။ ပြောမယ့်သာပြောရတာ ထုံးစံမှ မရှိဘဲ။ ပြီးလည်း ပြီးခဲ့ပါပြီလေ။

ရယ်စရာကောင်းတာကပိတ်ဆို့မှုကြောင့် ဒုက္ခရောက်ကြရတယ်ဆိုတဲ့ ဆင်းရဲသားတွေက ပိတ်ဆိုမှုတွေ ဖွင့်ပေးဖို့ တစ်ခါမှ မတောင်းဆိုခဲ့ဖူးဘဲ ဘာမှမဖြစ်ဘူး။ အေးဆေးဆိုတဲ့ အာဏာပိုင်တွေကသာ ဖွင့်ဖို့အရေး တိုးတိုးတစ်မျို၊ ကျယ်ကျယ်တစ်ဖုံ၊ အပေးအယူနဲ့ တစ်သွယ်၊ သံခင်းတမန်ခင်းနဲ့ တစ်နည်း မညည်းမညူ ကြိုးစားခဲ့ကြရှာတယ်။ ရိုးရိုးပဲ တွေးကြည့်ပါ။ ကိုယ့်ကိုမထိခိုက်တဲ့ အရာတစ်ခုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုဖို့ လိုမလိုဆိုတာ။ ထားပါတော့။

လွှတ်တော်ကိစ္စ ပြန်သွားရအောင်ပါ။ ပြည်ခိုင်ဖြိုးပါတီဟာ လွှတ်တော်ထဲ အဆိုမအောင်ခဲ့သော်လည်း အခြားသော အောင်ရာအောင်ကြောင်း နည်းလမ်းကောင်းတွေတော့ ရှိထားပုံပါပဲ။ အခုလည်း ကြည့်လေ။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်မှာ အိုဘားမားနဲ့ တွေ့တော့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့အရေး ပြောဆိုဆွေးနွေးတာပဲ။ (မပြေးသော် ကန်ရာရှိပေါ့လေ) အိုဘားမားကလည်း လိုက်လျောမယ်ပြောတာပဲ။ ဒါ့အပြင် မုန့်ဟင်းခါးဟင်းရည် အဆစ်ရသလို ရလာတာတွေ ရှိသေးတယ်။ အီးယူက လာမယ့်နှစ်မှာ ဗမာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ မတင်သွင်းတော့ဘူးတဲ့။ တိုက်ဆိုင်တယ်ပဲ ပြောရမလာ။ ကံကြမ္မာက လှောင်ပြောင်တယ်ပဲ ပြောရမလား မသိဘူး။ တစ်ပြိုင်တည်းလိုမှာပဲ အင်းဝ အပ်ချုပ်ဆိုင်ကိစ္စ ထဖြစ်တယ်။ အီးယူရဲ့ အစီရင်ခံစာမှာ လက်ဆယ်ချောင်း အချိုးခံရတဲ့ ကိစ္စတို့ နှာခေါင်း ဓါးနဲ့ အလှီးခံရတဲ့ ကိစ္စတို့ မပါရတော့ဘူးပေါ့။ (မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ စံနမူနာပြစရာ လုပ်နည်းကိုင်ဟန်လေးတွေလည်း အစီရင်ခံစာမှာ ပါဝင်ခွင့် မရရှာတော့ဘူးပေါ့။ တစ်ခါ ကုလသမဂ္ဂက ဦးဆောင်ဖွဲ့စည်းတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ မိတ်ဆွေနိုင်ငံများ အဖွဲ့ဆိုလား။ (အမည်မှန်ကို မောင်မှန် သေသေချာချာ မမှတ်မိတာ ခွင့်လွှတ်ပါ။ သေချာတာက အဲဒီအဖွဲ့ဟာ ဗမာပြည် ဒီမိုကရေစီအရေးအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့တာပါ။) အဲ အဲဒီအဖွဲ့ ဖျက်သိမ်းပေးဖို့ တိုက်တွန်းကြောင်းကိုလည်း နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးကျော်တင့်က ပြောခဲ့ပါသေးခင်ဗျ။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ ပြင်းပျတဲ့ ဆန္ဒ ရှိနေပါသတဲ့ခင်ဗျာ။ ဒီတော့လည်း ဖျက်ပေးလိုက်ကြပေါ့။ ဗမာပြည်မှာ ဒီမိုကရေစီလည်း ရနေပြီပဲဟာ။ ဘာလိုသေးလဲ အချစ်ကလေးရယ်ပေါ့။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်က အပြန်မှာ ရွှေအိုးတွေ ပါလာတာတော့ အမှန်ပါပဲ။ ပထမ ရွှေအိုးက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမယ့် ရွှေအိုးပါ။ တကယ့် မဟာဧရာမ ရွှေအိုးကြီးပါပဲ။ စီးပွားရေးပိတ်ဆို့မှုတို့ မမှုပါသည်ဆိုသူတွေအတွက် တကယ့်လက်ဆောင်ကောင်းပါ။ ဒုတိယ ရွှေအိုးကတော့ အီးယူက လူ့အခွင့်ရေး အစီရင်ခံစာ မတင်တော့ဘူးဆိုတာပါ။ တတိယကရွှေအိုးကတော့ လက်ဝယ်ပိုင်ပိုင် မရသေးဘူးပေါ့။ ရွှေအိုးပေးဖို့ကို ပြင်းပျတဲ့ဆန္ဒနဲ့ တောင်းဆိုတုန်းပဲ ရှိပါသေးတယ်။ ဒါလည်း ရမှာပါ။ နည်းနည်းတော့ စောင့်ရမှာပေါ့။ လောလောဆယ်မတော့ ရွှေအိုးနှစ်လုံးပါခင်ဗျာ။ (ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးပေါ့)

ဟုတ်ပါပြီ။ ဒီရွှေအိုးတွေဟာ ဘယ်သူတွေလက်ထဲ ရောက်မှာပါလဲ။ ဘယ်သူတွေ အကျိုးရှိမယ့် ရွှေအိူးတွေပါလဲ။ မောင်မှန်အထက်မှာ တင်ပြခဲ့သလို ဆင်းရဲသားတွေအတွက်တော့ ဟုတ်ဟန်မတူဘူးခင်ဗျ။ ရေများရာ မိုးရွာဆိုသလို ရွှေများရာ ရွှေလာတာပါပဲ။ ရွှေမိုးငွေမိုး ရွာသွန်းဖြိုးပါပဲ။ ရွှေပင်မှာနားတဲ့ ရွှေကျေးပါပဲ။ (ဒီကြားထဲ ပိတ်ဆို့မှုတွေ ဖွင့်တော့မယ်ဆိုမှပဲ ဒေါ်လာဈေးကလည်း ခုန်တက်ပစ်လိုက်သေးရဲ့) မောင်မှန်တို့ဘဝကတော့ ဝဲစားက ဝဲစားပါပဲ။ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော ဝင်လာပြီး ခရိုနီကြီးတွေနဲ့ ပေါင်းကာ ကုမ္ပဏီကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေ ပေါ်လာရင်တော့လည်း မောင်မှန်တို့ သားသမီးများအတွက် ဒရဝမ်၊ သန့်ရှင်းရေး စတဲ့ အလုပ်ကလေးဘာလေး ပေါများလာနိုင်ပေါ့ ခင်ဗျာ။

ပြည်ပခရီးစဉ်က အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး မကောင်းရှာပါဘူး။ ဝှီးချဲနဲ့ လေဆိပ်ထဲက ထွက်ခဲ့ရတာပါ။ လေဆိပ်ထဲမှာ အမှောင်ချထားပြီး အပြင်လူ ဘယ်သူမှ မဝင်ရဘဲ လုံခြုံရေးစည်း အထပ်ထပ်နဲ့ တင်းကျပ်ထားပေမဲ့ ဒေါ်စု ဝှီးချဲနဲ့ ထွက်လာတဲ့ ဓာတ်ပုံတွေဟာ (အင်တာနက်ပေါ်မှာ ဒေါ်စုကို တိုက်ခိုက်နေကြ Page တွေကနေတစ်ဆင့်) ပျံ့နှံ့ခဲ့ပါတယ်တဲ့။ (ဆရာကျော်စွာမြင့်ရေးတာ Tomorrow ဂျာနယ်မှာ ဖတ်ရပါတယ်။) နိုင်ငံတော်၏ အတိုင်ပင်ခုံဂ္ဂိုလ်ရဲ့ အတွင်းစည်း လုံခြုံရေးဆိုတာ ဘယ်လိုပါလဲခင်ဗျာ။ ကျောချမ်းစရာတောင် ကောင်းပါတယ်။ ရွှေအိုးတွေ ယူလာပေးတာတောင်မှ ဒီလိုဆိုရင် လက်ချည်းဗလာ ပြန်လာရင် ဘယ်လိုဖြစ်မလဲ။ ရန်ကုန်မရောက်ခင် လေယာဉ်ပေါ်ကများ တွန်းချကြမလား မသိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေတဲ့ အင်တာနက်ရန်သူတွေဟာ ဘယ်သူဆိုတာ တစထက်တစ သိသာထင်ရှားလာတာတော့ အမြတ်ရလိုက်ပါတယ်။

ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းကျိုးပြည်ကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနေသူပါ။ သူ့ကျန်းမာရေးဟာ တိုင်းပြည်အတွက် အရေးကြီးပါတယ်။ (ခုတော့ ကျန်းမာလာပါပြီ။ ဝမ်းသာရပါတယ်။) သူ့ကျန်းမာရေးသတင်းကို တိုင်းပြည်ကို ထုတ်ပြန်ပြောဆိုပေးနေသူရဲ့ အသံကိုသာ မောင်မှန်ဖြင့် အမြဲတမ်း စောင့်မျှော် နားဆင်လျှက်ရှိကြောင်းပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly