အိုဘားမားအား ငရဲသွားလိုက်ဟု ဆိုကာ တရုတ်နှင့် ရုရှထံမှ လက်နက်ဝယ်မည်ဟု ဒူတာတေးပြော

အိုဘားမားအား ငရဲသွားလိုက်ဟု ဆိုကာ တရုတ်နှင့် ရုရှထံမှ လက်နက်ဝယ်မည်ဟု ဒူတာတေးပြော

မနီလာ၊ အောက်တိုဘာ ၅ ။             ။ ဖိလစ်ပိုင်ခေါင်းဆောင် ဒူတာတေးက အမေရိကန်သမ္မတ ဘားရတ်အိုဘားမားအား ငရဲသွားလိုက်တော့ဟု ပြောကာ ဖိလစ်ပိုင်နိုင်ငံအား အမေရိကန်နိုင်ငံအနေဖြင့် လက်နက်မရောင်းလည်း ရုရှနှင့် တရုတ်တို့က ရောင်းမည်ဖြစ်၍ ဂရုစိုက်စရာမလိုကြောင်း အောက်တိုဘာ ၄ ရက်က ပြောလိုက်သည်။

ဒူတာတေးက ၎င်းအနေဖြင့် နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း အမေရိကန်အပေါ် နင့်နင့်သီးသီး ပြောဆိုမှု၌ ထည့်သွင်းပြောကြားသည်။

“အမေရိကန်နဲ့ အဆုံးသတ်ပစ်ရမယ်။”ဟု ပြောသည်။ ယင်းအဆုံးသတ်ဆိုသည့် စကားလုံးက မည်သည်ကို ရည်ရွယ်ပြီး ပြောမှန်း မရှင်းလင်းပေ။

မနီလာတွင် ဒူတာတေးက မိန့်ခွန်းပြောကြားရာတွင် အမေရိကန်နိုင်ငံက ဖိလစ်ပိုင်အတွက် ဒုံးကျည်နှင့် အခြားလက်နက်များ မရောင်းချင်ကြောင်း၊ သို့သော်လည်း ရုရှနှင့် တရုတ်တု့ိ အလွယ်တကူ ထုတ်ရောင်းမည်ဟု ဆိုထားကြောင်း ထည့်သွင်းပြောကြားသည်။

“ခုကျွန်တော်အပြောအဆိုက ခင်ဗျားအတွက် နားခါးစရာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက ဒီနိုင်ငံ၊ ဒီပြည်သူတွေရဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော် ဦးထိပ်ပန်ထားရတဲ့ တာဝန်ပဲဖြစ်တယ်။ ခင်ဗျားအနေနဲ့ လက်နက်တွေ ထုတ်မရောင်းဘူးဆိုလည်း ကျွန်တော်က ရုရှဆီ လှည့်ရမှာပဲ။

ရုရှဆီ ဗိုလ်ချုပ်ကြီးတွေ သွားပြီးပြီ။

ရုရှက စိတ်မပူဖို့ လိုတာမှန်သမျှ ရစေမယ်ဆိုပြီး ပြောထားတယ်။”ဟု ဒူတာတေးက အိုဘားမားကို နာမည်တပ်ကာ ပြောဆိုခြင်းဖြစ်သည်။ “ဒါအပြင်လည်း တရုတ်ကလည်း ဖိတ်ခေါ်ထားတယ်။

အရောင်းအဝယ် ညှိနှိုင်းပြီး အားလုံးပေးပို့ပေးမယ်လို့ ပြောထားတယ်။”ဟု ဒူတာတေးက ဆိုသည်။ အမေရိကန်ဖက်ကမူ ဒူတာတေး၏ ပြောစကားများကို မသိကျိုးကျွန်ပြုကာ နှစ်နိုင်ငံ နွေးထွေးသော ဆက်ဆံရေးနှင့် ဆယ်စုနှစ်များစွာ မဟာမိတ်ဖြစ်ခဲ့ခြင်းကို အလေးထား ပြောဆိုသည်။

နှစ်နိုင်ငံကြား ဆက်ဆံရေး အပြောင်းအလဲ လုပ်သည်ကို ဖိလစ်ပိုင်ဖက်က တရားဝင် ပြောဆိုမှု မရှိကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့အားနက်စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly