အခွန်ဆောင်ရာတွင် အသက်သာဆုံးဖြစ်စေရန် ဥပဒေများကို ပါးပါးနပ်နပ် အသုံးပြုနိုင်ခဲ့သည်ဟု ဒေါ်နယ်ထရန့် ၀န်ခံ

အခွန်ဆောင်ရာတွင် အသက်သာဆုံးဖြစ်စေရန် ဥပဒေများကို ပါးပါးနပ်နပ် အသုံးပြုနိုင်ခဲ့သည်ဟု ဒေါ်နယ်ထရန့် ၀န်ခံ

အောက်တိုဘာ ၄ ။         ။ နိုင်ငံတွင် ပြဌာန်းထားသည့် အခွန်ဥပဒေများကို ပါးနပ်စွာအသုံးပြုပြီး ဥပဒေဘောင်အတွင်းမှပင် အခွန်ကို နည်းနိုင်သမျှ အနည်းဆုံး ပေးဆောင်ထားနိုင်ခဲ့ကြောင်း ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က ဝန်ခံလိုက်သည်။

၎င်းမှာ ၁၈ နှစ်တာကာလတစ်လျှောက်လုံး ဝင်ငွေခွန်ပေးဆောင်ရန် ရှောင်လွှဲခဲ့နိုင်ကြောင်း သတင်းများတွင် ဖော်ပြနေခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

" အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ဒီ အခွန်ဥပဒေတွေကို ကျွန်တော့်ကိုယ်ကျိုးအတွက် အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်၊ ကျွန်တော့်ကုမ္ပဏီ၊ ကျွန်တော့်ဝန်ထမ်းတွေရဲ့ အကျိုးအတွက် အသုံးချနိုင်ခဲ့ပါတယ်" ဟု ထရန့်က ပြောသွားသည်။

၁၈ နှစ်လုံးလုံး ဝင်ငွေခွန်ပေးဆောင်ခဲ့ခြင်း မရှိနိုင်ကြောင်း သတင်းများ ဖော်ထုတ်တင်ပြထားမှုနှင့် ပတ်သက်၍လည်း ထရန့်မှာ တုန်လှုပ်ခြောက်ခြားနေပုံမရခဲ့ပေ။

" အရိုးသားဆုံးပြောရရင် ဒီဥပဒေတွေကိုပဲ ကျွန်တော် ပါးပါးနပ်နပ် အသုံးချခဲ့တယ်ဆိုပါတော့ဗျာ၊ ကျွန်တော်အနေနဲ့ အခွန်တွေအများကြီးပေးဆောင်ရဖို့ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီအခွန်တွေအားလုံးကို အနည်းဆုံးနဲ့အသက်သာဆုံးဖြစ်အောင်လုပ်ရဖို့က ကျွန်တော့်အလုပ်ပါပဲ၊ အဲဒီကပြန်ရလာမယ့်ဟာတွေကို ကျွန်တော့် အလုပ်မှာ ပြန်ရင်းနှီးမြုှပ်နှံရပါတယ်" ဟု ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly