သမ္မတ ဒူတာတေးက နင့်နင့်သီးသီး ပြောထားသော်လည်း အမေရိကန်က ဖိလစ်ပိုင်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်

သမ္မတ ဒူတာတေးက နင့်နင့်သီးသီး ပြောထားသော်လည်း အမေရိကန်က ဖိလစ်ပိုင်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်

မနီလာ၊ အောက်တိုဘာ ၄ ။               ။ သဘောထားတင်းမာသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရုတ်နှင့် ဆက်ဆံရေးကို မျက်နှာမူပြီး နိုင်ငံတွင်းရှိ အမေရိကန်တပ်များကို ဆက်လက်ထားရှိမည်မဟုတ်ဟု ခြိမ်းခြောက်ပြောဆိုထားသော်လည်း အောက်တိုဘာ ၄ ရက်တွင် အမေရိကန်က ဖိလစ်ပိုင်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်သည်။

သမ္မတ ဒူတာတေးသည် ဇွန် ၃၀ ရက် ရာထူးလက်ခံချိန်မှစကာ သွေးထွက်သံယိုများသော ရာဇဝတ်မှုနှိမ်နှင်းရေး စစ်ဆင်လျက်ရှိခြင်းအပေါ် ဝေဖန်မှုများကြောင့် ဖိလစ်ပိုင်၏ ကိုလိုနီဟောင်းဖြစ်ပြီး အပြန်အလှန်စစ်ရေးမဟာမိတ်လည်းဖြစ်သည့် အမေရိကန်အပေါ် ပြောဆိုထိုးနှက်လျက်ရှိခြင်းဖြစ်သည်။

အမေရိကန်နှင့် စစ်ရေးပူးတွဲလေ့ကျင့်မှုသည် ၎င်း၏ သမ္မတသက်တမ်း ခြောက်နှစ်အတွင်း ယခုအကြိမ်သည် နောက်ဆုံးဖြစ်လိမ့်မည်ဟု ရက်အနည်းငယ်အတောအတွင်းက သတိပေးပြီး တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်ပယ်ချဲ့ထွင်မှုကို တန်ပြန်ရန် ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်စစ်တပ်များ ပိုမိုထားရှိသည့် ယခင်လူဟောင်းများ လုပ်ဆောင်ခဲ့သော စစ်ရေးသဘောတူညီမှုများအားလည်း ဖျက်သိမ်းပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“အခုချိန်မှာ သေချာစဉ်းစားပါ။ ကျွန်တော် ခင်ဗျားတို့ကို ဖိလစ်ပိုင်နိုင်ငံက ထွက်ခွာဖို့ တိုက်တွန်းရမှာဖြစ်တယ်။”ဟု အောက်တိုဘာ ၂ ရက်က ပြောဆိုမှုတွင် အမေရိကန်ကို နင့်နင့်သီးသီးဆဲရေးထားသည်။

“အမေရိကန်ကို ကျွန်တော် မကြိုက်ဘူး။ သူတို့က လူသိရှင်ကြား ကျွန်တော့်ကို အရှက်ခွဲနေတာပဲ။ ဒါကြောင့် ကျွန်တော်ဖက်ကလည်း ပြန်ပြောမယ်။ လိင်ဆက်ဆံတာ ခံလိုက်ကြလို့ အမေရိကန်တွေကို ပြန်ပြောမယ်။”ဟု ဒူတာတေးက ပြောခဲ့ပြီး ၎င်းအနေဖြင့် တရုတ်နှင့် ရုရှတို့နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း CIA က ၎င်းကို လုပ်ကြံရန် စီစဉ်လျက်ရှိနေသည်ဟု အသက် ၇၁ နှစ်ရှိ ဒူတာတေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly