စတုခ်နှင့်ပွဲတွင် ခြောက်ဂိုးလောက် သွင်းနိုင်ခဲ့သင့်သည်ဟု မော်ရင်ဟို ပြောကြား

စတုခ်နှင့်ပွဲတွင် ခြောက်ဂိုးလောက် သွင်းနိုင်ခဲ့သင့်သည်ဟု မော်ရင်ဟို ပြောကြား

အောက်တိုဘာ ၃၊ အင်္ဂလန် ။                    ။ အိုးထရက်ဖို့ဒ် ကွင်းတွင် စတုခ်စီးတီးအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် မန်ယူနည်းပြ မော်ရင်ဟိုက ထိုပွဲစဉ်တွင် ၎င်းတို့အသင်းနေဖြင့်    ခြောက်ဂိုးခန့် သွင်းနိုင်ခဲ့သင့်သည်ဟု ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် မန်ယူအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။ ၁၆ ကြိမ်မှာ ဧရိယာအတွင်းမှ ကန်သွင်းခဲ့ခြင်းဖြစ်ပြီး ၉ ကြိမ် ဂိုးပေါက်တည့်ခဲ့သည်။ မိုဗစ်ချ်၊ လင်ဂတ်တို့၏ အပိုင်ဂိုး ရနိုင်သည့် အခွင့်အရေးများကို စတုခ်ဂိုးသမား ကာကွယ်နိုင်ခဲ့သလို ပေါ့ဂ်ဘာ၏ ခေါင်းတိုက်ချက်မှာလည်း ဂိုးဘားတန်းထိ ထွက်ခဲ့သည်။

‘ဒီပွဲရဲ့ရလဒ်က အကြီးမားဆုံး နိုင်ပွဲတစ်ခု ဖြစ်သွားနိုင်တဲ့ ပွဲပါ။ ၅-ဝ၊ ၆-၀ ရလဒ်လောက် ဖြစ်သင့်တာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် စတုခ်ဂိုးသမား အကောင်းဆုံး ကာကွယ်ခဲ့သလို တိုက်စစ်မှူးတွေလည်း သေချာပေါက် ဂိုးတွေကို လွဲချော်ခဲ့ရပါတယ်’

‘တစ်ခါတစ်လေမှာ သရေကျခဲ့တဲ့ ပွဲတွေရဲ့ ရလဒ်ကို ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး။ မိနစ် ကိုးဆယ်လုံး ပွဲကိုထိန်းချုပ်ပြီး အကောင်းဆုံး စိတ်ဓာတ်၊ အကောင်းဆုံး ပုံစံနဲ့ကစားနိုင်ခဲ့တာပါ။ ကစားသမားတွေရော ကျွန်တော်ပါ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားခဲ့ကြတာပါပဲ။ လူတိုင်းက တတ်နိုင်တာထက်ပိုပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သရေ ရလဒ်ကိုသာ ရယူနိုင်ခဲ့ပါတယ်’ ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ထိုပွဲစဉ်တွင် မန်ယူက ၆၉ မိနစ်တွင် မာရှယ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၈၂ မိနစ်တွင် ဂိုးသမားဒီဂီယာ၏ မသေသပ်သည့် ကာကွယ်မှုမှတစ်ဆင့် ဂျိုးအလန်က ချေပဂိုး သွင်းယူခဲ့သည့်အတွက် တစ်ဂိုးစီ သရေကျခဲ့ရသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly