ကက်ရှ်မီးယားတွင် အိန္ဒိယ စစ်စခန်းအား စစ်သွေးကြွများ တိုက်ခိုက်

ကက်ရှ်မီးယားတွင် အိန္ဒိယ စစ်စခန်းအား စစ်သွေးကြွများ တိုက်ခိုက်

ကက်ရှ်မီးယား၊ အောက်တိုဘာ ၃ ။              ။ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသအတွင်း စစ်သွေးကြွများက အိန္ဒိယစစ်အခြေစိုက်စခန်းတစ်ခုအား သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်၍ နယ်ခြားစောင့်စစ်သားတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရသည်။

 

ကက်ရှ်မီးယား၏ အဓိက မြို့ကြီးဖြစ်သော သီရိနာဂါမှ မိုင် ၃၀ အကွာ ဘာရာမူလာမြို့ရှိ အိန္ဒိယ စစ်အခြေစိုက် စခန်းအား တိုက်ခိုက်ခြင်းဖြစ်ရာ အိန္ဒိယ စစ်သားများက ပြန်လည်ပစ်ခတ်ကာ အပြန်အလှန် တိုက်ပွဲဖြစ်သည်။

 

အဆိုပါ စစ်စခန်းမှာ သောင်းကျန်းသူ စစ်သွေးကြွများ အဖွဲ့များ ချေမှုန်းရေး ရုံးချုပ် စစ်စခန်းလည်း ဖြစ်သည်။

 

ဒေသတွင်း စစ်သွေးကြွများ ရှိရာ ဦးတည်ရာ ပစ်မှတ်ကို အပြတ်ချေမှုန်းသည့် စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည်ဟု အိန္ဒိယ စစ်တပ်က ကြေညာပြီး သုံးရက်မြောက်တွင် ယခုကဲ့သို့ စစ်သွေးကြွများဖက်က လာရောက် တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

 

စစ်ဆင်ရေးတွင် ပါကစ္စတန်က ထောက်ပံ့ထားသည့် စစ်သွေးကြွများ၏ ဒုံးလွှတ်စင်များကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အိန္ဒိယဖက်က ပြောသော်လည်း ပါကစ္စတန်ဖက်က ငြင်းဆန်သည်။

 

ကက်ရှ်မီးယားတွင် စက်တင်ဘာ ၁၈ ရက်က နှစ်များစွာအတွင်း သေဆုံးမှုအများဆုံးအဖြစ် အိန္ဒိယ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရ၍ အိန္ဒိယစစ်တပ်က ပြန်လည်စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းလည်းဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်က အူရီမြို့ရှိ စစ်အခြေစိုက်စခန်းသို့ စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်ရာ အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly