ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မိမိကိုယ်ကိုယ် ဟစ်တလာဟု ခိုင်းနှိုင်း ပြောဆို

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မိမိကိုယ်ကိုယ် ဟစ်တလာဟု ခိုင်းနှိုင်း ပြောဆို

စက်တင်ဘာ ၃၀ ။                      ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ၎င်းမှာ နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာနှင့် အလားသဏ္ဍာန် တူကြောင်း ခိုင်းနှိုင်း သုံးနှုန်းသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ နိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူ ၃ သန်း ကိုလည်း အမြစ်ပြုတ် သုတ်သင်သွားလိုသည်ဟုလည်း ပြောကြားသွားသည်။

ဗီယက်နမ် ခရီးစဉ်အပြီး ဒါဗာအိုမြို့သို့ ရောက်ရှိချိန် သတင်းသမားများကို ပြောဆိုရာတွင် ၎င်းအား ဝေဖန်သူများက ဟစ်တလာနှင့် ညီအကိုဝမ်းကွဲများ တော်လေမလားဟု ခိုင်းနှိုင်း သုံးနှုန်းခဲ့မှုများ ရှိခဲ့သည်ဟု ဆိုသည်။

ဂျူးလူမျိုး သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဟစ်တလာအကြောင်း မှတ်ချက်ပြု ပြောကြားရင်းဖြင့် ဖိလစ်ပိုင်တွင်လည်း မူးယစ်ဆေးစွဲသူ သုံးသန်းခန့် ရှိနေကြောင်းနှင့် ၎င်းတို့ကို အမြစ်ပြုတ် ရှင်းလင်းရမည့်အပေါ် ပျော်ရွှင်မိနေကြောင်း ဒူတာတေးက ပြောသွားသည်။

" ဂျာမနီမှာ ဟစ်တလာ ရှိခဲ့တယ်ဆိုရင် ဖိလစ်ပိုင်မှာလည်း ရှိရပါမယ်" ဟု ၎င်းကိုယ်ကိုယ် ညွှန်ပြ ပြောဆိုသွားသည်။

" နိုင်ငံမှာ အပြစ်မဲ့ ပြည်သူတွေ ရှိတယ်ဆိုတာ ခင်ဗျားတု့ိ သိမှာပါ၊ ဒါကြောင့်မို့ ပြစ်မှုကျူးလွန်သူ အားလုံးကို ဖယ်ရှားပေးပြီးတော့ ကျွန်တော်နိုင်ငံနဲ့ ပြည်သူအတွက် ပြဿနာတွေ ရှင်းပေးရပါမယ်၊   နောက်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတွေကိုပါ ကယ်တင်ပေးရာ ရောက်ပါတယ်" ဟု ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly