အကြောက် တရားနဲ့ အရှက် တရားကို လိုတာထက် ပိုမကြီးသင့်ဘူးလို့ ဆိုတဲ့ ဒေါ်တင့်တင့်လွင်နှင့် တွေ့ဆုံခြင်း

28 September 2016
အကြောက် တရားနဲ့ အရှက် တရားကို လိုတာထက် ပိုမကြီးသင့်ဘူးလို့ ဆိုတဲ့ ဒေါ်တင့်တင့်လွင်နှင့် တွေ့ဆုံခြင်း

ဂျာမန်စကားပြော ဧည့်လမ်းညွှန်တစ်ဦးအဖြစ်ကနေ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ ကို တဆင့်ချင်းလုပ်ကိုင်ပြီး ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်နေသူတစ်ဦး ရှိပါတယ်။ သူက ဒေါ်တင့်တင့်လွင် ပါ။

လုပ်ငန်းတွေလုပ်တဲ့အခါ သူ ဘယ်လိုကြိုးစားခဲ့ရသလဲ။ ဘယ်လိုတာဝန်ယူမှုတွေနဲ့ စီးပွားရေးလုပ်ကိုင် နေသလဲ။ ဒေါ်တင့်တင့်လွင်က အခုလို ရှင်းပြထားပါတယ်။

ပထမဦးဆုံးမေးခွန်းတစ်ခုအနေနဲ့ အစ်မ စတင်ပြီးတော့ အလုပ်လုပ်ကိုင်ခဲ့တာ ဘယ်အချိန်လောက် ကလဲရှင့်။

“အစ်မကတော့ ၁၉၉၆ ခုနှစ်မှာ ဓာတုဗေဒဘာသာရပ်နဲ့ ကျောင်းပြီးတဲ့အချိန်ကနေစပြီးတော့ အစ်မ UFL ကိုတက်တယ်။ UFL မှာ ဂျာမန်ဘာသာအဓိကနဲ့ ဒီပလိုမာတန်းကို စတက်တယ်ပေါ့နော်။ အဲဒီ အချိန်တုန်းကဆို အစ်မတို့ခရီးသွားလုပ်ငန်းက ၁၉၉၆ မှာ Visit Myanmar Year ခရီးသွားလုပ်ငန်း ကနေ စတင်တယ်လေ။ အဲဒီအချိန်မှာ အစ်မကိုယ်တိုင်ကလည်း နိုင်ငံခြားဘာသာစကားကို စိတ်ဝင် စားတယ်။ ပြီးတော့ တခြားနိုင်ငံရဲ့ သမိုင်းအကြောင်းတွေကိုလည်း စိတ်ဝင်စားတဲ့အတွက် အစ်မ အဲဒီ အချိန်မှာ ဂျာမန်ဘာသာ  UFL မှာ ၂ နှစ်လောက်ပဲ သင်ပြီးတော့ အစ်မရဲ့ဧည့်လမ်းညွှန်ဘဝကို စတင် ခဲ့တယ်။ အဲဒီ ဂျာမန်ဧည့်လမ်းညွှန်ဘဝမှာ အစ်မက ဆွစ် ခရီးသွားကုမ္မဏီတစ်ခုမှာ အချိန်ပြည့် ဝန်ထမ်းအဖြစ်အနေနဲ့ အဲဒီအလုပ်ကို စတင်ပြီးတော့ လုပ်ခဲ့တယ်။ အစ်မရဲ့ ပထမဆုံးအလုပ်ကလည်း နောက်ဆုံးအလုပ်ပဲပေါ့။ ”

အဲဒီတော့ အစ်မ လုပ်ငန်းတွေကျတော့ ဘယ်လုပ်ငန်းနဲ့ စတင်ခဲ့တာလဲ။

“ဒီ ဂျာမန်ဘာသာစကားပြောကြတဲ့ ဆွစ်ဇာလန်၊ သြစတြီးယား၊ ဂျာမနီ တို့မှာရှိတဲ့ အစ်မ မိတ်ဆွေ တွေက ပြောကြတယ်။ တင့်တင့် နင်ဟာဆိုလို့ရှိရင် အခုအချိန်မှာ လုပ်ငန်းစတင်သူတစ်ယောက်ဖြစ် သင့်နေပြီပေါ့နော်။ ကိုယ့်ရဲ့ဘဝကို ပြောင်းလဲသင့်ပြီပေါ့။ အဲ့လို သူတို့ပြောတဲ့အချိန်မှာ အစ်မ စဉ်းစား တယ်။ ကိုယ့်ကုမ္မဏီကသူဌေးကို အစ်မ မှန်မှန်ကန်ကန်ပြောမယ်။ ဘဝတစ်ခုကို ပြောင်းချင်တယ်။ သူနဲ့လုပ်ခဲ့တဲ့အချိန်မှာ ကုမ္မဏီအပေါ် တစ်ကြိမ်မှမထိခိုက်ခဲ့တဲ့အပြင် ကုမ္ပဏီတိုးတက်ဖို့ကို အများကြီး လုပ်ခဲ့ပေးတဲ့အတွက် အစ်မကိုယ်အစ်မလည်း လိပ်ပြာလုံတယ်။ ဒီလုပ်ငန်းကနေ လုပ်ငန်းရှင်ဘဝကို ကူးပြောင်းဖို့အတွက်ပေါ့နော်။ ကူးပြောင်းတဲ့အချိန်မှာ အစ်မ စီးပွားရေးကျင့်ဝတ်တစ်ခုကို စောင့်ထိန်း တယ်ပေါ့။ အစ်မတို့ကုမ္မဏီရဲ့ သူတို့နဲ့ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို အစ်မ လုံးဝမဆက်သွယ်ဘူး။ အစ်မ သူဌေးနဲ့ပတ်သက်တဲ့ မန်နေဂျာတွေအားလုံးကိုလည်း ပြောခဲ့တယ်။ ဒီကုမ္ပဏီကဆက်သွယ်ပြီး လုပ်ဆောင်နေတဲ့ ဖောက်သည်တွေအကုန်လုံးကို ငါ လုံးဝဖြားယောင်းသွေးဆောင်ပြီးတော့ ဆွယ်မှာ မဟုတ်ပါဘူးဆိုတာကို။ ဒါက အစ်မစောင့်ထိန်းတဲ့ သစ္စာတရားပေါ့နော်။ အမှန်တိုင်းပြောလို့ရှိရင် အစ်မမှာ ပိုက်ဆံနည်းနည်းလေးပဲ ရှိတယ်။ အစ်မ ဝန်ထမ်းလေးနှစ်ယောက်နဲ့ပဲ ဒီ Travel and tours လုပ်ငန်းတစ်ခုကို စတင်တည်ထောင်တာပေါ့နော်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ဂိုက်လုပ် တယ်။ ကိုယ်ကိုယ်တိုင်ပဲ ခရီးစဉ်ကိစ္စတွေကို လုပ်ကိုင်တယ်။ အဲဒီအချိန်မှာ ခရီးသွားအရေအတွက် ကလည်း အရမ်းနည်းတယ်။ ကိုယ်ကိုယ်တိုင်လိုက်တယ်။ တချို့ ခရီးစဉ်လေးတွေ ဂိုက်ခေါ်တယ်။ အစ်မ သူငယ်ချင်းဂိုက်တွေ ရှိတယ်။ အရမ်းတော်တဲ့ဂိုက်တွေ ရွေးပြီးခေါ်တယ်။ အဲဒီအချိန်မှာ အစ်မ က သူတို့ရဲ့လိုအပ်ချက်တွေကို အသေးစိတ်သိနေတဲ့အခါကျတော့ ဒီလုပ်ငန်းကို အတူတူလုပ်ကိုင်သူ တွေရဲ့ အားနည်းချက်ပေါ့နော်။ သူတို့တွေရဲ့ အားနည်းချက်တွေ ဘာရှိလဲ။ ပြီးတော့ အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေရဲ့ အဓိကအချက်ပေါ့နော်။ ဘာလို့ သူတို့ အောင်မြင်နေတာလဲပေါ့နော်။ သူတို့ဆီ ကနေ အစ်မ အတုယူလုပ်တယ်။ လေ့လာတယ်။ ပြီးလို့ရှိရင် အားနည်းနေတဲ့ မအောင်မြင်သူတွေရဲ့ အားနည်းချက်ကို ကြည့်တယ်။ ပြီးလို့ရှိရင် ဒီနှစ်ခုကိုပေါင်းပြီး အောင်မြင်နေတဲ့ကုမ္ပဏီနဲ့ မအောင် မြင်တဲ့ကုမ္ပဏီ နှစ်ခုထက်သာအောင်လို့ ငါ ဘာတွေ လုပ်ဆောင်ဖို့လိုလဲ ဆိုတာကို အစ်မတွေးပြီးတော့ စီးပွားရေးအခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပြီးတော့ အစ်မလုပ်ငန်းကို စလုပ်တယ်ပေါ့နော်။ အဲဒီလို စလုပ်တဲ့အချိန်မှာ ဒီလုပ်ငန်းက မထင်မှတ်လောက်အောင် အောင်မြင်တယ်။ အစ်မ တစ်နှစ် အတွင်းမှာပဲ ခရီးသွားအုပ်စုကြီးတွေ ရလာတယ်။ အစ်မ ကုမ္ပဏီက ဝန်ထမ်းနှစ်ယောက်ကနေ စပြီး တော့ စခဲ့တဲ့တစ်နှစ်အတွင်းမှာပဲ ဝန်ထမ်း ၁၆ ယောက်ထိပေါ့နော်။ အဲ့ဒီ ၁၆ ယောက်နဲ့ အစ်မ ဆက်လုပ်လာရတယ်။ အဲဒီ တစ်နှစ် နှစ်နှစ်အတွင်းမှာပဲ အစ်မက မြစ်တွင်းအပျော်စီးသင်္ဘောတွေကို အရမ်းသဘောကျတယ်လေ။ ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ သင်္ဘောတွေ၊ ရွက်လှေတွေ အဲဒါတွေ က အစ်မအတွက် အိပ်မက်တစ်ခုပေါ့နော်။ အစ်မ ဂိုက်လုပ်တဲ့အချိန်တုန်းကလည်း ငါ တစ်နေ့မှာ ဒါတွေကို ဦးဆောင်ပြီးတော့ လုပ်ချင်လိုက်တာလို့ အမြဲတမ်းစိတ်ကူးယဉ်ခဲ့တာပေါ့နော်။ အဲ့ခါကျတော့ အစ်မရဲ့ ပထမဦးဆုံးစိတ်ကူးကို အကောင်အထည်ဖော်တာပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ ဧရာဝတီမြစ်ပေါ်မှာ ကျွန်းသင်္ဘောလေးနဲ့ စပြီးတော့ နိုင်ငံခြားသားတွေကို အသက်သာဆုံး   ဈေးနဲ့   ပြည်တွင်းကလည်း စီးနိုင်ရမယ်၊ နိုင်ငံခြားသားလည်း စီးနိုင်ရမယ်ဆိုပြီးတော့ အစ်မ ကျွန်းသင်္ဘော လေးကို စပြီးတော့ ဧရာဝတီမြစ်ပေါ်မှာ ပြေးဆွဲတယ်။

စပြီးတော့ ပြေးဆွဲတဲ့အချိန်မှာ အစ်မကိုယ်တိုင်ပဲ ဝန်ဆောင်မှုပေးတယ်။ သူတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုပိုင်းကအစပေါ့နော်။ အဲဒီအချိန်က ဧရာဝတီမြစ်ပေါ်မှာ   ဈေးကြီးတဲ့ သင်္ဘောတွေကလွဲရင်   ဈေးနည်းတဲ့သင်္ဘောတွေအကုန်လုံးက သန့်ရှင်းမှုပိုင်းကို ကောင်းကောင်းမလုပ်နိုင်သေးဘူး။ အဲဒီ အချိန်မှာ အစ်မရဲ့ အတွေ့အကြုံအရ အဲ့ဒီအပိုင်းကို   သေချာဂရုစိုက် လုပ်တယ်။   ရေသန့် စနစ်တွေ၊   နောက်ပြီးတော့ အစ်မ ဝန်ဆောင်မှုပိုင်းဆိုင်ရာမှာ အလှအပ ရှုခင်းကြည့်တာတွေကို တခြား ကြယ်ငါး ပွင့်အဆင့် သင်္ဘောတွေအတိုင်း အစ်မ လုပ်တယ်။ အစ်မကိုယ်တိုင် ဂိုက်လိုက်တယ်။ သင်္ဘောပေါ်မှာ သင်္ဘောသားတွေကိုလည်း အစ်မကိုယ်တိုင် လေ့ကျင့်ပေးတယ်။ ကိုယ်ကိုယ်တိုင်လည်း လွယ်အိတ်ကို စလွယ်သိုင်းပြီးတော့ ထီးလေးတစ်ချောင်းနဲ့လိုက်တာ။ အစ်မက ကုမ္မဏီပိုင်ရှင် တစ်ယောက်လို ဘယ်တော့မှ မနေဘူးပေါ့နော်။ ”

လက်ရှိမှာ အစ်မ လုပ်ဆောင်နေတဲ့လုပ်ငန်းတွေက ဘယ်နှစ်ခုလောက် ရှိနေပြီလဲ။ ရှေ့ဆက်ပြီးတော့ လုပ်ငန်းတိုးချဲ့ဖို့အတွက် အစီအစဉ်တွေရော ရှိလား။

“အစ်မ လက်ရှိမှာဆိုရင် တော်တော်လေးတော့ များနေပြီပေါ့နော်။ အရင်တုန်းကဆို ခရီးသွားကုမ္ပဏီ တစ်ခုပဲ ရှိရာကနေ အခုဆို Tint Tint Myanmar Group Of Companies တစ်ခု ဖြစ်လာတယ်။ အစ်မ ကုမ္ပဏီလက်အောက်မှာ ဆိုလို့ရှိရင် အစ်မတို့ဟာ ခရီးသွားလုပ်ငန်းအပြင် မြစ်တွင်းအပျော်စီး သဘောၤ လေးစင်းနဲ့ ရွက်လှေ ငါးစင်းပေါ့နော်။ ရွက်လှေတွေဆိုတာက မြိတ်ကျွန်းစုဘက်မှာပေါ့နော်။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ စပြီးတော့ တည်ထောင်လုပ်ကိုင်လိုက် တဲ့ ကုမ္ပဏီပေါ့နော်။ လက်ရှိမှာ အစ်မတို့ စပြီးအကောင်အထည်ဖော်နေပါပြီ။ အဲဒါတွေကလည်း   အောင်မြင်ပါတယ်။ အဲဒီအပြင်ကို အစ်မက အထည်ချုပ်စက်ရုံပေါ့နော်။ အထည်ချုပ်စက်ရုံဆိုတာ ရိုးရိုး ကိုရီးယားတွေ ဂျပန်တွေလိုမျိုး အထည်ချုပ်မဟုတ်ပဲနဲ့ မြန်မာနိုင်ငံမှာမရှိတဲ့ ယူနီဖောင်းပေါ့နော်။ ယူနီဖောင်းကို အစ်မတို့ လက္ကားစနစ်နဲ့ အကြီးကြီးထုတ်တဲ့စက်ရုံအနေနဲ့ အဲဒါတွေလည်း လုပ်ထား တယ်။ နောက်ပြီးတော့ အစ်မတို့ ထပ်ပြီးတော့ ဟိုတယ်လုပ်ငန်းပေါ့နော်။ အစ်မက ကလောတို့ စစ်ကိုင်းတို့မှာလည်း ဟိုတယ်တွေဆောက်ထားတယ်။ ချဲ့ထွင်ထားတယ်။ နောက်ထပ် ထပ်ပြီးတော့ လည်း မိုးကုတ်တို့ ကော့သောင်းတို့ အဲဒီဘက်တွေမှာလည်း ထပ်ပြီးတော့ချဲ့ဖို့ အားလုံးစီစဉ်ထား ပါတယ်။ အခုလောလောဆယ်မှာ ညောင်ရွှေ၊ အင်းလေးဘက်မှာ ဆိုလို့ရှိရင်လည်း အစ်မက ဒီနိုင်ငံမှာ မရှိတဲ့ ဟိုတယ်ပုံစံမျိုးတွေ ကြယ်ငါးပွင်းအဆင့် ပုံစံမျိုးကြီးတော့ မဟုတ်ဘူးပေါ့နော်။ လူတွေအားလုံး၊ ကလေးတွေအားလုံး ဘယ်လိုပြောရမလဲ လူကြီး လူငယ်မရွေး အကုန်လုံး ပါဝင်ပျော်ရွှင်နိုင်တဲ့ အပန်းဖြေစခန်းတွေလုပ်ဖို့ အစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ အခုလောလောဆယ် အကြီး ဆုံး စီမံကိန်းနှစ်ခုကတော့ စိုက်ပျိုးရေးပိုင်းပေါ့နော်။ စိုက်ပျိုးရေးမှာ သြစတြေးလျနိုင်ငံက စိုက်ပျိုးရေး ပညာရှင်တွေလုပ်တဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေနဲ့ ဒီအစိုးရအသစ်နဲ့အတူ ပူးပေါင်းပြီးတော့ အစ်မတို့ စိုက်ပျိုးရေး စီမံကိန်းအကြီးကြီး တစ်ခုကို စတင်နေတယ်။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာ အစ်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ လယ်သမားတွေ ဒီဘဝက အမြန်ဆုံးတိုးတက်ဖို့အတွက် သူတို့ဘဝ မြင့်မား လာဖို့အတွက် အစ်မတို့ ရည်မှန်းချက်ထားထားတယ်။ အစ်မတို့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို တစ်နှစ် နှစ်နှစ်အတွင်းမှာ အကြီးအကျယ် ပြောင်းလဲမယ်။ ပြီးလို့ရှိရင် နောက်တစ်ခုက စွမ်းအင်ပေါ့နော်။ အစ်မအခု Tint Tint Energy ဆိုပြီးအသစ်ချဲ့ထွင်ထားတဲ့ စွမ်းအင်ကုမ္ပဏီ တစ်ခုလုပ်ထား တယ်။ ”

အဲဒီတော့ လုပ်ငန်းတွေအများကြီးကို ဦးစီးလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲရှင့်။

“အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် စိန်ခေါ်မှုက သူများထက် ပိုကြီးတာပေါ့နော်။ မြန်မာအမျိုး သမီးတွေ တော်တော်များများဟာ ဆိုလို့ရှိရင် ဘာပဲပြောပြော အကြောက်တရားနဲ့ အရှက်တရားလေ။ အကြောက်တရား၊ အရှက်တရားဟာ လိုတာထက်ပိုပြီးတော့ တအားကြီးနေတယ်ပေါ့နော်။ အဲဒီလို ကြီးနေတဲ့အတွက် တစ်ခုခုဆို စိုးရိမ်စိတ်များတဲ့အတွက် စီးပွားရေးပိုင်းဆိုင်ရာမှာ   နှောင့်နှေး တာမျိုး   တွေ ဖြစ်တတ်တယ်ပေါ့နော်။ ယောကျ်ားတွေအများကြီးနဲ့ အလုပ်လုပ်ရတဲ့ အခါမှာ အဆင်မပြေဖြစ်တဲ့ အပိုင်းတွေအများကြီး မိန်းကလေးတော်တော်များများမှာ ရှိတတ်တယ်လေ။ အစ်မအနေနဲ့ကျတော့ ဒါတွေကို ဖယ်ထုတ်လိုက်တယ်။ မိမိသည် သိက္ခာရှိရှိနေထိုင်မယ်။ သိက္ခာရှိရှိ ပြောဆို ဆက်ဆံမယ် ဆိုလို့ရှိရင် မိန်းကလေးတွေ ယောကျ်ားလေးတွေ ခွဲခြားနေဖို့ မလိုဘူးပေါ့နော်။ အစ်မပြောမယ့် စကားအပေါ်ကိုပဲ အစ်မ ဦးတည်တယ်။ ကိုယ့်ရှေ့က ကိုယ်နဲ့ပြောနေတဲ့လူက မိန်းမလား ယောကျ်ား လား ဆိုတာ အစ်မစိတ်ထဲမှာ မတွေးထားဘူး။ ဒါသည် အစ်မပြောမယ့် ရည်ရွယ်ချက်တစ်ခုကိုပဲ အာရုံစူးစိုက်လုပ်တယ်ပေါ့နော်။ များသောအားဖြင့် ယောကျ်ားလုပ်ငန်းရှင်တွေနဲ့ လက်တွဲလုပ်ရတာ ပေါ့နော်။ ဒီလုပ်ငန်းရှင်တွေထဲမှာ တော်တော်လေးကို မောင်နှမတွေလိုစောင့်ရှောက်တဲ့ လုပ်ငန်းရှင်   တွေရှိသလို တစ်ခါတလေ ကျလို့ရှိရင် They play dirty game လေ။ Dirty game တွေလိုကစား တဲ့သူတွေလည်း ရှိတယ်။ သူတို့ရဲ့အကွက်တွေကို အစ်မက ဂရုတစိုက်ကြည့်ပြီးတော့ ထိန်းသိမ်းရ တယ်။ အရမ်းကို သတိထားရတာပေ့ါနော်။ အဲဒီလို သတိထားနေရတဲ့အတွက် တစ်ခါတလေကျရင် ဒီလိုမျိုး စိန်ခေါ်မှုပိုင်းဆိုင်ရာတွေက တော်တော်ကြီးတယ်ပေါ့နော်။ အဲဒါမျိုး အခြေအနေတွေကိုတော့ အစ်မ စိတ်အေးအေးထားပြီး သတ္တိရှိရှိနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့တယ်ပေါ့နော်။”

မြန်မာနိုင်ငံက လုပ်ငန်း အများစုမှာ သတိထားမိတာကလည်း ရာထူးကြီးကြီးပိုင်းမှာတောင် အမျိုးသမီး တွေက နည်းနေတာတွေ့ရတယ်။ အမျိုးသားတွေကပဲ အုပ်ချုပ်မှုအပိုင်းမှာ ဝင်ပြီးတော့ နေရာယူထား တာတွေက များနေတယ်။ အဲဒီအပေါ်မှာကော အစ်မအနေနဲ့ ဘယ်လိုမျိုး မြင်မိလဲရှင့်။ အဓိကကတော့ ဘာကြောင့် အဲဒီလို ဖြစ်နေတယ်လို့ သုံးသပ်ချင်လဲ။

“မိသားစုဘဝတွေမှာ အမျိုးသမီးတွေဟာဆိုလို့ရှိရင် သူတို့မှာ ကွဲပြားခြားနားတဲ့ ယောကျ်ားအမျိုး အစားတွေ ရှိတယ်။ အချို့ကလည်း ပွင့်ပွင့်လင်းလင်းနေထိုင်တာကို ခွင့်ပြုတဲ့ယောကျ်ားတွေ ရှိတယ်။ အချို့ကကျတော့ အမြဲတမ်း သဝန်တိုနေပြီးတော့ အိမ်ပြန်နောက်ကျတဲ့အချိန်မှာ ပြဿနာရှာတာတို့ ဘာတို့ရှိတယ်။ အဲလိုမျိုးတွေအတွက် အမျိုးသမီးတွေကဆိုလို့ရှိရင် သူတို့မှာ ထိုးဖောက်နိုင်ရဲ့သားနဲ့ အရည်အချင်းတွေရှိရဲ့သားနဲ့ တစ်ခါတစ်ခါကျရင် သူတို့ရဲ့နောက်က မိသားစုကို ပြန်ပြန်ကြည့်နေရ တယ်။ သူတို့မိသားစုဘဝ မပြိုကွဲအောင်ထိန်းသိမ်းရင်းနဲ့ပေါ့။ နောက်ပြီးတော့ သားသမီးတွေ   ပေါ့နော်။ မြန်မာမိခင်နဲ့ မြန်မာသားသမီးတွေဟာဆိုလို့ရှိရင် လက်ပွန်းတတီး ရှိနေတယ်လေ။ အဲဒီလိုဖြစ်နေ တဲ့အခါကျတော့ သူတို့အနေနဲ့ ကလေးတွေရဲ့စိတ်ဆန္ဒတွေရယ်၊ ပြီးတော့ ကိုယ့်ယောကျ်ားနဲ့ အိမ်ထောင်မှု မပြိုကွဲဖို့ရယ်၊ ပြီးတော့ မိဘတွေရဲ့စိုးရိမ်ပူပန်စိတ်တွေရယ်၊ ဘယ်ရောက်နေတာလဲ နင် ပြန်မလာသေးဘူးလား ဘာလုပ်နေလဲ အဲလိုတွေပေါ့နော်။ ဒီလိုကိစ္စတွေပေါ်မှာ သူတို့က ဦးစားပေး လိုက်ရတယ်။ ပထမနေရာအနေနဲ့ ဦးစားပေးလိုက်တဲ့အခါမှာ စီးပွားရေးက ဒုတိယနေရာ ဖြစ်သွားတဲ့ အခါကျတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ အစ်မ ထင်တာပေါ့နော်။ ဒါပေမဲ့ ဒီဟာက ကျတော့ ဘယ်လိုခေါ်မလဲ မြန်မာနိုင်ငံရဲ့ မိသားစုစနစ်ပေါ့နော်။ ဒီအတွက် ဦးစားပေးခဲ့တာကလည်း သူ့တို့ကို လေးစားစရာပါပဲလေ။ ဒါကတော့ အစ်မ ထင်တယ် တစ် အချက်ပေါ့နော်။ အစ်မကတော့ တစ်ကိုယ်တော်မိခင်တစ်ယောက်ဖြစ်တဲ့အတွက် အစ်မရဲ့သားလေးကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ထားတယ်။ သူ့ကို ငယ်ငယ်လေးကတည်းက ရွေးချယ်ခိုင်းထားတယ်။ မေမေက အနားမှာ နေပြီးတော့ အမြဲတမ်း လက်ပွန်းတတီးနေပေးတဲ့ အမေတစ်ယောက်အနေနဲ့ သာမန်အလုပ်ကလေး လုပ်ပြီးတော့ ညနေကျရင်ပြန်လာမယ် ကလေးကို ဂရုစိုက်ပေးမယ်ဆိုတဲ့ မိခင်မျိုးကို လိုချင်လား။ သို့မဟုတ် သူဖြစ်ချင်တဲ့ဘဝမှာ အလှဆုံးဘဝကို ပိုင်ဆိုင်မယ့်၊ ဖန်တီးပေးနိုင်တဲ့ အမေလိုမျိုး ဖြစ်စေ ချင်သလားပေါ့နော်။ ကလေးကိုတော့ ကလေးနားလည်တဲ့ ဘာသာစကားနဲ့ သုံးခဲ့တာ  ပေါ့နော်။ အဲဒီလို ပြောတဲ့အချိန်မှာ သူရွေးချယ်ခဲ့တာက သားသားလိုချင်တာတွေ အကုန်ရတဲ့ဘဝကို သူ လိုချင်ပါတယ်။ အရမ်းတော်တဲ့မေမေကို လိုချင်ပါတယ်လို့ ပြောတယ်။ ကဲ အရမ်းတော် တဲ့ အမေကို လိုချင်ရင်တော့ ဒါလေးတွေ ဒါလေးတွေကိုတော့ သားသည်းခံရမယ်လို့ ပြောတဲ့အခါမှာ ကလေးက သည်းခံခဲ့တယ်။ ဘယ်သောအခါမှ ကိုယ့် အမေမရှိရင်၊ အမေခရီးသွားတဲ့ အချိန်မျိုးဆိုရင် ငိုတာတွေ  ဂျီကျတာတွေ မရှိ ဘူး။ ဒါပေမယ့် ပြန်လာရင်တော့ ဘာဝယ်လာရမယ်၊ ဘာလိုချင်တယ်ဆိုတဲ့ တောင်းဆိုချက်တွေတော့ ရှိတယ်ပေါ့နော်။ အခုဆိုလို့ရှိရင် သားလေးဟာ ၁၈ နှစ်ပြည့်ပြီးတဲ့ အချိန်မှာပဲ ကုမ္ပဏီပိုင်ရှင်ဘဝကို စရောက်နေပြီ။ သူကို ကုမ္ပဏီနှစ်ခု စတင်တည်ထောင်ပေးထားတယ်ပေါ့နော်။ သူဟာ အသက်ငယ် ငယ်လေးနဲ့   တော်တော် စီမံခန့်ခွဲနိုင်တယ်။   လောလောဆယ်တော့ သြစတြေးလျမှာ ကျောင်းတက်နေ တယ်။ ကျောင်းတက်နေရင်းနဲ့ပဲ အလုပ်ကိုတွဲလုပ်နေတယ်။

အခုနောက်ဆုံးမေးခွန်းလေး တစ်ခုအနေနဲ့ မေးချင်တာကတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘဝမှာ အောင်မြင်မှုရရှိဖို့အတွက် အစ်မလိုဘဲ အချိန်အတိုအတွင်းမှာ ရအောင်လုပ်နိုင်ခဲ့တဲ့သူတစ်ယောက်ရဲ့ သော့ချက်ပေါ့နော်။ အဲဒီ အဓိကသော့ချက်က ဘာများဖြစ်မလဲရှင့်။ အဲဒါလေးကို ဝေမျှပေးပါလား။

“အစ်မရဲ့ အဓိကသော့ချက်ကတော့ အစ်မအနေနဲ့ အရှိန်အဟုန်ကို ဆုံးရှုံးမှုမဖြစ်ရဘူး။ ကိုယ်အမြဲ တမ်းသွားနေတဲ့ အရှိန်အဟုန်ကို ဆုံးရှုံးမှုမဖြစ်အောင်လို့ ထိန်းချုပ်မှုတစ်ခု ရှိဖို့လိုတယ်။ နောက်တစ် ချက်ကတော့ အစ်မတို့ အမြဲတမ်း Innovative  ဖြစ်နေရမယ်။ ဘာလို့လဲဆိုတော့ Innovative ဖြစ်နေရမယ်ဆိုတာ မိမိလုပ်ငန်းဟာ ဒီအတိုင်းပဲ သွားနေမယ်ဆိုလို့ရှိရင် ခေတ်တွေပြောင်းသွားပြီ ဆိုလို့ရှိရင် မိမိလုပ်တဲ့လုပ်ငန်းက အောက်ကိုပြုတ်ကျသွားလိမ့်မယ်။ အဲဒီကျတော့ အမြဲတမ်း Innovative ဖြစ်နေရမယ်။ နောက်ဆုံးတစ်ခုကကျတော့ အစ်မတို့ ဗုဒ္ဓဘာသာနဲ့ဆိုင်တာပေါ့နော်။ Never eat alone   ပေါ့နော်။ အစ်မတို့ဟာဆိုလို့ရှိရင် မိမိချမ်းသာမှုတစ်ခုတည်းကိုပဲ ကြည့်နေမယ်၊ ကိုယ်တစ်ယောက်တည်းပဲ စားမယ်၊ တခြားလူကို မမျှဝေပေးဘူးဆိုလို့ရှိရင် အဲဒီ အစားအသောက်က စားပိုးနင့်ပြီး ဆက်စားလို့မရတော့ဘူး။ အဲဒီလိုသဘောမျိုးပေါ့နော်။ အဲဒါကြောင့်မို့လို့ အစ်မ Never Eat Alone ဆိုတာကို လက်ကိုင်ထားတဲ့အတွက်ကြောင့်မိုလို့ CSR ပိုင်းပေါ့နော်။ လူမှုဝန်းကျင်ကို တာဝန်ခံတဲ့ လုပ်ငန်းမျိုးပေါ့။ အဲဒါတွေအကုန်လုံးကို အစ်မ အမြဲတမ်းစဉ်စားတယ်ပေါ့နော်။ ကိုယ်ဟာ ကိုယ့်ဗိုက်က ဖြည်းဖြည်းချင်းဝလာပြီဆိုလို့ရှိရင် တခြားမဝသေးတဲ့လူတွေကို ဝေမျှပေးဖို့ပေါ့နော်။ ဒါကို အစ်မ တို့က အမြဲတမ်းစဉ်းစားရမယ်။ ဒါကို မလုပ်ဘူးဆိုလို့ရှိရင် အစ်မတို့ရဲ့စီးပွားရေး ရေရှည် ဆက်သွားဖို့ဆိုတာက အစ်မအနေနဲ့ အရမ်းကွဲပြားသွားလိမ့်မယ်။ ဒီ CSR ပိုင်းကို ဦးတည်ပြီးတော့ သွားနေတဲ့ လုပ်ငန်းရှင်နဲ့ မိမိတစ်ယောက်တည်းချမ်းသာဖို့ပဲကြည့်ပြီးတော့ သွားနေတဲ့ လုပ်ငန်းရှင်နှစ် ဦးရဲ့ကွာခြားချက်ဟာ  ရေတိုမှာ မသိနိုင်ပေမဲ့ ရေရှည်မှာ အရမ်းကြီးကွာသွားတယ်။ အဲဒီတော့ ကိုယ်က မှန်လိုပဲပေါ့နော်။ ကိုယ်ကကောင်းတယ်ဆိုလို့ရှိရင် ကိုယ့်ဆီကို ကောင်းမှုတွေပဲ ပြန်လာမှာပဲ ဆိုတဲ့ ခံယူချက်တစ်ခု အစ်မဆီမှာ ရှိတယ်ပေါ့နော်။”

 

Mizzima Weekly