ဒီကေဘီအေမှ အရာရှိနှစ်ဦး နှင့် ဝန်ထမ်းတစ်ဦးကို တပ်က ဖမ်းဆီးပြီး ယခုထိပြန်မလွှတ်ပေးသေး

ဒီကေဘီအေမှ အရာရှိနှစ်ဦး နှင့် ဝန်ထမ်းတစ်ဦးကို တပ်က ဖမ်းဆီးပြီး ယခုထိပြန်မလွှတ်ပေးသေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၏ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောသရဲနီအား ဇူလိုင်လ ၁၂ ရက်က အစိုးရ စစ်တပ်ဘက်မှ ဖမ်းဆီးထားရာမှ ယနေ့ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း DKBA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောလုံ့လုံက ပြောသည်။

ဗိုလ်မှူး သရဲနီသည် ကော့ကရိတ်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် ဘီးလင်းမြို့ရှိ အစိုးရ ဂိတ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ သူနှင့်အတူ ရုံးအဖွဲ့မှူး ဗိုလ်မှူး စောကွယ်ထူးလည်း ဖမ်းဆီးခံထားရသည်ဟု သူက ပြောသည်။

“ဗိုလ်မှူး သရဲနီက ရန်ကုန်ကိုသွားတာ ရန်ကုန်မှာ ရုံးရှိတော့ ဟိုမှာ အဖိုး ဒုဗိုလ်ချုပ် ပြန်လာမယ်။ အဲဒီမှာ ဆေးဖိုး ဝါးခသွားပေးဖို့ သွားတာ။ အဲဒါကို ဘီးလင်းမြို့မှာ ဖမ်းတာ။ မြို့အဝင်လားမသိဘူး။ ရုံးအဖွဲ့မှူး ဗိုလ်မှူး တယောက်ပါတယ်။ ရုံးအဖွဲ့မှူးပေါ့ဗျာ။ ဘီးလင်းက စစ်ဆေးရေး ဂိတ်လားဘာလားမသိဘူး။ အခုက ရဲစခန်းကို ပို့တယ်ဆိုလို့ ရဲစခန်းကို မေးတာ ရဲစခန်းမှာလည်း မရှိဘူးတဲ့။ စစ်တပ်က ပြန်ခေါ်သွားတယ်တဲ့။ အဲဒီလိုပဲ ကြားရတယ်”ဟု စောလုံ့လုံက ပြောသည်။ 

အစိုးရ တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်ကိုယ်တိုင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ထံ အကြောင်းကြား၍ လုပ်ဆောင်ပေးနေသည်ဟု ဆိုသော်လည်း ယနေ့ ညနေပိုင်းထိ ပြန်လည် လွှတ်ပေးလာခြင်း မရှိသေးကြောင်း သူက ဆိုသည်။

“ကျွန်တော်သတင်းကြားလို့ မေးတာ ဆက်ဆံရေးတာဝန်ခံ ပြောတာက နယ်လုံဝန်ကြီးကလည်း သူကိုယ်တိုင် လိုက်လုပ်ပေးနေတယ်။ ဦးအောင်မင်းတို့ကို ပြောထားတယ်။ မပူပါနဲ့ ဘာမှ အပစ်မရှိပါဘူးတဲ့။ ဘာမှ အပစ်မရှိတာ ပြန်လွှတ်ပေးမှာပေါ့တဲ့။ အခု(ညနေ)ထိတော့ မလွတ်သေးဘူး”ဟု သူက ပြောသည်။

DKBA နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော ဇူလိုင်လဆန်းပိုင်းက ဖမ်းဆီးခံရသော ကရင်ပြည်နယ် မြဝတီ ဆက်ဆံရေးရုံးမှ ဝန်ထမ်း ကိုသန်းအောင်ကိုလည်း ယနေ့ထိ ပြန်လည် လွတ်ပေးခြင်း မရှိသေးသလို၊ ၎င်းအား ပြန်လည် လွှတ်ပေးရန်အတွက် DKBA ဘက်မှ အသနားခံစာ တင်ရမည်ဟု အစိုးရက ပြောဆိုထားကြောင်း၊ သူ့အား လက်ရှိ မြဝတီ ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ဗိုလ်မှူးကြီး စောလုံ့လုံက ပြောသည်။

မြဝတီ ဆက်ဆံရေးရုံးဝန်ထမ်း တစ်ဦး၊ ဗိုလ်မှူး စောသရဲနီ အတူ ဗိုလ်မှူး တစ်ဦး သုံးဦးအား အစိုးရ စစ်တပ်က ဖမ်းဆီးထားရာ ယခုကဲ့သို့ ဆက်ဆံရေးရုံး ဝန်ထမ်းများအား ဖမ်းဆီးထားသဖြင့် နှစ်ဖက် ယုံကြည်မှုကို ပျက်ပြားစေသည်ဟု သူက ပြောသည်။

“ဆက်ဆံရေးရုံးမှာရှိတဲ့ အရာရှိတွေ တာဝန်ခံတွေ ဝန်ထမ်းတွေကို ခုလို ဖမ်းပြီးတော့ မေးမြန်းတာတို့ လုပ်မယ်ဆိုရင် ယုံကြည်မှုက ပျက်ပြားနိုင်တယ်။ စာချုပ် လက်မှတ်ထိုးဖို့ကိစ္စတွေမှာ တော်တော်စဉ်းစားရမယ် ကျွန်တော်တို့အတွေ့အကြုံပေါ့။ ခုလိုဖြစ်လာတော့ ဝန်ထမ်းတွေကို ခန့်ဖို့ တော်တော်ခက်လာမယ်”ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားမှု ရပ်စဲခဲ့ရာ မှ ဇူလိုင်လ ၁၄ ရက်တွင် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် DKBA တို့အကြား တစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး စောလုံ့လုံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags