ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် မသန့်ရှင်းသော လေကို ရှုရှိုက်နေရဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ထုတ်ပြန်

ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် မသန့်ရှင်းသော လေကို ရှုရှိုက်နေရဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ထုတ်ပြန်

စက်တင်ဘာ ၂၇ ။                    ။ ကမ္ဘာပေါ်တွင် လူဆယ်ဦးအနက် ကိုးဦးမှာ သန့်ရှင်းမှုမရှိသည့် လေကို ရှုရှိုက်နေရလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ပြောကြားလိုက်သည်။ ဆက်လက်၍ တစ်နှစ်လျင် လူခြောက်သန်းကျော် သေဆုံးစေလျက်ရှိသော လေထုညစ်ညမ်းမှုြုပဿနာကို တစ်ကမ္ဘာလုံးအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းဖြေရှင်းကြရေးကိုလည်း တောင်းဆိုသွားသည်။

တရုတ်၊ မလေးရှားနှင့် ဗီယက်နမ်တို့အပါအဝင် အရှေ့တောင်အာရှဒေသနှင့် အနောက်ပစိဖိတ်ဒေသတို့မှာ လေထုညစ်ညမ်းမှုဒဏ်ကို အခံရဆုံးသောဒေသများဖြစ်သည်ဟု WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။

"ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ကြီး၏ ဒီထုတ်ပြန်ချက်ကြောင့် ကျွန်မတို့အားလုံးအတွက် တကယ့်ကို စိုးရိမ်စရာ အခြေအနေတစ်ခုရောက်နေပြီလို့ ပြောလို့ရနေပါပြီ" ဟု WHO ၏ ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အကြီးအကဲ မာရီယာ နိုင်ရာက ပြောသွားသည်။

ယင်းပြဿနာသည် မြို့ကြီးများပေါ်တွင် အတွေ့ရဆုံးဖြစ်သော်လည်း ယခုအခါ ကျေးလက်ဒေသများတွင်ပါ ထင်ထားသည်ထက် ပိုမိုအခြေအနေဆိုးရွားနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အာလားတူ ဆင်းရဲနွမ်းပါးသော နိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက်စာလျင် ပိုမိုမသန့်ရှင်းသော လေထုကို ရှုရှိုက်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်ရှိ   နိုင်ငံများအားလုံးနှင့် လူ့အဖွဲ့အစည်းအားလုံးပေါ်တွင် ကျရောက်နေလျက်ရှိကြောင်း နိုင်ရာကလည်း ပြောသွားသည်။

" ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေတစ်ခုပါ" ဟု သူမက ပြောသွားသည်။

လေထုညစ်ညမ်းမှုကို လက်ရှိလုပ်ဆောင်နေမှုများဖြင့်မလုံလောက်ကြောင်းနှင့် အစိုးရများအနေဖြင့် လမ်းများပေါ်ရှိ ယာဉ်အရေအတွက်ကို လျှော့ချရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု တိုးမြင့်ရေးနှင့် သန့်ရှင်းသော ချက်ပြုတ်မှုလောင်စာ အသုံးပြုရေးတို့ကို သူမက တိုက်တွန်းသွားသည်။

အဆိုပါ WHO ၏ အစီရင်ခံစာသည် ကမ္ဘာတစ်ဝန်း နေရာဒေသပေါင်း ၃,၀၀၀ ကျော်မှ ကောက်ယူထားသော အချက်အလက်များအပေါ် အခြေခံကာ ပြုစုထုတ်ပြန်ခြင်းဖြစ်သည်။ ယင်း၏တွေ့ရှိချက်အရ ကမ္ဘာ့လူဦးရေ၏ ၉၂ ရာခိုင်နှုန်းနေထိုင်နေသော လက်ရှိနေရာ ဒေသများရှိ လေထုအရည်အသွေးမှာ WHO ၏ ကန့်သတ်စံနှုန်းများကို ကျော်လွန်နေလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags