နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရန် နည်းလမ်းရှာဆွေးနွေးခဲ့ဟုဆို

နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရန် နည်းလမ်းရှာဆွေးနွေးခဲ့ဟုဆို

ချင်းမိုင်၊ စက်တင်ဘာ ၂၆ ။            ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ အားလုံးပါဝင်နိုင်ရန် နည်းလမ်း အဖြေ ရှာ ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့သည် ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ ရှန်ဂရီလာဟိုတယ်(Shangri-la)တွင် စက်တင်ဘာလ ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီကျော်ထိ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 “နည်းလမ်းရှာတယ်ဆိုတော့ များတဲ့အချက်ကိုလည်း ချုံ့သွားနိုင်သလို၊ ရှိတဲ့အချက်နဲ့ပိုတဲ့ဟာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲတော့ ရှေ့ကို ဆက်သွားနိုင်ဖို့ အမြန်ဆုံး အန်စီအေ ထိုးနိုင်ဖို့ပေါ့နော်။ ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး လုပ်နိုင်မယ်ဆိုတဲ့ အခြေခံနဲ့ ဆွေးနွေးကြတာ ဖြစ်ပါတယ်၊ အချိန်ဇယားကို ဘယ်လို လုပ်မလဲဆိုတဲ့ကိစ္စတွေ ကျနော်တို့ ပြောတဲ့ဟာတွေလည်း ရှိပါတယ်။ ဒီပီအန် ဘက်ကနေ တင်ထားတဲ့ အချက် ၈ ချက်အပေါ်မှာလည်း ဘယ်လို နည်းလမ်း ရှာမလဲဆိုတဲ့ ကိစ္စတွေလည်း ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ရှိပြီး တိုက်ပွဲများ လျော့ချနိုင်ရန်အတွက် နည်းလမ်းရှာ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

DPN မှ ငြိမ်းချမ်းရေးကော်မရှင်ထံသို့ အဆိုပြုတင်ပြထားသည့် အချက် ၈ ချက်အပေါ် အဖြေရှာရန် နည်းလမ်းရှာရန် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပြီး တစ်စုံတစ်ရာ သဘောတူညီမှု မရှိဘဲ အဖြေရှာနိုင်ရန် နည်းလမ်းရှာခြင်း ဖြစ်ကာ မကြာခ ဏ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနိုင်ခဲ့သည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

“ကျနော်တို့ မကြာမကြာ အလွတ်သဘောရော၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေပါ ကျနော်တို့ ကြားထဲမှာ ဆောင်ရွက်ဖို့ လိုတယ်။ ပိုပြီး စိတ်စိတ်လုပ်ဖို့လည်း လိုတယ်ဆိုတဲ့ အမြင်သဘောထားတွေကိုလည်း ဆွေးနွေးဖြစ်ကြပါတယ်၊ ဆက် လက် နည်းလမ်း ရှာကြံဖို့ပါဘဲ။ နောက်ထပ် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးပွဲ တခုမှာဘဲ။ ကျနော်တို့ သေချာ နည်းလမ်းတွေ ကို ဒီကြား ထဲမှာ နှစ်ဖက်စလုံးက အဖြေရှာပြီးတော့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ လာရောက် တင်ပြပြီး နှစ် ဖက် ညှိနှိုင်း အဖြေရှာဖို့ သဘောထားဘဲ ချပါတယ်”ဟု သူက ပြောသည်။

ဆွေးနွေးမှု ရလဒ်အနေဖြင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုကို လာမည့် အောက်တိုဘာလဆန်းပိုင်းတွင် ထပ်မံ ကျင်း ပ သွား ရန် လျာထားခဲ့ကြောင်း သိရည်။

ပြီးခဲ့သည့် ၂၁ ငြိမ်းချမ်းရေးညီလာခံမှ ရရှိခဲ့သော ၆ လ တစ်ကြိမ် ညီလာခံ ကျင်းပရန် သဘောတူညီခဲ့သဖြင့် လာမည့် ညီလာခံတွင် လုပ်ဆောင်နိုင်မည့် နည်းလမ်းရှာခဲ့ကြသည်ဟုလည်း ခူဦးရယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags