ရခိုင်မြောက်ပိုင်းမှ ဆောင်းသီးနှံတောင်သူများ အလုပ်လက်မဲ့ဖြစ်နေ

ရခိုင်မြောက်ပိုင်းမှ ဆောင်းသီးနှံတောင်သူများ အလုပ်လက်မဲ့ဖြစ်နေ
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ စက်တင်ဘာ ၂၆ ရက် ။               ။ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိသော ရခိုင်မြောက်ပိုင်းဒေသသည် ယခုနှစ် မိုးရာသီတွင် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဆောင်းသီးနှံစိုက်ပျိုးရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ယမန်နှစ်နှင့် ယခု မိုးရာသီများတွင် ရေကြီးမှုများကြောင့် မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများ၊ မြစ်ကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆောင်းသီးနှံ စိုက်ပျိုးရန် မြေများမှာ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

“ကျွန်မတို့က ဟိုး အရင်ကတည်းကနေ ဒီနေရာတွေမှာ ပဲတို့၊ ဖရဲတို့ စိုက်ပျိုးလုပ်ကိုင်လာခဲ့တာပါ။ ဒီကျွန်းတွေကိုပဲ အားကိုးပြီးတော့ စိုက်ပျိုး နေကြရတာပါပဲ။ ကျွန်မတို့လိုပဲ ဒီလိုမျိုး ကျွန်းကြီးတွေ၊ ကိုင်းတွေ၊ သဲခုံတွေမှာ ဆောင်းသီးနှံစိုက်ကြတဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ လေးမြို့မြစ်ကြောင်းထဲမှာနေတဲ့ ဒေသခံတွေဟာ လယ်ရှိတဲ့ သူတွေက မိုးတွင်းမှာ စပါးစိုက်တယ်။ မိုးကုန်ရင်တော့ မြစ်ထဲမှာရှိနေတဲ့ ကျွန်းတွေ၊ ကိုင်းတွေမှာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးကြပါတယ်။ ဒါနဲ့ စားဝတ်နေရေးကို ဖြေရှင်းကြရတာပေါ့။ အခုက ကိုယ်ပိုင်တဲ့မြေတွေလည်း မရှိတော့ပြီဆိုတော့ အလုပ်မရှိဖြစ်နေတာပေါ့။ ကမ်းပြိုတဲ့အခါ မြေတွေပျက်စီးသွားလို့ အလုပ်မရှိတဲ့ သူတွေလည်း အများကြီးရှိပါတယ်။” ဟု လေးမြို့ဒေသမှ တောင်သူ ဒေါ်သိန်းရီကပြောသည်။

ယခင်က လေးမြို့မြစ်ကမ်း တလျှောက်တွင် ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်နေကြသည့် ကျွန်းကြီးများ၊ မြစ်ကမ်း နံဘေးများတွင် ကိုင်းမြေများ၊ ကုန်းမြင့်နေရာများတွင် တခြားစိုက်ခင်းများ အများအပြားရှိနေခဲ့သည်။

ယခုနောက်ပိုင်း နှစ်များတွင် ကမ်းပါးပြိုကျမှုများကြောင့် စိုက်ပျိုးမြေများမှာ တဖြေးဖြေးနည်းပါးလာခဲ့ရာ ဆောင်းသီးနှံ စိုက်ပျိုးသူများမှာလည်း နည်းပါးလာနေသည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဟင်းသီးဟင်းရွက်ထွက်ရှိမှုမှာလည်း တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာနေပြီး စားသုံးသူများမှာလည်း ဈေးကြီးပေးကာ စားသုံးနေကြရသည်။

မြစ်ကြီးလေးခုအနက် ဆောင်းသီးနှံကို အများအပြား စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် ကုလားတန်နှင့် လေးမြို့ဒေသများတွင် လေးမြို့မြစ်၏ အခြေအနေမှာ အလွန်စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေပြီး မြစ်အတွင်း ဆောင်းသီးနှံ စိုက်ခင်းများ စိုက်ပျိုးလုပ်ကိုင်ကြသည့် ကျွန်းကြီးများဖြစ်သော ဆင်အိုးကျွန်းနှင့် အောက်ပိုင်းနေရာများမှ ကျွန်းများမှာ ပဲ့ပြိုပျက်စီးသွားခဲ့သည့်အတွက် မကြာမီနှစ်အနည်းငယ်အတွင်း လုံးဝ ပျောက်ဆုံးသွားနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly