ပတ်စ်ပို့အတုလုပ်ဂိုဏ်း ၀င်စီးစဉ် တွေ့ရှိခဲ့သော ရေခဲသေတ္တာထဲမှ အလောင်း မည်သူမည်ဝါ ဖော်ထုတ်ရန် ထိုင်းက FBI ထံမှ အကူအညီတောင်း

ပတ်စ်ပို့အတုလုပ်ဂိုဏ်း ၀င်စီးစဉ် တွေ့ရှိခဲ့သော ရေခဲသေတ္တာထဲမှ အလောင်း မည်သူမည်ဝါ ဖော်ထုတ်ရန် ထိုင်းက FBI ထံမှ အကူအညီတောင်း

စက်တင်ဘာ ၂၆ ။                  ။ ပြီးခဲ့သည့် သီတင်းပတ်က ပတ်စ်ပို့အတုလုပ်ဂိုဏ်း ဝင်ဖမ်းရင်း ရေခဲသေတ္တာတစ်ခုအတွင်း  အပိုင်းပိုင်း ခုတ်ထစ်ထည့်ထားသော အလောင်းကို မည်သူမည်ဝါ   ဖော်ထုတ်သိရှိနိုင်ရန်အတွက် ယခုအခါ FBI ထံသို့ အကူအညီ လှမ်းတောင်းထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်ပတ်စ်ပို့ ကိုင်ဆောင်သူအမျိုးသား နှစ်ဦးအပါအဝင် နိုင်ငံခြားသားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

ရေခဲသေတ္တာထဲ အပိုင်းပိုင်းခုတ်ထစ်ထည့်ထားခံရသော အလောင်းမှာ နိုင်ငံခြားသား အမျိုးသားတစ်ဦး ဖြစ်သည်ဟု အတည်ပြုထားပြီး ပြီးခဲ့သည့် အပတ်က ဘန်ကောက်မြို့ရှိ ပတ်စ်ပို့ အတုလုပ် အဖွဲ့တစ်ခုထံသို့ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ယင်းအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်ပို့စ် သတင်းစာ၏ အဆိုအရ အလောင်းမှာ ရေခဲသေတ္တာအတွင်း ရှိနေသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ ယင်းအလောင်းမှာ လက်ဗွေရာစစ်ဆေး၍မရနိုင်လောက်အောင် ပုပ်သိုးပျက်စီးနေပြီဖြစ်သဖြင့် ယင်း၏ သွားစစ်တမ်းများကို စစ်ဆေးနိုင်ရန် ထိုင်းအာဏာပိုင်များက FBI သို့ အကူအညီတောင်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဖမ်းဆီးခံထားရသူ နိုင်ငံခြားသားသုံးဦးအနက် နှစ်ဦးမှာ အမေရိကန်ပတ်စ်ပို့ကိုင်ဆောင်ထားပြီးကျန်တစ်ဦးမှာ ဗြိတိန်နိုင်ငံသားအဖြစ် တွေ့ရှိရသော်လည်း ၎င်းတု့ိအားလုံးမှာ ကိုယ်ရေး အချက်အလက် များမှာ အတု အယောင်များသာ ဖြစ်နေနိုင်မည့်အပေါ် အာဏာပိုင်များက သံသယရှိနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags