ကျောက်တော် မဟာမုနိဘုရား ဖူးမြော်သူ များပြားသဖြင့် အဝေးပြေးလမ်းမ ပိတ်ဆို့မှုဖြစ်နေ

ကျောက်တော် မဟာမုနိဘုရား ဖူးမြော်သူ များပြားသဖြင့် အဝေးပြေးလမ်းမ ပိတ်ဆို့မှုဖြစ်နေ
ဓာတ်ပုံ - ကျောက်တော် မဟာမုနိ ဘုရားဖူးမြော်ရန် ရောက်ရှိလာသူများ ဘုရားပုရဝုဏ်တွင် နေရာယူထားကြပုံ

စစ်တွေ၊ စက်တင်ဘာ ၂၆ ရက် ။         ။ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ၊ ဓညဝတီရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ကျောက်တော် မဟာမြတ်မုနိအား လာရောက်ဖူးမြော်သူများမှာ အဆမတန် များပြားနေသဖြင့် အဝေးပြေးလမ်းမ ပိတ်ဆို့မှု ဖြစ်နေပြီး ခရီးသည်နှင့် ကုန်တင်ယာဉ်များမှာ မလိုအပ်ဘဲ ကြန့်ကြာနှောင့်နှေးမှုများ ကြုံတွေ့နေရသည်။

“ဘုရားဖူး လာကြတဲ့သူတွေက ဒီရက်ပိုင်းအတွင်းမှာ ပိုပြီးတော့များလာပါတယ်။ တစ်ရက်ထက် တစ်ရက်ကို လူတွေက လျှော့မသွားဘဲ တိုးလာတော့ ဘုရားသိမ်ပေါ်မှာလည်း မဆံ့တော့ဘူး။ လူတွေက လမ်းမတွေကို ရောက်လာတော့ ကားတွေကိုလည်း ရပ်ထားတော့ လမ်းပိတ်သွားတယ်။ ကားတွေကလည်း ရာချီပြီး ရှိနေတော့ တော်တော်နဲ့သွားလို့ မရနိုင်ဘူး။ ခရီးချိန် တော်တော်လေးကို ကြံ့ကြာပါတယ်။ လမ်းပိတ်တာက မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာကနေ ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာထိ ပိတ်နေတာပါ။ ယာဉ်တွေ သွားလာလို့ရအောင် စနစ်တကျ လုပ်ပေးဖို့တော့ သင့်ပါတယ်။ ပြီးတော့ အဲဒီနေရာမှာလုံခြုံရေးတို့ ယဉ်ထိန်းရဲတို့လည်း မရှိတော့ ပိုဆိုးတာပေါ့။” ဟု ကားသမား ဦးထွန်းသိန်းက ပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များက မဟာမုနိဘုရားသိမ်ပေါ် ကောင်းကင်ပေါ်၌ ပြဿာဒ်ဆောင်များ  တွေ့မြင်ရခြင်း၊ တန်ခိုးတော်များပြသခြင်းကို စသည့် တန်ခိုးတော်များ ပြသနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီး ရခိုင်ပြည်နယ် ဒေသအသီးသီးမှ ဖူးမြော်လိုသူတို့ သောင်းနှင့်ချီ၍ ကျောက်တော်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ဘုရားကတော်တော်လေးကို စည်ကားတယ်။ ပြဿဒ်ဆောင်ပေါ်တာကို လာကြည့်တဲ့သူတွေချည်းပဲ။ ဘုရားကို ရောက်ဖို့အတွက်တောင် တော်တော်လေး အချိန်ပေးပြီးတော့သွားရတယ်။ ဒီလောက်လာတဲ့လူတွေ ဘယ်မှာ သွားနေမှာလည်း နေရာမှမရှိတာ။ ရတဲ့ နေရာနေရတာပေါ့။ တစ်နေ့တစ်နေ့ကို လူတွေသောင်းချီပြီး ရှိနေတာ။ တစ်ခေါက်ရောက်လာပြီးမှ မမြင်ခဲ့ရဘဲ ဘယ်သူပြန်ချင်မှာလဲ။ အားလုံးက ညအိပ်ပြီးစောင့်ကြတာပေါ့။” ဟု ဘုရားဖူးရောက်ရှိနေသူ ဒေါ်သန်းရီက ပြောသည်။

ယင်းသို့ တန်ခိုးတော်များ ပြသခြင်းကို မြင်တွေ့နိုင်ရန် ဘုရားဖူးယာဉ်အများအပြား ရပ်နားထားခြင်း၊ လူစုလူဝေးများ ဖြစ်နေခြင်း၊ ဈေးဆိုင်တန်းများ တိုးချဲ့လာခြင်းတို့ကြောင့် အဝေးပြေးလမ်းမကို ပိတ်ဆို့မှုများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

ဘုရားဖူးများ အများအပြား ပိတ်ဆို့မှုဖြစ်နေသည့် နေရာမှာ အဝေးပြေးလမ်းမပေါ်တွင် ဖြစ်နေသောကြောင့် အများပြည်သူ သွားလာရေး အဆင်ပြေချောမွေ့စေရန် ယာဉ်များကို စနစ်တကျ ရပ်နားစေနိုင်ရန် စီစဉ်ပေးခြင်း၊

လမ်းမပေါ်မှ လူအုပ်များကို အဝေးပြေးယာဉ်များ လွယ်လင့်တကူ သွားလာနိုင်စေရန် လမ်းကြောင်းရှင်းပေးခြင်းတို့ကို သက်ဆိုင်ရာ ဂေါပကအဖွဲ့များနှင့် ဒေသဌာနဆိုင်ရာများမှ ထိန်းသိမ်းကြပ်မတ်မှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း မော်တော်ယာဉ်လိုင်းများက  လိုလားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly