အိုင်အက်စ်ထံသို့ အမေရိကန်တပ်ဖွဲ့ဝင်များ၏ အချက်အလက်များ ပို့ပေးခဲ့သော ဟက်ကာတစ်ဦး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ

အိုင်အက်စ်ထံသို့ အမေရိကန်တပ်ဖွဲ့ဝင်များ၏ အချက်အလက်များ ပို့ပေးခဲ့သော ဟက်ကာတစ်ဦး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ

စက်တင်ဘာ ၂၄ ။              ။ အမေရိကန်တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေး အချက်အလက်များ၏ ဖောက်ထွင်းရယူကာ အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ထံသို့ ပေးပို့ကူညီပေးခဲ့သော ကိုဆိုဗိုမှ ဟက်ကာတစ်ဦးအား အမေရိကန် တရားရုံးတစ်ခုက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်သည်။

အသက် ၂၁ နှစ်အရွယ် ကိုဆိုဗို ဟက်ကာ အာဒစ်ဖာရီဇီ မှာ အမေရိကန်၏ ရန်သူများထံသို့ သတင်းအချက်အလက်များ ပေးပို့ပေးခဲ့သည်ဟု အမေရိကန်နိုင်ငံ ဗာဂျီးနီးယား တရားရုံးတစ်ခု၌ ကြားနာသွားခဲ့သည်။

၎င်းသည် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အစိုးရအရာထမ်း ၁,၀၀၀ ကျော်၏ ကိုယ်ရေးအချက်အလက်များကို ဖောက်ထွင်းရယူကာ အိုင်အက်စ်အဖွဲ့ထံသို့ မျှဝေခဲ့သူဖြစ်သည်။

ဖာရီဇီအား ပြီးခဲ့သည့် ၂၀၁၅ အောက်တိုဘာလက မလေးရှားတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ယခုနှစ် ဇန်နဝါရီလကမှ အမေရိကန်ထံသို့ လွှဲပြောင်း ပေးပို့လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဖာရီဇီ၏ လုပ်ရပ်မှာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသည်ဟု အမေရိကန် ဒုတိယရှေ့နေချုပ် ကာလင်က ပြောဆိုသွားသည်။

ဖာရီဇီသည် အမေရိကန်တပ်ဖွဲ့နှင့် အစိုးရအမှုထမ်း ၁,၃၅၀ ခန့်၏ အမည်များ၊ အီးမေးလ် လိပ်စာများ၊ ကွန်ပြူတာစကားဝှက်၊ တည်နေရာများနှင့် ဖုန်းနံပါတ်များကို ဖောက်ထွင်းရယူနိုင်ခဲ့သည်ဟု သိရသည်။

၎င်းသည် ယခု ထောင်ဒဏ်ပြစ်ဒဏ်ကို အမေရိကန်တွင် ကျခံပြီးပါက ကိုဆိုဗိုသို့ ပြန်ပို့ခံရမည်ဖြစ်ပြီး ယင်းနောက် ၎င်းအား အမေရိကန်သို့ ပြန်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags