လီဗာပူးလ်သည် ကစားသမားရောင်းသည့်အသင်း မဟုတ်ဟု ကလော့ပ်ပြော

လီဗာပူးလ်သည် ကစားသမားရောင်းသည့်အသင်း မဟုတ်ဟု ကလော့ပ်ပြော

စက်တင်ဘာ ၂၃၊ လီဗာပူးလ်။          ။ ခြောက်နှစ်တာအတွင်း ကစားသမားရောင်းချခြင်းမှ ပေါင် ၃၇၉ သန်းရရှိခဲ့သော်လည်း  လီဗာပူးလ်မှာ ကစားသမားရောင်းသည့် အသင်းမဟုတ်ဟု ကလော့ပ်ကပြောသည်။

ယခုတစ်ပတ်အစောပိုင်းကထုတ်ပြန်သည့် သတင်းအချက်အလက်အရ လီဗာပူးလ်အသင်းသည် ၂၀၁၀ နောက်ပိုင်း ဥရောပတွင် ကစားသမားအရောင်းဆုံးကလပ်အဖြစ် ဖော်ပြခံထားရသည်။

ယင်းကာလအတွင်း ဆွာရက်ဇ် (ဘာစီလိုနာသို့ ပေါင် ၇၅ သန်း)၊ တောရက်စ် (ချယ်လ်ဆီးသို့ ပေါင်သန်း ၅၀)၊ စတာလင်း (မန်စီးတီးသို့ ပေါင် ၄၉ သန်း) စသည့်ရောင်းချမှုများရှိခဲ့သည်။

ကလော့ပ်လက်ထက်တွင်လည်း ကစားသမား ၁၃ ဦးထက်နည်း ထွက်ခွာခွင့်ပြုခဲ့ရာ အသင်းသမိုင်းတွင် အမြင့်ဆုံးဖြစ်သည်။ ကစားသမားခြောက်ယောက်ပြန်ခေါ်ခဲ့ရာတွင် ပေါင် ၆၃ သန်း အသုံးပြုခဲ့သည်။

လာမည့်အပြောင်းအရွှေ့များတွင်မူ ကြယ်ပွင့်ကစားသမားများကို ပြိုင်ဘက်အသင်းများထံရောင်းချခြင်းမရှိတော့ရန် နည်းပြ ကလော့ပ်က မျှော်လင့်နေသည်။

“စတာလင်းကို ပေါင်သန်း ၈၀ နဲ့ရောင်းလိုက်တာမဟုတ်ပါဘူး။ ၄၉ သန်းနဲ့ပါ။ ဒါက အသင်းရဲ့အပြောင်းအလဲက လူတိုင်းမျှော် လင့်ထားသလို မအောင်မြင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ရတယ်ဆိုတာကို ပြနေတာပါ။

အပြောင်းအရွှေ့ကာလအတွင်းမှာ ကျွန်တော်တို့အလုပ်များခဲ့ပြီး အနာဂါတ်မှာတော့ အဲဒီလိုထပ်မဖြစ်ချင်တော့ပါဘူး။ ကစားသမားတစ်ယောက်ကို အမှန်တကယ်ယုံကြည်ပေးပြီးရင် တိုးတက်မှုက အဆုံးမသတ်နိုင်တော့ပါဘူး။

အချိန်လည်းပိုရလာသလို အောင်လည်းအောင်မြင်လာမှာပါ။ အဲဒါတည်ငြိမ်မှုလို့ခေါ်ပါတယ်။ အောင်မြင်တဲ့အသင်းတွေက အပြောင်းအလဲသိပ်မလုပ်ပါဘူး။

လီဗာပူးလ်ဟာ ကစားသမားရောင်းတဲ့အသင်းဖြစ်ဖို့ မလိုအပ်ပါဘူး။ ငွေလိုနေလို့ရောင်းလိုက်ပါလို့လည်း ဘယ်သူကမှ မတောင်းဆိုပါဘူး။

အသင်းအတွက်သင့်တော်တဲ့ကစားသမားရှာဖွေခြင်းသာဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွင်းမှာ ကျွန်တော်သိပ်ပြီး လှုပ်ရှားလေ့ မရှိပေမယ့် အခြေအနေအရတော့ ကွဲပြားပါတယ်။

လက်ရှိလူစာရင်းကတောင့်နေပြီဖြစ်ပြီး လုပ်စရာနည်းနည်းပဲကျန်ပါတော့တယ်”ဟု နည်းပြကလော့ပ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags