စပါးအသင်းတွင် အသက်အရွယ် ကြီးရင့်သွားသည့် အချိန်အထိ ကစားသွားမည်ဟု ဒန်နီရို့စ် ပြော

စပါးအသင်းတွင် အသက်အရွယ် ကြီးရင့်သွားသည့် အချိန်အထိ ကစားသွားမည်ဟု ဒန်နီရို့စ် ပြော

စက်တင်ဘာ ၂၃၊ အင်္ဂလန် ။             ။ စပါးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီး နောက်တွင် နောက်ခံလူ ဒန်နီရို့စ်က လန်ဒန်အခြေစိုက် ကလပ်အသင်းတွင် အသက်အရွယ် ကြီးရင့်သွားသည့်အရွယ်အထိ ကစားသွားမည်ဟု ပြောဆိုလိုက်သည်။

စပါးအသင်းသည် နောက်ခံလူ ဒန်နီရို့စ်ကို ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်စာချုပ်သစ်အရ ရို့စ်သည် စပါးတွင် ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေမည် ဖြစ်သည်။

စပါးအသင်းသည် အဲရစ်ဆင်၊ အယ်လီဒယ်လီနှင့် ဒီယာတို့ကို စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ဒန်နီရို့စ်ကို ဆက်လက်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

‘စပါးအသင်းက မှန်ကန်တဲ့ ဦးတည်ချက် လမ်းကြောင်းနဲ့ ရှေ့ဆက်နေတယ်ဆိုတာ အားလုံးသိပါတယ်။ ကျွန်တော် အလွန်ပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ အသက်အရွယ် အိုမင်းသွားတဲ့အထိ စပါးအသင်းမှာ ကစားသွားမှာပါ’ ဟု အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်ကစားသမားက ပြောဆိုသွားခဲ့သည်။

လိဒ်ယူနိုက်တက် လူငယ်အသင်းက ပေါ်ထွက်လာခဲ့ပြီး ၂၀၀၇ ခုနှစ်က စပါးအသင်းသို့ ရောက်ရှိခဲ့သည့် ဒန်နီရို့စ်သည် ဝက်ဖု့ိဒ်၊ ပီတာဘရော့၊ ဘရစ္စတိုးနှင့် ဆန်းဒါးလန်းအသင်းတို့တွင် အငှားသွားရောက်ကစားခဲ့ရပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင်မှ စပါးတွင် နေရာရလာခဲ့သူ ဖြစ်သည်။

လက်ရှိတွင် စပါးအသင်းအတွက် ၁၂၆ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly