မြန်မာနိုင်ငံ၏ အရေးသုံးရပ်တွင် စိန်ခေါ်မှုများစွာရှိ ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

မြန်မာနိုင်ငံ၏ အရေးသုံးရပ်တွင် စိန်ခေါ်မှုများစွာရှိ ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
Photo-epa
 

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် အရေးသုံးရပ်တွင် စိန်ခေါ်မှု များစွာရှိနေပြီး အကူအညီပေးကြရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။

“စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး အပိုင်းတွေမှာဖြစ်ပါတယ်” ဟု ပြောသည်။ “ကျွန်မတို့ရဲ့ ရှေ့ကာလတွေမှာ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှား အောင်မြင်နိုင်ဖို့အတွက် ကူညီပေးကြပါလို့ ပြောချင်ပါတယ်။ နောက် တာဝန်သက်တမ်း လေးနှစ်ကာလမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် မြန်မာနိုင်ငံအတွက် အုတ်မြစ်တစ်ခုကို ချမှတ်နိုင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ ကူညီပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Asia Society တွင် ပြောဆိုသွားခြင်းဖြစ်သည်။

“နောက်ပြီး စီးပွားရေးအလေ့အထတွေ၊ အကောင်းမွန်ဆုံးသော စီးပွားရေး ကျင့်သုံးလုပ်ဆောင်မှုတွေနဲ့ အကျွမ်းတဝင် မရှိသေးတဲ့ ပြည်သူတွေကိုလည်း သင်ကြားပေးပါလို့ ပြောချင်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“နိုင်ငံတစ်နိုင်ငံ အမှန်တကယ် ငြိမ်းချမ်းမှုမရှိရင် ရေရှည်မှာ ဘယ်လိုမှ တိုးတက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ ငြိမ်းချမ်းရေးလိုချင်တယ်။ ဖွံ့ဖြိုးတိုးတက်မှုလိုချင်တယ်။ ဒီအချက်နှစ်ခုဟာ တစ်ခုနှစ်တစ်ခု ဆက်စပ်နေပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးဆိုတာက ပြည်သူတွေ ကာလကြာကတည်းက လိုချင်တောင့်တခဲ့တဲ့ အရာတစ်ခုဖြစ်ပါတယ်” ဟုလည်း ဆိုခဲ့သည်။

----------------------------------------------------------------------------------------------------------------------

 (အမေရိကန်နိုင်ငံ နယူးယောက်မြို့ Asia Society တွင် ပြောဆိုသည့် မိန့်ခွန်းနှင့် ဆွေးနွေးမှုများသည် မိနစ် ၅၀ ကျော် ကြာမြင့်ပြီး မဇ္ဈိမက အပိုင်းလိုက် တင်ဆက်ပေးနေခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် တပ်မတော်နှင့် ပတ်သက်၍ ပြောသွားသည့် အပိုင်းကို ဤနေရာတွင် http://www.mizzimaburmese.com/article/18347 ဖတ်ရှုနိုင်ပါသည်။)

Asia Society တွင် ပြောဆိုသည့် မိန့်ခွန်း ဒုတိယပိုင်း

တရားဥပဒေ စိုးမိုးရေးအကြောင်းလည်း ပြောချင်ပါတယ်။ ဘာလိ့ုလဲဆိုတော့ အများလိုလားတဲ့ ဒီမိုကရေစီ နိုင်ငံတော်အတွက် တရားဥပဒေစိုးမိုးမှု လိုအပ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်က ကျွန်မ ဥပဒေကျောင်းသား ကျောင်းသူအဖွဲ့တစ်ခုနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ကျွန်မတို့ သူတို့ကို မေးခွန်းမေးခဲ့ပါတယ်။ ဥပဒေဆိုတာ ဘာ့အတွက်လဲလို့ မေးလိုက်ပါတယ်။ အဲဒီမှာ တစ်ယောက်က ဖြေပါတယ်။ ဥပဒေဆိုတာ အပြစ်လုပ်တဲ့သူကို ပြစ်ဒဏ်ပေးဖို့လို့ ဖြေပါတယ်။ အဲဒီအဖြေကို သူတို့အားလုံး သဘောတူကြပါတယ်။

ကျွန်မရဲ့ အမြင်ကတော့ ဥပဒေဆိုတာက ကျွန်မတို့အားလုံး သဟဇာတဖြစ်အောင် အေးအေးချမ်းချမ်း နေနိုင်အောင် ရှိနေတဲ့အရာပဲဖြစ်ပါတယ်။ အပြစ်လုပ်တဲ့လူကို အပြစ်ပေးဖို့ သက်သက်ပဲမဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက ဘာလို့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ခဲ့တာရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူအားလုံးအနေနဲ့ ဥပဒေဆိုတာ ဘာလဲဆိုတာ သိဖို့ လိုပါတယ်။ ဥပဒေတွေက ကျွန်မတို့အတွက် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ သိဖို့လိုပါတယ်။

ဆက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းပဋိပက္ခအကြောင်း ပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အမှန်တကယ် ငြိမ်းချမ်းမှုမရှိရင် ရေရှည်မှာ ဘယ်လိုမှ တိုးတက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ ငြိမ်းချမ်းရေးလိုချင်တယ်။ ဖွံ့ဖြိုးတိုးတက်မှုလိုချင်တယ်။ ဒီအချက်နှစ်ခုဟာ တစ်ခုနှစ်တစ်ခု ဆက်စပ်နေပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးဆိုတာက ပြည်သူတွေ ကာလကြာကတည်းက လိုချင်တောင့်တခဲ့တဲ့ အရာတစ်ခုဖြစ်ပါတယ်။

အလားတူ ပြည်သူတွေဟာ လုံခြုံစိတ်ချရပြီး နိုင်ငံရေးနဲ့ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း လိုချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရပါမယ်။ ကျွန်မတို့မှာ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ ကျွန်မတို့ တကယ်ပဲ မလုပ်ပေးနိုင်တဲ့၊ မတည်နိုင်တဲ့ ကတိကဝတ်မျိုးတွေ ပြည်သူတွေကို ဘယ်တော့မှာ မပေးပါဘူး။

ဒါကြောင့် ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ ကျွန်မတို့ ဝင်ပြိုင်တုန်းက ကျွန်မတို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကတိကဝတ်တွေအတွက် အလျင်စလို လုပ်လို့တော့ မရပါဘူး။  နိုင်ငံတစ်နိုင်ငံကို ခုချက်ချင်း ငြိမ်းချမ်းသာယာဝပြောမှုရအောင် ချက်ချင်းအားချင်း ဖြည့်ဆည်း လုပ်ကိုင် ပေးနိုင်မှာတော့မဟုတ်ပါဘူး။

ကျွန်မတိ့ု မနှစ်က ရွေးကောက်ပွဲဝင်တယ်။ နိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအရ ပြီးခဲ့တဲ့ မတ်လကုန်ကမှ ကျွန်မတို့ စတင်တာဝန်ယူလုပ်ကိုင်နိုင်ခဲ့တယ်။ ဒါဟာဆိုရင် အဓိပ္ပါယ်က ကျွန်မအတို့အတွက် အချိန်ငါးလလောက် ဆုံးရှုံးသွားတယ်လို့ ယူဆလို့ရပါတယ်။ ခုဆိုရင် ကျွန်မတို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရတာ ကာလက ငါးလလောက်ပဲရှိပါသေးတယ်။ တရားဝင် တာဝန်ယူရမယ့်သက်တမ်းက ငါးနှစ် ဆိုပေမယ့် ခုက ဒီနှစ်နှောင်းပိုင်းကာလဆိုတော့ နောက်ထပ်လေးနှစ်လောက်ပဲ အချိန်ကျန်ပါတော့တယ်။

ဒါကြောင့်မို့ စစ်မှန်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခု ထူထောင်နိုင်ဖို့အတွက် ကျန်လေးနှစ်အတွင်းမှာ ကျွန်မတို့ ဖောင်ဒေးရှင်း ချမှတ်ပေးသွားရပါမယ်။ ဒီနေရာမှာ ကျွန်မတို့အတွက် အကူအညီပေးမယ့် မိတ်ဆွေနိုင်ငံတွေ အလှူရှင်တွေ လိုအပ်ပါတယ်။ အမေရိကန်ဆိုရင်လည်း ကျွန်မတို့အတွက် မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့လို့ ဆိုတဲ့နေရာမှာ ကျွန်မတို့နိုင်ငံ၊ ပြည်သူ၊ NLD ပါတီ၊ ကျွန်မ၊ ပြီးတော့ အားလုံးကို ဆိုလိုပါတယ်။ အဲဒီအတွက် ဒီနေရာမှာ အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ကျွန်မတို့အတွက်ကတော့ အမေရိကန်အပြင် ကျန်ကမ္ဘာ့နိုင်ငံတွေလည်း မိတ်ဆွေတွေအဖြစ် ဆက်ရှိ နေပါတယ်။ ၁၉၄၈ ခုနှစ်က ကျွန်မတို့လွတ်လပ်ရေးရတုန်းက နိုင်ငံခြားရေးမူဝါဒက ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းတွေ ထူထောင်မယ်လို့ ချမှတ်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဘက်မလိုက် နိုင်ငံ တစ်နိုင်ငံအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လည်း ကျွန်မတို့နိုင်ငံမှာ လာရောက် လုပ်ကိုင်ကြဖို့ နိုင်ငံတကာကို ဖိတ်ခေါ်ထားပါတယ်။

နောက်ပြီး စီးပွားရေးအလေ့အထတွေ၊ အကောင်းမွန်ဆုံးသော စီးပွားရေး ကျင့်သုံးလုပ်ဆောင်မှုတွေနဲ့ အကျွမ်းတဝင် မရှိသေးတဲ့ ပြည်သူတွေကိုလည်း သင်ကြားပေးပါလို့ ပြောချင်ပါတယ်။ ကျွန်မတု့ိနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ပါဝင်စားမှုရှိသူတွေအနေနဲ့ နိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မတို့ ရွေးကောက်ပွဲမဲ ဆွယ်တုန်းက ကျွန်မတို့ ပြောခဲ့တာရှိပါတယ်။ ဒီမိုကရေစီမှာ တာဝန်ယူတာဝန်ခံမှုနဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတာပါပဲ။

ဒီနေရာမှာ ဒီမှာရှိတဲ့သူတွေဆီက ပြန်ပြီးအကူအညီ တောင်းချင်တာရှိပါတယ်။ ဒီကလူတွေအားလုံးဟာ ဒီမိုကရေစီ စနစ်အောက်မှာ နှစ်ပေါင်းများစွာကြာ နေထိုင်လာခဲ့ကြရသူတွေပါ။ ကျွန်မအနေနဲ့ တောင်းဆိုချင်တာက ကျွန်မတို့ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ ကူညီပေးကြပါလို့ ပြောချင်ပါတယ်။

စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး အပိုင်းတွေမှာဖြစ်ပါတယ်။ ဒါတွေကို အသေးစိတ်တော့မပြောပြတော့ပါဘူး။ ဘာလို့လဲဆိုတော့ နောက်မှာလည်း ကျွန်မကို မေးခွန်းမေးမယ့်သူက အဆင့်သင့် စောင်းဆိုင်းနေလို့ပါ။ ဒါကြောင့်မို့ ဒီကလူတွေအားလုံးအနေနဲ့ ကျွန်မတို့ရဲ့ ရှေ့ကာလတွေမှာ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားအောင်မြင်နိုင်ဖို့အတွက် ကူညီပေးကြပါလို့ ပြောချင်ပါတယ်။ နောက်တာဝန် သက်တမ်းလေးနှစ်ကာလမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် မြန်မာနိုင်ငံအတွက် အုတ်မြစ်တစ်ခုကို ချမှတ်နိုင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ ကူညီပေးကြပါဦးလို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly