ဖွဲ့စည်းပုံတွင် တပ်မတော်ကို ဗီတိုအာဏာပေးထား နိုင်ငံသား လွတ်လပ်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ဖွဲ့စည်းပုံတွင် တပ်မတော်ကို ဗီတိုအာဏာပေးထား နိုင်ငံသား လွတ်လပ်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
Photo-epa
 

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်ကို ဗီတိုအာဏာပေးထားခြင်းကြောင့် ဖွဲ့စည်းပုံပြင်နိုင်ရန် ခက်ခဲနေပြီး နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို အပြည့်အဝပေးရန် တပ်မတော်ကို နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။

နယူးယောက်မြို့ Asia Society တွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး “လွှတ်တော်ထဲမှာ အမတ်နေရာအများစုကို ကျွန်မတို့ အနိုင်ရခဲ့တယ်ဆိုပေမယ့်လည်း ဖွဲ့စည်းပုံပြင်ဖို့တော့ ပြီးပြည့်စုံတဲ့ အခွင့်အာဏာ မရထားသေးပါဘူး။ ဒါဟာ ဖွဲ့စည်းပုံ ဥပဒေကြောင့် ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံက တပ်မတော်ကို လွှတ်တော်ထဲမှာ ဗီတိုအာဏာကို ပေးထားလို့ပါ။ အဓိပ္ပါယ်ပြည့်စုံတဲ့ ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ဖို့တောင် တပ်မတော်က ကန့်ကွယ်နိုင်တဲ့ ဗီတိုအာဏာ ရှိနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရွေးကောက်ပွဲမဝင်ခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူလရည်မှန်းချက်ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လက်တွေ့အကောင်အထည် မပေါ်လာသေးသည့် အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“ခုချိန်မှာ ဆိုရင်လည်း ကျွန်မတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရယူထားတုန်းပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ အလားတူ “ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ဆိုရင် ကျွန်မတု့ိ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းထက်ကျော် သဘောတူမှ ရပါလိမ့်မယ်။ ဆိုလိုတာက ရွေးကောက်ခံ အမတ်တွေအားလုံးရဲ့ သဘောတူညီမှုနဲ့ မရပါဘူး။ ပြောချင်တာက တပ်မတော် ကိုယ်စားလှယ်အုပ်စုထဲက ရဲစွမ်းသတ္တိရှိတဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ သဘောတူညီမှုလိုတယ်လို့ ပြောချင်ပါတယ်” ဟုလည်းဆိုသည်။

“ကျွန်မတို့ တပ်မတော်ကို ကျွန်မအနေနဲ့ တန်ဖိုးထားပါတယ်။  ဘာလို့လဲဆိုတော့ တပ်မတော်ဆိုတာလည်း ကျွန်မရဲ့ ဖခင်ကြီးက လွတ်လပ်ရေးကြိုးပမ်းဖို့အတွက် တည်ထောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်ကို တိုက်တွန်းချင်တာက နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ ပြောချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

(Asia Society ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုသည် မိနစ် ၅၀ ကျော်ကြာမြင့်ပြီး ယခုအပိုင်းသည် တပ်မတော်နှင့် ပတ်သက်သည့် ပြောဆိုမှုကို ထုတ်နုတ်တင်ပြခြင်းဖြစ်ပြီး ကဏ္ဍအလိုက် မဇ္ဈိမက ဆက်လက် ဖေါ်ပြပါမည်)

တပ်မတော်နှင့် ပတ်သက်သည့် အပိုင်း

အခုလိုမျိုး Asia Society ကိုလာရောက်ခွင့်ရတာနဲ့ ဒီမှာရှိတဲ့သူတွေတွေအားလုံးနဲ့ တွေ့ရတဲ့အပေါ် အရမ်းပဲ ဝမ်းမြောက်မိပါတယ်။ ကျွန်မအနေနဲ့  အမေရိကန်ကို ရောက်လာခဲ့ပြီးနောက်ပိုင်း ကျွန်မတို့ကို ချီးကျူးစကား ပြောဆိုကြတာတွေ အများကြီးရှိခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ ချီးကျူးကြပါတယ်။

ဒါပေမယ့် ခုချိန်က ဒီလိုချီးကျူးရမယ့် အချိန်မဟုတ်သေးပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီခရီးက ခုမှ အစပဲရှိပါသေးတယ်။ ကျွန်မတို့မှာ လျှောက်ရမယ့် လမ်းက အရှည်ကြီးရှိပါသေးတယ်။ အဲဒါကတော့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသွားရမယ့် လမ်းကြောင်းပဲဖြစ်ပါတယ်။ ခုမှ အစပိုင်းပဲရှိပါတယ်။ လူတော်တော် များများကတော့ ထင်ကြပါလိမ့်မယ်။ ၂၀၁၀ ခုနှစ်ကတည်းက အရပ်သားအစိုးရ တက်လာပြီးတော့ ဒီမိုကရေစီ စတင်ထားခဲ့ပြီး ဖြစ်တယ်လို့ ထင်ကြပါလိမ့်မယ်။

ဒါပေမယ့် အဲဒီအစိုးရရဲ့ အဖွဲ့ဝင် ၈၀ ရာခိုင်နှုန်းလောက်က တပ်မတော်က လာတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီကာလတုန်းကေတော့ နိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်မှာပဲ ရှိနေခဲ့ဆဲလု့ိ ပြောလို့ရပါတယ်။ ခုချိန်မှာ ဆိုရင်လည်း ကျွန်မတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရယူထားတုန်းပါပဲ။ ကျွန်မအနေနဲ့ အသေးစိတ်အချက်အလက်တွေကို မပြောတော့ပါဘူး။ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မတို့ ဖွဲ့စည်းပုံကို ဖတ်ကြည့်လို့ ရပါတယ်။

ကျွန်မတို့မှာ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျွန်မတို့ ဝင်ပြိုင်ခဲ့တယ်။ ကျွန်မတို့ အဲဒီမှာ ကတိတွေ ပေးခဲ့တယ်။ ကျွန်မတို့ နိုင်ငံအတွက် ကြိုးစားမယ်လို့ ပြောခဲ့တယ်။ ဖွဲ့စည်းပုံကို ပြင်ဖု့ိ ကြိုးစားမယ်၊ ပြည်တွင်း ပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်အောင် ကြိုးစားမယ်။ တရားဥပဒေစိုးမိုးမှုကို လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်။ ဒီ အချက်သုံးချက်က တော်တော်လေးကို အပြန်အလှန် ဆက်စပ် နေကြပါတယ်။

ကျွန်မတို့ နိုင်ငံအတွက် ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာဆိုရင်  ပြည်တွင်း ပဋိပက္ခ စစ်ပွဲတွေတွေဖြစ်ခဲ့တာ လွတ်လပ်ရေးရပြီး အချိန်ကာလကတည်းက ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်နောက်ပိုင်း ရောင်စုံသူပုန် ပြည်တွင်းသောင်းကျန်းသူအဖွဲ့တွေ ပေါ်လာခဲ့တယ်။

ဒါပေမယ့် ခုချိန်မှာတော့ ကျွန်မတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်အောင်မြင်နိုင်မယ့် လမ်းဆုံလမ်းခွ တစ်ခုကို ရောက်နေပါပြီ။ တစ်ခါတစ်ရံမှာ ပြီးခဲ့တဲ့ အစိုးရကို ကျွန်မ ချီးကျူး အမွှမ်းတင်ချင်ပါတယ်။ သူတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို စလုပ်ပေးခဲ့တယ်။ လက်နက်ကိုင်အဖွဲ့တွေ စတင်ပြီး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပေးခဲ့တယ်။ အရင်အစိုးရရဲ့ NCA စာချုပ်မှာ လက်နက်ကိုင်အဖွဲ့ ၁၆ ခု ပါဝင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့်လည်း လက်နက်ကိုင် အဖွဲ့ ရှစ်ခုသာ လက်နက်ရေးထိုးခဲ့တယ်။ ကျန် ရှစ်ဖွဲ့ကျန်တယ်။ ကျန်တဲ့ အဖွဲ့ငယ် သုံးဖွဲ့လည်းရှိပါသေးတယ်။ ဒါပေမယ့် NCA လက်မှတ်ထိုးဖို့ သူတို့အားလုံးကြားမှာ ချိတ်ဆက်မှုနေကြပါတယ်။

ဒါပေမယ့်လည်း ကျန်တဲ့အဖွဲ့တွေ အားလုံးနဲ့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကနေတဆင့် ငြိမ်းချမ်းရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်အောင် ကျွန်မတို့ လုပ်ရပါမယ်။ ခုချိန်မှာဆိုရင်လည်း ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကဆိုရင် ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကိုလည်း စတင်ပြီး ကျင်းပပေးခဲ့နိုင်ပါပြီ။ စည်းလုံးညီညာမှုမရှိရင် ကျွန်မတို့နိုင်ငံအနေနဲ့ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

တစ်ချိန်တုန်းကဆိုရင် ကျွန်မတို့ နိုင်ငံဟာ အရှေ့တောင်အာရှက အောင်မြင်နိုင်ဖို့ အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီအဆင့်ကို ကျွန်မတို့ ဆက်မထိန်းထားနိုင်ခဲ့ပါဘူး။ ဒီနေ့ အခြေအနေအရ ကျွန်မတို့ နိုင်ငံသားအားလုံးရဲ့ အကျိုးအတွက် စီးပွားရေးအားကောင်းဖို့ လိုပါတယ်။

ခုကျွန်မတို့နိုင်ငံမှာ ရွေးကောက်ခံအစိုးရတစ်ရပ် ရှိလာခဲ့ပြီ။ ကျွန်မတို့ဟာ အတိုက်အခံအနေနဲ့ ၁၃ နှစ်လောက် နေခဲ့ရတယ်။ အမျိုးသားဒီမိုကရေစီပါတီကို ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်တယ်။ အဲဒီနောက်ပိုင်း ကျွန်မတို့ အတိုက်အခံအဖြစ် ဆက်တိုက်နေခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်မရခင် အထိပေါ့။

ဒါပေမယ့်လည်း ခုချိန်မှာ လွှတ်တော်ထဲမှာ အမတ်နေရာအများစုကို ကျွန်မတို့ အနိုင်ရခဲ့တယ်ဆိုပေမယ့်လည်း ဖွဲ့စည်းပုံပြင်ဖို့တော့ ပြီးပြည့်စုံတဲ့ အခွင့်အာဏာ မရထားသေးပါဘူး။ ဒါဟာ ဖွဲ့စည်းပုံ ဥပဒေကြောင့် ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံက တပ်မတော်ကို လွှတ်တော်ထဲမှာ ဗီတိုအာဏာကို ပေးထားလို့ပါ။ အဓိပ္ပါယ်ပြည့်စုံတဲ့ ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ဖို့တောင် တပ်မတော်က ကန့်ကွယ်နိုင်တဲ့ ဗီတိုအာဏာ ရှိနေပါတယ်။ လွှတ်တော်တွေ၊ ပြည်ထောင်စု လွှတ်တော်မှသည် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မှုနဲ့ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေဆဲဖြစ်ပါတယ်။

ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ဆိုရင် ကျွန်မတု့ိ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းထက်ကျော် သဘောတူမှ ရပါလိမ့်မယ်။ ဆိုလိုတာက ရွေးကောက်ခံ အမတ်တွေအားလုံးရဲ့ သဘောတူညီမှုနဲ့ မရပါဘူး။ ပြောချင်တာက တပ်မတော် ကိုယ်စားလှယ်အုပ်စုထဲက ရဲစွမ်းသတ္တိရှိတဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ သဘောတူညီမှုလိုတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ တပ်မတော်ကို ကျွန်မအနေနဲ့ တန်ဖိုးထားပါတယ်။  ဘာလို့လဲဆိုတော့ တပ်မတော်ဆိုတာလည်း ကျွန်မရဲ့ ဖခင်ကြီးက လွတ်လပ်ရေးကြိုးပမ်းဖို့အတွက် တည်ထောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်ကို တိုက်တွန်းချင်တာက နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ ပြောချင်ပါတယ်။ ကျွန်မတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါမယ်။ ဒီဟာက  ကျွန်မတို့ ဘာကြောင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ရတာလဲဆိုတာရဲ့ အကြောင်းရင်းတစ်ချက် ဖြစ်နေလို့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly