အစိုးရသစ်အတွက် အရေးတကြီး စိန်ခေါ်မှုသည် ငြိမ်းချမ်းရေးရဖို့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အစိုးရသစ်အတွက် အရေးတကြီး စိန်ခေါ်မှုသည် ငြိမ်းချမ်းရေးရဖို့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Photo-epa
 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အစိုးရသစ်အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး ခက်ခဲရှုပ်ထွေးသည့် လုပ်ငန်းဖြစ်ကာ နိုင်ငံအတွက် အရေးကြီးဆုံးကိစ္စရပ်သည် ငြိမ်းချမ်းရေး ရရှိရန်ပင်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့တွင် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့ခြင်းဖြစ်ပြီး “နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတခုအဖို့ အဓွန့်ရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး ဒါဟာ မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ အဓိက စိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေး ဆောင်ရွက်နေတဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် ပထမဆုံး ခြေလှမ်းအဖြစ် ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး အရေးကြီးသည့် ခြေလှမ်းတစ်လှမ်းကို စတင်နိုင်ခဲ့သည်ဟုဆိုကာ “ငြိမ်းချမ်းရေးဆီကို ချီတက်တဲ့ခရီးမှာ အရေးကြီးတဲ့ ပထမအဆင့်သာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ငြိမ်းချမ်းရေးဟာ ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ ဝမ်းနည်း ကြေကွဲဖွယ် စစ်ဘေး စစ်ဒဏ်က နောင်လာမယ့် မျိုးဆက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍မူ “ရခိုင်ပြည်အတွင်း လူ့အသိုင်းအဝိုင်း အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်စေတဲ့ အဓွန့်ရှည် ခိုင်မြဲသော အဖြေရရှိဖို့အတွက် သံဓိဋ္ဌာန် ချထားပါတယ် ကျွန်မတို့ အစိုးရဟာ နားလည်မှုနဲ့ ယုံကြည်မှုရရှိရေးကို ဦးတည်တဲ့ ရေတို၊ ရေရှည် အစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

(မှတ်ချက် - ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောဆိုခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို VOA မြန်မာပိုင်း၏ ဘာသာပြန်ဆိုမှုကို မဇ္ဈိမ ပရိသတ်များအတွက် ပြန်လည် ဖေါ်ပြပေးလိုက်ပါသည်။)

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများ၊ လူကြီးမင်းများရှင့်

မြန်မာအစိုးရသစ်ရဲ့ ပထမဦးဆုံး ကိုယ်စားလှယ်အနေနဲ့ ဒီအထွေထွေ ညီလာခံမှာ ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ မူတွေအပေါ်မှာ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောရတာဟာ ကျွန်မရဲ့တာဝန်၊ ကျွန်မရဲ့အခွင့်ထူး ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးရဲ့ ခွန်အားဟာ ပဋိဉာဏ်စာတမ်းနဲ့ နိုင်ငံတကာ ဥပဒေရဲ့ အခြေခံမူတွေမှာ ထည့်သွင်းထားတဲ့ တစ်ကမ္ဘာလုံး လွှမ်းခြုံအကျုံးဝင်မှုနဲ့ တရားဝင် ဖြစ်မှုတို့ အပေါ်မှာ မူတည်နေပါတယ်။

ပြီးပြည့်စုံမှု မရှိခြင်းနဲ့ ကန့်သတ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကျွန်မတို့အားလုံးရဲ့ ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ ဂရုဏာတရား ထွန်းကားတဲ့ လူသားအားလုံးရဲ့ နေရာထိုင်ခင်း ဖြစ်မြောက်ရေး ဆိုတဲ့ မျှော်လင့်ချက်တွေကို သိုမှီးထားတဲ့ အဖွဲ့ကြီးအဖြစ် ရှိနေဆဲပါ။ ကျွန်မတို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ကုလသမဂ္ဂကို ဝင်ရောက်ခဲ့ပါတယ်။

အဲဒီကာလဟာ ကမ္ဘာ့လူသားတွေဟာ ငြိမ်းချမ်းရေး၊ သာတူညီမျှရေး၊ သာယာဝပြောရေး၊ တရားမျှတရေးတွေ အတွက် လူသားတို့ရဲ့ လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှု ထားရှိပြီး သူတို့ရဲ့ နိုင်ငံသစ်တွေကို ပြန်လည် ထူထောင်ဖို့ ရုန်းထကြတဲ့အချိန် ဖြစ်ပါတယ်။

အခုတကြိမ် ထပ်ပြီးတော့ မြန်မာနိုင်ငံအဖို့ ပြတ်သားတဲ့ မျှော်လင့်ချက်တွေ ထားရှိနိုင်ပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ကျွန်မတို့ ပြည်သူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက် မဲပေးခဲ့ကြပါတယ်။ ဒါဟာ နိုင်ငံရေးပါတီ တခုကို ထောက်ခံတယ်ဆိုတာ ပြသခြင်းသာမက၊ သူတို့ရဲ့ အခွင့်အရေး၊ စွမ်းရည်၊ သူတိုမျှော်မှန်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပုံစံစတဲ့ နိုင်ငံရေး ပျိုးထောင်မှု တွေအတွက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်တွေ၊ ရည်ရွယ်တွေဟာ ကုလသမဂ္ဂကို စတင် ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆနဲ့လည်း ထပ်တူ ထပ်မျှ ဖြစ်ပါတယ်။

ဓားသွားတွေကို ထယ်သွားအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်၊ ခေတ်သစ် အသုံးအနှုန်းနဲ့ ပြောရမယ် ဆိုရင်တော့ ဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စိုက်ပျိုးရေး ယန္တရားတွေအဖြစ် ပြောင်းလဲဖို့ ဆိုတဲ့ မျှော်မှန်းချက်ဟာ ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကြောင့် အိပ်ခွင့်မသာဘဲ လယ်ယာမြေတွေကိုလည်း ဆုံးရှုံးခဲ့ရတဲ့ ကျွန်မတို့ ပြည်သူတွေဟာ အထက်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲဖို့ လိုတယ်ဆိုတာကို စိတ်ထဲ၊ နှလုံးထဲမှာ စွဲစွဲမြဲမြဲ နားလည်ထားကြပါတယ်။

မိမိတို့ရဲ့ နေအိမ်ထဲမှာ လုံခြုံမှုရှိဖို့၊ မိမိတို့ရဲ့ စွမ်းရည်အပေါ်မှာ ယုံကြည်မှုရှိပြီး အပြည့်အ၀ အကောင်အထည် ဖော်နိုင်ဖို့၊ လူငယ်တွေရဲ့ အနာဂတ် အလားအလာအတွက် စိတ်ချ ပျော်ရွှင်မှု ရရှိနိုင်ဖို့၊ သက်ကြီးရွယ်အိုများဘ၀ လုံခြုံဖို့၊ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ပြည်ထောင်စုသားတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ရိုးရှင်းတယ်၊ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်ဆိုတာကိုတော့ အထူး ပြောစရာ မလိုပါဘူး။ ကျွန်မတို့ရဲ့ ဒီ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို မျှော်လင့်ချက်နဲ့ ပြတ်သားတဲ့ သံဓိဋ္ဌာန်ချမှတ်ပြီး လျှောက်လှမ်းကြရပါလိမ့်မယ်

ငြိမ်းချမ်းရေးဖြစ်စဉ်

မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့်၊ အခြေခံလွတ်လပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတဲ့ ၂၀၃၀ ပြည့် အဓွန့်ရှည် ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှု ပန်းတိုင်နဲ့ အကျုံးဝင်တဲ့ မွေးရာပါ ရပိုင်ခွင့်တွေကို နှစ်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ကြရတာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတခုအဖို့ အဓွန့်ရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး ဒါဟာ မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ အဓိက စိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေး ဆောင်ရွက်နေတဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ တနည်းအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို မကြာသေးခင်က ကျွန်မတို့ ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဒီ ညီလာခံဟာ လွှတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ပေါက်ရေး အခြေခံ အုတ်မြစ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ညီလာခံရဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည် အသက်သွင်းထားတာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ ဒီညီလာခံဟာ အားလုံးပါဝင်ရေးမူနဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို အခြေပြုထားတာ ဖြစ်ပါတယ်။

ဒီညီလာခံ ကျင်းပရုံနဲ့ မပြီးသေးပါဘူး အမျိုးသား ရင်ကြားစေ့ရေးနဲ့ တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆီကို ချီတက်တဲ့ခရီးမှာ အရေးကြီးတဲ့ ပထမအဆင့်သာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ငြိမ်းချမ်းရေးဟာ ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ ဝမ်းနည်း ကြေကွဲဖွယ် စစ်ဘေး စစ်ဒဏ်က နောင်လာမယ့် မျိုးဆက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အခြေအနေ

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ကမ္ဘာက အာရုံစိုက်ခဲ့ကြပါတယ်။ တာဝန်သိတဲ့ ကမ္ဘာ့မိသားစု အဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ ကျွန်မတို့ဟာ နိုင်ငံတကာက အနီးကပ် စောင့်ကြည့်တာကို မစိုးရိမ်ပါဘူး။ ကျွန်မတို့ဟာ ရခိုင်ပြည်အတွင်း လူ့အသိုင်းအဝိုင်း အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်စေတဲ့ အဓွန့်ရှည် ခိုင်မြဲသော အဖြေရရှိဖို့အတွက် သံဓိဋ္ဌာန် ချထားပါတယ် ကျွန်မတို့ အစိုးရဟာ နားလည်မှုနဲ့ ယုံကြည်မှုရရှိရေးကို ဦးတည်တဲ့ ရေတို၊ ရေရှည် အစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါတယ်။

ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အတည်ဖော်ရေး ဗဟိုကော်မီတီကို အစိုးရသစ်တာဝန်ယူပြီး မကြာခင်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဗဟို ကော်မီတီအောက်မှာ ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မီတီတွေဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေကို ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဖြစ်ရေးတို့ကို စိစစ်ပြီး နေရာချထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးတို့ကိုလည်း ကူညီ ဆောင်ရွက်ပေးနေပါတယ်။ လူသားချင်း စာနာမှုအကူအညီတွေ ထောက်ပံ့နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ဒီပြဿနာကို ပြီးပြည့်စုံပြီး ပိုမိုထိရောက်အောင် ဖြေရှင်းနိုင်ဖို့ ကျန်မတို့ကြိုးပမ်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကိုလည်း ကျွန်မတို့ ဖွဲ့စည်းထားပါတယ်။

အဖွဲ့ဝင် (၉) ဦး ပါဝင်တဲ့ ဒီကော်မရှင်ရဲ့ တာဝန်တွေထဲမှာ - ရခိုင်ပြည်နယ်အတွင်း လူ့အခြေခံလိုအပ်ချက်တွေ၊ ဖွံ့ဖြိုး တိုးတက်ရေး၊ အခြေခံ ရပိုင်ခွင့်နဲ့ လုံခြုံရေးကိစ္စတွေ ပါဝင်ပါတယ်။ ပဋိပက္ခဟန့်တားရေး၊ စာနာမှု အထောက်အပံ့ ပေးကမ်းရေး၊ ရပိုင်ခွင့်များနဲ့ ပြန်လည်သင့်မြတ်ရေး၊ လူမှုအဆောက်အဦးတွေ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြင့်တင်ရေးတို့ကို အထူးအလေးပေး ဆောင်ရွက်ရပါလိမ့်မယ်။

ဒီကော်မရှင် ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး တချို့အစိတ်အပိုင်းတွေက အပြင်းအထန် ကန့်ကွက် နေကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ သဟဇာတ ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ရရှိဖို့အတွက် ဆက်လက် အားထုတ်သွားမယ်ဆိုတာ ကျန်မတို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ နားလည်မှုရှိပြီး အပြုသဘောနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ တောင်းဆို လိုက်ပါတယ် မလိုမုန်းတီးမှုနဲ့ စာနာခွင့်လွှတ်ခြင်း ကင်းမဲ့တဲ့ အုပ်စုတွေကို အခိုင်အမာ ဆန့်ကျင် ရပ်တည်ခြင်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ တန်ဖိုးတွေကို ယုံကြည်မှုရှိကြောင်း ထပ်မံပြီး အလေးအနက် ပြောကြားလိုပါတယ်

SDG ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရန်

ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ဟာ ကျွန်မတို့ပြည်သူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေ ပြည့်ဝရေးဆိုင်ရာ မူဝါဒနဲ့ အစီအစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ အမျိုးသား စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး မူဝါဒဟာ အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေ ပါဝင်တဲ့ SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရေးနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။

အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်တွေရဲ့ စွမ်းရည် မြင့်မားရေးနဲ့ အခွင့်အလမ်း ဖန်တီးရေးတို့ဟာ ကျွန်မတို့ရဲ့ လူထုအခြေပြု အားလုံးပါဝင်ရေး မူဝါဒ ရည်မှန်းချက်တွေအတွက် အဓိက သော့ချက်တွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်တွေ အနေနဲ့ ကျွန်မတိုရဲ့ တူညီတဲ့ စိုးရိမ်ကြောင့်ကြစရာ အများအပြားကို မနေ့က ဒီညီလာခံ စတင်ချိန်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ခွင့်ပြုထားတဲ့ အချိန်အတွင်း အနည်းအကျဉ်းပဲ ပြောပါမယ် ရွှေ့ပြောင်းအခြေချမှု၊ အကြမ်းဖက်ဝါဒ၊ နျူကလီးယား ဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအခြေချမှု

ပြဿနာတွေအတွက် ရေရှည်ခိုင်မြဲမယ့်အဖြေကို ရရှိဖို့အတွက် ပြဿနာ ဇစ်မြစ်ကို စုံစမ်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း မကြုံစဖူးအောင် များပြားလှတဲ့ ပြောင်းရွေ့အခြေချမှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေဟာ ပုံမှန်မဟုတ်တဲ့ ပြောင်းရွေ့အခြေချမှုရဲ့ အရေးအကြီးတဲ့ အကြောင်းရင်း နှစ်ရပ်ကို ဖြေရှင်းဖို့ လိုအပ်လာစေပါတယ်။

အဲဒီ အကြောင်းရင်း နှစ်ရပ်ကတော့ ငြိမ်းချမ်းမှု မရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောကြတဲ့အခါမှာ လူအခွင့်အရေးကိုလေးစားမှု၊ တရားမျှတမှု၊ မတူကွဲပြားမှု၊ သည်းခံခွင့်လွတ်မှုတို့ကို မြင့်တင်ရေးနဲ့ ဘက်စုံစီးပွားရေး မူဝါဒ အကောင်အထည် ဖော်ရေးတို့ကို လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။

ဒါဟာ စိန်ခေါ်မှုကြီးတရပ်ဖြစ်ပြီး နိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ တရားမျှတပြီး ပြီးပြည့်စုံတဲ့ ဖြေရှင်းမှုရရှိဖို့ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ရွေ့ပြောင်း အခြေချနေထိုင်သူတွေဟာ အိမ်ရှင်နိုင်ငံတွေနဲ့ ကမ္ဘာ့စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ကြပါဘူး။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ခိုင်မာအောင် အိမ်ရှင်နိုင်ငံနဲ့ မူရင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးကို အထောက်အပံ့ ဖြစ်စေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ ကျွန်မတို့အားလုံး မျှဝေနေထိုင်ကြရမှာ ဖြစ်ပါတယ်။ တန်ဖိုးထားမှုနဲ့ ကြွယ်ဝမှုတွေကို မျှဝေကြခြင်းအားဖြင့် ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒကို တုန့်ပြန်ခြင်း

သာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတို့နဲ့ ဆက်နွယ်တဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ ပုံစံအားလုံးကို ကျွန်မတို့ အတူတကွ ရပ်တည် ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ အစွန်းရောက်ဝါဒဟာ အကြမ်းဖက်ဝါဒရဲ့ ဇစ်မြစ်ဖြစ်တဲ့ အတွက် အစွန်းရောက်ဝါဒရဲ့ အကြောင်းရင်းတွေကို စူးစမ်းဖို့ လိုအပ်ပါတယ်။ လူမှုရေး၊ စီးပွားရေး ဖူလုံမှု ကင်းမဲ့ခြင်းဟာ အရေးကြီးတဲ့ အကြောင်းတရားတွေ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး ဒါပေမဲ့ ဦးတည်ချက်ကင်းမဲ့ခြင်း၊ ဘဝရည်မှန်းချက် ကင်းမဲ့ခြင်းတို့ဟာလည်းပဲ အထူးသဖြင့် လူငယ်တွေကို ရေရာ သေချာမှု ရှိသယောင် ပြသနေတဲ့ အယူအဆတွေရဲ့ ညွတ်ကွင်း မိစေနိုင်တယ်ဆိုတာလည်း ကျွန်မတို့ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

နျူကလီးယားဖျက်သိမ်းရေး

နျူကလီးယား ကင်းမဲ့သော ကမ္ဘာကြီး ဖြစ်မြောက်ရေးကို မြန်မာနိုင်ငံ ထောက်ခံပါတယ်။ ကျွန်မတို့နိုင်ငံက တင်သွင်းတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နှစ်ပတ်လည် ပြဌာန်းချက်ဟာ လက်ရှိနဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ရရှိရေးကို ရည်ရွယ်ပါတယ်။ ကမ္ဘာ့ဒေသ အများအပြားမှာ နျူကလီးယားလက်နက် ကင်းမဲ့တဲ့ ရပ်ဝန်းတွေ ထူထောင်ရေးကိစ္စဟာ ဒီရည်မှန်းချက်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေး CTBT စာချုပ် အတည်ပြုချက်ကို ကျွန်မတို့နိုင်ငံက ဒီညနေမှာ တင်းသွင်းမှာဖြစ်ကြောင်း ဝမ်းမြောက်စွာ အထွေထွေ ညီလာခံကို အသိပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly