လာလီဂါတွင် ၁၄ ရာသီဆက်တိုက် ဂိုးဖန်တီးပေးနိုင်သူအဖြစ် အင်နီယေစတာ မှတ်တမ်းတင်

လာလီဂါတွင် ၁၄ ရာသီဆက်တိုက် ဂိုးဖန်တီးပေးနိုင်သူအဖြစ် အင်နီယေစတာ မှတ်တမ်းတင်

စက်တင်ဘာ ၂၂၊ စပိန် ။                 ။ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သော ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုအသင်းတို့၏ ပွဲစဉ်တွင် ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာသည် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် ၁၄ ရာသီဆက်တိုက် ဂိုးဖန်တီးပေးနိုင်သူအဖြစ် မှတ်တမ်းသစ် ရေးထိုးလိုက်သည်။

ထိုပွဲစဉ်တွင် ရာကီတစ်ခေါင်းတိုက်သွင်းယူခဲ့သော ဂိုးကို အင်နီယေစတာက ဖြတ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်နီယေစတာသည် လာလီဂါတွင် ၁၄ ရာသီဆက်တိုက် အနည်းဆုံး ဂိုးတစ်ဂိုးဖန်တီးပေးသူအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

လက်ရှိအချိန်အထိ ဘာစီလိုနာအသင်းအတွက် အင်နီယေစတာ ဖန်တီးပေးထားသည့်ဂိုးပေါင်းမှာ ၈၃ ဂိုးအထိ ရှိနေပြီ ဖြစ်သည်။ စပိန်ကွင်းလယ်ကစားသမားသည် ဘာစီလိုနာတိုက်စစ်မှူးများအတွက် ဂိုးပေါင်းများစွာ အဓိကဖန်တီးပေးခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလားရှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား လေးကြိမ်ရရှိအောင် ကူညီပေးနိုင်ခဲ့သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် အင်နီယေစတာသည် ဘာစီလိုနာအသင်းတွင် ၂၀၀၂ ခုနှစ်မှ စတင်ပြီး ပွဲထွက်ခွင့်ရရှိခဲ့ကာ ပွဲပေါင်း ၅၉၇ ပွဲကစားပြီး ၅၅ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။ ၂၀၀၄ ခုနှစ်ကစတင်ပြီး အသင်း၏အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာခဲ့ကာ နည်းပြအဆက်ဆက် ယခုအချိန်အထိ ကွင်းလယ်ဖန်တီးရှင်နေရာမှ ကစားပေးနေသူ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags