စုပေါင်း တင်ပြလာပါက ဆရာ၊ ဆရာမများနေထိုင်မည့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် တိုင်းအစိုးရက ဘတ်ဂျက်ချပေးမည်

စုပေါင်း တင်ပြလာပါက ဆရာ၊ ဆရာမများနေထိုင်မည့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် တိုင်းအစိုးရက ဘတ်ဂျက်ချပေးမည်

မန္တလေး၊ စက်တင်ဘာ ၂၁ ။               ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဝန်ထမ်းများ မြို့နယ်အလိုက် တစ်စုတစည်းတည်း စုပေါင်းနေထိုင်နိုင်ရန် အဆောက်အ ဦး တည်ဆောက်ရန် ဆရာ၊ဆ ရာမများက စုပေါင်း၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့တင်ပြလာပါက တိုင်းဒေသကြီး အစိုးရအနေ ဖြင့် ဘတ်ဂျက် ချထားပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်က ပြောသည်။

စက်တင်ဘာလ ၂၁ ရက် ၊နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အ စည်းအဝေး(ဒုတိယနေ့)တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ချမ်းမြသာစည်မြို့နယ်၊မဲဆန္ဒနယ်၊အမှတ်(၁)၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က "ဆရာ၊ ဆရာမများ နေသည့် အဆောင်များအား သက်ဆိုင်ရာကျောင်း တစ်ကျောင်းစီတွင် သီးသန့်ဆောက်လုပ်ပေးမည့်အစား မြေဧရိယာလွန်စွာ ကျယ်ဝန်းသည့်ကျောင်းများတွင် သင့်လျော်သလို ဆောက်လုပ်ခွင့်/နေထိုင်ခွင့် လျာထားပေးနိုင်ခြင်း ရှိ/မရှိ " မေးမြန်းခြင်းကို မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က "ဝန်ထမ်း အိမ်ရာတွေအတွက် ကျွန်တော်တို့ အလေးထားပါတယ်။ ဒါကြောင့်မို့ အိုးအိမ် ဦးစီးဌာနက ဝန်ထမ်းအိမ်ရာတွေ ဆောက်တဲ့အခါမှာ သတ်မှတ်ချက်လေးတွေစတင်ပြီး ဖြည့်စွက်ထားပါတယ်။ ဒီဝန်ထမ်းတွေကို ပေးတဲ့အခါမှာ အိမ်မရှိတဲ့ အဝေးကလာနေတဲ့ ပညာရေးဝန်ထမ်းတွေကို ဦးစားပေးဖို့ဆိုတဲ့အချက်တစ်ချက် ကျွန်တော်တို့ထည့် တွက် ထားပါတယ်။ အဲဒါကြောင့်မို့ ဝန်ထမ်းအိမ်ရာတွေမှာလည်း အိုးအိမ်ဦးစီး ဆောက်တိုင်း လျှောက်ထားနိုင်မှာ ဖြစ်ကြောင်းနဲ့ တစ်စုတဝေးတည်းအဆောက်အအုံတွေ   ဆောက်ပေးဖို့ဆိုရင်တော့   မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှာ ပညာရေးဝန်ထမ်းတွေ စုပေါင်း ပြီး တစ်နေရာတည်း အဆိုပြုတင်လာမယ်ဆိုရင်တော့  ကျွန်တော်ပြောသလို ဘတ်ဂျက်ကို ချထားပေး မှာဖြစ်ပါတယ်"ဟု   ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး(တတိယနေ့)ကို စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly