တိုရေး၏အေးဂျင့်မှ မတောင်းပန်လျှင် တိုရေး ကစားခွင့်ရမည်မဟုတ်ဟု ဂွါဒီယိုလာ ပြောကြား

တိုရေး၏အေးဂျင့်မှ မတောင်းပန်လျှင် တိုရေး ကစားခွင့်ရမည်မဟုတ်ဟု ဂွါဒီယိုလာ ပြောကြား

စက်တင်ဘာ ၂၁၊ အင်္ဂလန် ။               ။ ယာယာတိုရေး၏ အေးဂျင့်ဖြစ်သူမှ ၎င်းအားတောင်းပန်မှု ပြုလုပ်ရန် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။ ထိုကဲ့သို့တောင်းပန်မှု မပြုလုပ်ပါက ယာယာတိုရေးအနေဖြင့် မန်စီးတီးအသင်းတွင် လုံးဝကစားခွင့်ရရှိလိမ့်မည် မဟုတ်ကြောင်းလည်း ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ယာယာတိုရေးသည် မန်စီးတီးအသင်း၏ သမိုင်းဝင်ကစားသမားတစ်ဦးဖြစ်ခဲ့သော်လည်း အသင်းသို့ ဂွါဒီယိုလာရောက်ရှိလာသည့်အချိန်မှ စတင်ပြီး ပွဲထွက်ခွင့်မရဘဲ ချန်ပီယံလိဂ်လူစာရင်းမှပင် ချန်လှပ်ခံခဲ့ရသည်။

နည်းပြ၏ကစားသမားရွေးချယ်မှုနှင့်ပတ်သက်ပြီး အေးဂျင့် ဆီလက်က ယာယာတိုရေးမှာ နှိမ်ချဆက်ဆံခံရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် ဂွါဒီယိုလာက ‘ဆီလက်အနေနဲ့ ပြန်မတောင်းပန်ဘူးဆိုရင် ယာယာတိုရေးလည်း ကစားခွင့်ရမှာ မဟုတ်ပါဘူး’ ဟု တုန့်ပြန်ပြောဆိုလိုက်သည်။

ထိုအခါ ဆီလက်က ‘ဘာအတွက်ကြောင့် တောင်းပန်ရမှာလဲ။ ဂွါဒီယိုလာအနေနဲ့ ယာယာ့ကို စကားပြောသင့်ပါတယ်။ ယာယာက သူ့အလုပ်သူလုပ်နေတာပါ။ ဘာတွေဖြစ်လာမလဲဆိုတာ မြင်ရပါလိ့မ်မယ်။ စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲရောက်နေပါပြီ။ ဇန်နဝါရီမှာ အလွတ်ပြောင်းခွင့်ရတော့မှာပါ’ ပြောဆိုခဲ့သည်။

ဂွါဒီယိုလာကလည်း ‘ယာယာတိုရေးက လူကောင်းတစ်ယောက်၊ ကစားသမားကောင်းတစ်ယောက်ဆိုတာ သိပါတယ်။ သူ့ကို ချန်ပီယံလိဂ်လူစာရင်းကနေ ချန်ခဲ့ရတာ ကျွန်တော့်အတွက် အရမ်းခက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်တစ်ယောက်က သူ့ကစားသမား မကစားရလို့ ခဏခဏ ပြောဆိုနေတာကိုတော့ နည်းပြတစ်ယောက်အနေနဲ့လက်မခံနိုင်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ယာယာတိုရေးက အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး မကြာမီ ဂွါဒီယိုလာက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယာယာတိုရေးသည် ၂၀၀၄ ခုနှစ်က လက်ရွေးစင်စဖြစ်ခဲ့ပြီး ၁၄ နှစ်ကြာ အမိနိုင်ငံအတွက် ကစားပေးခဲ့သည်။ ပွဲပေါင်း ၁၁၃ ပွဲအထိကစားခဲ့ကာ ၂၀၁၅ ခုနှစ်က အာဖရိကဖလားကို ရရှိခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly