ကွန်ဂိုတွင် အစိုးရ ဆန့်ကျင်ဆန္ဒပြ သူများနှင့် ရဲများအကြား အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား၍ လူ ၅၀ ကျော်သေဆုံး

ကွန်ဂိုတွင် အစိုးရ ဆန့်ကျင်ဆန္ဒပြ သူများနှင့် ရဲများအကြား အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား၍ လူ ၅၀ ကျော်သေဆုံး

စက်တင်ဘာ ၂၀ ။             ။ ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံတွင် အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ တိုက်ပွဲများဖြစ်ပွားရာ လူပေါင်း ၅၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း အတိုက်အခံ အုပ်စုဘက်က ထုတ်ပြန် ပြောကြားသွားသည်။

ယင်း ပဋိပက္ခများအတွင်း သေဆုံးသူ ၁၇ ဦးထက် မနည်းရှိကြောင်း အစိုးရဘက်က အစောပိုင်းတွင် ထုတ်ပြန်ထားပြီး သေဆုံးသူစာရင်း ထပ်တိုးလာနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

ယင်းနိုင်ငံတွင် လက်ရှိ သမ္မတ ဂျိုးဇက် ခါဘီလာက ၎င်း၏ သက်တမ်းကို ထပ်တိုးနိုင်ရန် ကြိုးပမ်းလာနေမှုအပေါ် ကျေနပ်မှုမရှိသော ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက လမ်းများပေါ်သို့ ထွက်လာရာမှစကာ ရဲများနှင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပ အသိုင်းအဝိုင်း အုပ်စုများကလည်း ကွန်ဂို သမ္မတ ခါဘီလာအား လာမည့် ဒီဇင်ဘာလ တရားဝင် သက်တမ်း ကုန်ဆုံးချိန်တွင်  ရာထူးမှ ဆင်းပေးရန် ဖိအားပေးထားလျက်ရှိသည်။

သို့သော် ဗဟိုအာဖရိကန်နိုင်ငံတွင် သမ္မတ ခါဘီလာမှာ ကျင်းပရန် ရှိနေသော ရွေးကောက်ပွဲကို နှောင့်နှေးကြန့်ကြာစေခြင်းဖြင့် ၎င်း၏ အာဏာကို ဆွဲဆန့်ရန် ကြိုးပမ်းနေကြောင်းအတိုက်အခံအုပ်စုဘက်ကမှ စွပ်စွဲထားသည်။

ပဋိပက္ခ တိုက်ပွဲများအတွင်း လူပေါင်း ၅၃ ဦးအထိ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကွန်ဂို အတိုက်အခံ ပါတီ ခေါင်းဆောင် ဂျိုဇက် အိုလန်ဂါ အန်ကွိုင်က ပြောဆိုထားချိန်တွင် ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့ဝင်တစ်ဦးကလည်း ဆန္ဒပြသူ ၂၅ ဦး ပစ်သတ်ခံခဲ့ရကြောင်း ထုတ်ဖော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly