မူးယစ်နှိမ်းနင်းရေး လုပ်ငန်းများ အပြီးသတ်နိုင်ရန် နောက်ထပ် အချိန်ခြောက်လ ထပ်ယူရမည်ဟု ဖိလစ်ပိုင် သမ္မတ ပြော

မူးယစ်နှိမ်းနင်းရေး လုပ်ငန်းများ အပြီးသတ်နိုင်ရန် နောက်ထပ် အချိန်ခြောက်လ ထပ်ယူရမည်ဟု ဖိလစ်ပိုင် သမ္မတ ပြော

စက်တင်ဘာ ၁၉ ။          ။ နိုင်ငံတွင် လုပ်ဆောင်နေလျက်ရှိသော မူးယစ်တရားခံ နှိမ်နင်းရေး လုပ်ငန်းစဉ်များ အပြီးသတ်နိုင်ရန် နောက်ထပ် အချိန်ခြောက်လ ထပ်ယူရဦးမည်ဟု ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

စတင်တာဝန်ယူပြီး နှစ်လတာအတွင်း နိုင်ငံတွင် အမြစ်စွဲနေခဲ့သော မူးယစ်ဆေးဝါး ပြဿနာ မည်မျှ ဆိုးရွားကြောင်းကို သိရှိနားလည်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မှုခင်းနှိမ်နင်းရေး လုပ်ငန်းစဉ်များဖြင့် နာမည်ကျော်ခဲ့သော ဒါဗာအိုမြို့တော်ဝန်ဟောင်း ဒူတာတေးသည် နိုင်ငံတွင် ရာဇဝတ်မှုများ ရှင်းလင်းရေးနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက် ဆက်နွယ်နေသူများကို အမြစ်ဖြတ် သုတ်သင်ရှင်းလင်းရေး လုပ်ဆောင်မည်ဟု ကတိပေးကာ ပြီးခဲ့သည့်မေလက ရွေးကောက်ပွဲနိုင်ကာ သမ္မတဖြစ်လာခဲ့သူဖြစ်သည်။

ယင်းနောက် စတင် တာဝန်ယူသည့် ကာလအတွင်း လုပ်ဆောင်ခဲ့သော မူးယစ်နှိမ်နင်းမှုအတွင်း လူပေါင်း ၃,၅၀၀ ကျော်  သေဆုံးခဲ့ရပြီဖြစ်သည်။

သမ္မတ ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး စစ်ဆင်ရေးမှာ ပြည်တွင်းတွင် လူကြိုက်များလှသော်လည်း ပြည်ပတွင်မူ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂတို့၏ ပြစ်တင်ကန့်ကွက်ဝေဖန်မှုများနှင့် ရင်ဆိုင်ထားခဲ့ရသည်။

" ကျွန်တော် သမ္မတ မဖြစ်ခင်ကအထိ နိုင်ငံမှာ ဒီမူးယစ်ဆေးဝါး ပြဿနာ ခုလောက် ဆိုးရွားနေမှန်း မသိခဲ့ပါဘူး၊ ဒီမူးယစ်ဆေးဝါး ကုန်ကူးရောင်းချမှုမှာ လူထောင်နဲ့ချီပြီး ပါဝင်ပတ်သက်နေခဲ့တာပါ၊ အစိုးရအဖွဲ့မှာ လုပ်နေတဲ့လူတစ်ချို့တောင် ပါပါတယ်၊ ဒီလိုမျိုးအခြေအနေတွေအားလုံးကို နေရာတကျ မှန်မှန်ကန်ကန် ရှိနေစေဖို့က နောက်ထပ်အချိန်ခြောက်လလောက် ထပ်ယူဖို့လိုပါတယ်၊ ဒါကြောင့် ကျွန်တော့်ကို နောက်ထပ် အချိန်ခြောက်လလောက်ပေးပါလို့ ပြောချင်ပါတယ်" ဟု ဖိလစ်ပိုင် သမ္မတက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly