ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုခြင်းသည့် တိုင်းပြည်၏ ပဒေသာပင် ပြန်လည်ပေါက်ပြီး သီးပွင့်လာနိုင်ရန် ကြိုးစားနေဟုဆို

ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုခြင်းသည့် တိုင်းပြည်၏ ပဒေသာပင် ပြန်လည်ပေါက်ပြီး သီးပွင့်လာနိုင်ရန် ကြိုးစားနေဟုဆို
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတက်ရောက်ခဲ့သည်။ ဓာတ်ပုံ - ဇော်နီ

မြိတ်၊ စက်တင်ဘာ-၁၉ ။           ။ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုခြင်းသည် တိုင်းပြည်၏ ပဒေသာပင် ပြန်ပေါက်ပြီး သီးပွင့်လာနိုင်အောင် ကြိုးစားခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး ကော်မတီဥက္ကဌ ဒေါက်တာခွန်ဝင်းသောင်းက စက်တင်ဘာ ၁၇ရက်တွင် မြိတ်မြို့၌ ကျင်းပသည့် ငါးဈေးကွက် ပြန်လည်ဖော်ဆောင်ရေး နှင့် ရေလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်၌ ပြောကြားခဲ့သည်။

“တနင်္သာရီတိုင်းဒေသကြီး တစ်ခုထဲအတွက် မဟုတ်ဘဲနဲ့ အများကောင်းဖို့၊ တစ်တိုင်းပြည်လုံး ကောင်းဖို့ဆိုတဲ့ စေတနာ ကောင်းလေးကိုထားပြီး လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုပဲ မမှီခိုဘဲနဲ့ ဒီထက်မက ထိုးဖောက်ပြီးမှ ဥရောပ ဈေးကွက်အထိကို လုပ်ဆောင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီအနေဖြင့် ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဆင့်မီ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းလျက် ရှိကြောင်း ယင်းဥပဒေသစ်ထွက် ပေါ်လာပါက အဓိက အကောင်အထည်ဖော်ရမည့်အဖွဲ့မှာ ငါးလုပ်ငန်းဦးစီးဌာနဖြစ်သည့်အတွက် ဌာနအနေဖြင့် ယခင်ကရှိခဲ့သည့် အားနည်းချက်များကို ပြင်ဆင်နိုင်သမျှ ပြင်ဆင်သွားရန် လိုအပ်လာပြီဟု ဒေါက်တာခွန်ဝင်းသောင်းက ထောက်ပြသွားသည်။

“လက်ရှိအနေအထားမှာ ကျွန်တော်တို့မှာ အမှန်အတိုင်းဝန်ခံရလို့ရှိရင် ဌာနအနေနဲ့ အားနည်း ချက်တွေရှိပါတယ်။ အားနည်းချက်ရှိတယ်ဆိုတာ တိုင်းပြည်ရဲ့အနေအထားအရ ပြည့်စုံမှုမရှိလို့ပါ။ ဒါကြောင့် အပြစ်မပြောလိုပါဘူး။ သို့သော် ဌာနက အခရာကျနေတဲ့အတွက် အခရာဖြစ်တဲ့ဌာနအနေနဲ့ အခရာမဖြစ်ဘဲနဲ့ ဌာနရဲ့အခန်းကဏ္ဍက လုပ်ပိုင် ခွင့်နည်းနေမယ်ဆိုရင် လိုချင်တဲ့ ရည်ရွယ်ချက်ရောက်မှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

၎င်းအပြင် ရေလုပ်ငန်းအခန်းကဏ္ဍမှ တိုင်းပြည်အခွန်ငွေများရသင့်သလောက် မရသည့်အခြေအနေ ကိုလည်း ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊ ဒေသခံငါးလုပ်ငန်းရှင်များအနေဖြင့်လည်း ယင်း အခြေအနေကို ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကို မော်ကြည့်ရသည့်အနေအထားမှ ငုံ့ကြည့်ရသည့်အဆင့်အထိ ရောက်ရှိအောင် ဝိုင်းဝန်းအဖြေရှာပေးကြရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly