အွန်လိုင်း လက်နက် အရောင်းအဝယ် စျေးကွက်အား ထိုင်းရဲတပ်ဖွဲ့ ဖြိုခွင်း

အွန်လိုင်း လက်နက် အရောင်းအဝယ် စျေးကွက်အား ထိုင်းရဲတပ်ဖွဲ့ ဖြိုခွင်း

ဘန်ကောက်၊ စက်တင်ဘာ ၁၈ ။                ။ ထိုင်းနိုင်ငံအနှံ့တွင် စီးနင်းမှုများပြုလုပ်လျက် အွန်လိုင်းကတစ်ဆင့် ပြင်းအားမြင့် စစ်လက်နက်နှင့် တိုက်ခိုက်ရေး ပစ္စည်းများအပါအဝင် လက်နက်များ အရောင်းအဝယ်ပြုလုပ်သည့် အွန်လိုင်း လက်နက်ဈေးကွက်ကို ထိုင်းရဲများက ဖြိုခွင်းလျက်ရှိနေသည်။

စက်တင်ဘာ ၁၇ ရက် နံနက်စောပိုင်း ဆောင်ရွက်သည့် ပြည်နယ်အများမှ နေရာပေါင်း ၇၆ နေရာအား ရဲဌာနခွဲ သုံးရပ်မှ ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေး စီးနင်းမှုအတွင်း သံသယရှိသူ ၂၀ နှင့် လက်နက် ၁၄၁ လက်ကို ဖမ်းဆီးရမိသည်။

ဆယ်ကျော်သက် ကျောင်းသားလေးမာျးက လူမှုမီဒီယာမှ တစ်ဆင့် လက်နက်များ ဝယ်ယူကာ ရာဇဝတ်မှုများ ကျုးလွန်လာကြခြင်းကြောင့် ယခုကဲ့သို့ စီးနင်းဖြိုခွင်းမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗဟိုစုံစမ်းရေးဗျူရိုမှ လက်ထောက်ကော်မရှင်နာမင်းကြီးဖြစ်သူ ဆွမ်မိုင်းခွန်ဝီစိုင်းဆက်က ပြောသည်။

လက်နက် အရောင်းသမားများထံ ငွေပေးချေပြီးနောက် စာတိုက် စာပို့စနစ်မှတစ်ဆင့် လက်နက်ကို ပေးပို့ရောင်းချနေသည့် မှောင်ခိုအွန်လိုင်း လက်နက်ဈေးကွက်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
 
အဆိုပါ အွန်လိုင်းလက်နက်ဈေးကွက်နှင့် ချိတ်ဆက်ပတ်သက်မှုရှိနေသူပေါင်း ၁၆၄ ဦးကို တွေ့ရှိထားကြောင်းလည်း ရဲမှူး ဆွမ်မိုင်းက ပြောသည်။

ရာဇဝတ်မှု နှိမ်နှင်းရေးဌာန၊ ဗဟိုထောက်လှမ်းရေးဗျူရိုနှင့် နည်းပညာရာဇဝတ်မှုနှိမ်နှင်းရေးဌာနတို့ ပူးပေါင်းကာ စီးနင်းမှုများအတွင်း လိုင်စင်ဖြင့် လက်နက် ၃၂ လက်နှင့် လိုင်စင်မဲ့ လက်နက် ၁၀၉ လက်တို့ကို သိမ်းဆည်းရမိသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် AK-47၊ HK-33၊ M16 ရိုင်ဖယ်များနှင့် ခဲယမ်းပစ္စည်း ၂၀၀၀ ကျော်တို့ ပါဝင်ကြောင်း ဆွမ်မိုင်းက ပြောသည်။

အဆိုပါ အွန်လိုင်းလက်နက်ရောင်းဝယ်မှု နောက်ကွယ်က ကွင်းဆက်များကိုလည်း ဖော်ထုတ်ထားနိုင်ပြီဖြစ်ပြီး ရဲဌာနက စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags