နေအိမ်တစ်အိမ်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် လောက်ကိုင်၌ စစ်တပ်က လုံခြံုရေး တင်းကြပ်ထား

နေအိမ်တစ်အိမ်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် လောက်ကိုင်၌ စစ်တပ်က လုံခြံုရေး တင်းကြပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ လောက်ကိုင်တွင် နေအိမ်တစ်အိမ်၌ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတင်းကြပ်ချထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် စက်တင်ဘာ ၁၈ ရက်က ဖော်ပြသည်။

ပေါက်ကွဲမှုဖြစ်ရာ အိမ်သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခေါင်းဆောင်ဟောင်းတစ်ဦး ပိုင်ဆိုင်သော အိမ်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ပျက်စီးသွားသည့် အိမ်တွင် ရှာဖွေရာ ဖောက်ခွဲရေး ပစ္စည်းအပိုင်းအစ ငါးမျိုးကို တွေ့ရကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

လောက်ကိုင်မှ အနောက်မြောက်ဖက် ၁ ဒဿမ ၆ ကီလိုမီတာအကွာ တောင်ကုန်းတစ်ခုမှ ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ၁၀၇ မမ လောင်ချာဒုံးကျည်၏ အပိုင်းအစများကိုလည်း   တွေ့ရှိကြောင်း   နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများအရ ထုတ်ပြန်သည်။

လောက်ကိုင်၏ အနောက်မြောက်ဖက် ၃ ဒဿမ ၂ ကီလိုမီတာရှိ တောင်ကုန်းနေရာတစ်ခုတွင်လည်း ညကြည့်မှန်ပြောင်းများ၊ ၁၀၇ မမ လောင်ချာများနှင့် လက်ပစ်ဗုံးများကိုလည်း တွေ့ရှိသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်က ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ပြဌာန်းထားခဲ့သည်ကို ရုပ်သိမ်းပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် MNDAA တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။

ပြင်းထန်သည့် တိုက်ပွဲများဖြစ်အပြီး ကိုးကန့်ဒေသကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အစိုးရကြေညာထားသည်။

MNDAA တပ်ဖွဲ့သည် နိုင်ငံတွင် ၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ နီးချိန်က နယ်စပ်ဒေသ တည်ငြိမ်ငြိမ်းချမ်းရေးအတွက် ယင်းနှစ် ဇွန်လအတွင်း တစ်ဖက်သတ် အပစ်ရပ် ကြေညာခဲ့သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်က လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် အစိုးရက တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူညီမှု NCA ကို ကနဦးလက်မှတ်ရေးထိုးခဲ့သော်လည်း MNDAA အား အစိုးရက ဖိတ်ကြားခဲ့ခြင်း မရှိပေ။

တိုင်းရင်းသားများဖက်က အပစ်ရပ်လက်မှတ်ရေးထိုးမှု လုပ်ငန်းစဉ်များတွင် MNDAA ကို ပါဝင်စေရန် အဆိုပြုခဲ့သော်လည်း အစိုးရဖက်က ယင်းအဖွဲ့နှင့် သီးခြား ဆွေးနွေးမှုများ   ပြုလုပ်မည် ဟု ပြောဆိုထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly