လစာငွေ နှစ်ဆဖြင့် ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ရန် မန်ယူ ဆွေးနွေးနေ

လစာငွေ နှစ်ဆဖြင့် ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ရန် မန်ယူ ဆွေးနွေးနေ

စက်တင်ဘာ ၁၈၊ အင်္ဂလန် ။              ။ မန်ယူအသင်းသည် ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ဝယ်ယူရသည့် အဖြစ်မျိုး ရှောင်ရှားနိုင်ရန် လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီကမှ ရှက်ရှ်ဖို့ဒ်ကို လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း စာချုပ်သစ်ထပ်မံချုပ်ဆိုရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ စာချုပ်သစ်တွင် မန်ယူအသင်းက ရက်ရှ်ဖို့ဒ်ကို တစ်ပတ်လစာငွေ ပေါင် ၅၀၀၀၀ ပေးရန် ကမ်းလှမ်းထားသည်။ အဆိုပါ လစာငွေမှာ အသက် ၁၈ နှစ်အရွယ်ကစားသမားတစ်ဦးအတွက် အမြင့်ဆုံးလစာငွေဖြစ်ပြီး ရက်ရှ်ဖို့ဒ်လက်ရှိ ရရှိနေသော လစာငွေ၏ နှစ်ဆ ဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းကြီးတွင် ရွေးချယ်ခံခဲ့ရသည်။ မကြာသေးမီက ကစားခဲ့သော အင်္ဂလန်ယူ-၂၁ ပွဲစဉ်တွင်လည်း   ခြေစွမ်းပြကာ ဟက်ထရစ်သွင်းယူခဲ့သည်။

အသက် ၁၈ နှစ်သာရှိသေးသော ရက်ရှ်ဖို့ဒ်သည် မန်ယူအတွက် ၁၃ ပွဲပါဝင်ကစားထားရာတွင် ၆ ဂိုးသွင်းယူပြီး ၂ ဂိုးဖန်တီးပေးထားသည်။

မန်ယူအသင်းသည် နည်းပြဖာဂူဆန်လက်ထက် ၂၀၁၂ ခုနှစ်က ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းထံသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး လေးနှစ်အကြာတွင် ကမ္ဘာ့စံချိန်တင်   ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ပြန်လည်ဝယ်ယူခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly