ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားရေးဆု ဟားဗတ်တက္ကသိုလ်က ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားရေးဆု ဟားဗတ်တက္ကသိုလ်က ချီးမြှင့်

မြန်မာနိုင်ငံ၏ ခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ လူသားချင်းစာနာထောက်ထားရေးဆုကို ဟားဗတ်တက္ကသိုလ်က ပေးအပ်ချီးမြှင့်သည်။

ဆုပေးပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ခန်းမတွင်းရှိ အပြည့်အလျှံရှိနေသည့် တက်ရောက်လာသူများအား ကမ္ဘာကြီးထဲ သွားကြည့်ပါ၊ အမုန်းတရား၊ မည်သို့သော အမုန်းတရား မဆိုက   ကြောက်ရွံ့မှု အရင်းအမြစ်ကြောင့် ဖြစ်ရကြောင်းကို တွေ့နိုင်မှာဖြစ်ကြောင်း ပြောဆိုတိုက်တွန်းသည်။

အနီရောင်မော်ကွန်းပြားတွင် ရွှေဖြင့် အမှတ်တံဆိပ်ထိုးထားသည့် အဆိုပါ ဆုအား ဟားဗတ်တက္ကသိုလ် သိပ္ပံရေးရာအဆောက်အအုံ တက်ရောက်လာသူရာပေါင်းများစွာရှေ့မှောက်၌ သြဇာကြီးမားသောသူတစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြုံးရွှင်စွာ ဆုအား လက်ခံခဲ့သည်။

“ကျွန်မ လုပ်ဆောင်ခဲ့တာတွေအတွက် ချီးမြှင့်မှုအဖြစ် ဒီဆုအပေါ် သဘောမထားပါ။ ဒါပေမယ့် ကျွန်မတို့ ဖော်ဆောင်နေတဲ့ အနာဂတ်အတွက် နမိတ်ကောင်းတစ်ခုလို့ ရှုမြင်ပါတယ်။ ကျွန်မရဲ့ နိုင်ငံမှာ ကျွန်မတို့ ပြည်သူတွေဟာ လွတ်လပ်မှုနဲ့ လုံခြုံမှု နှစ်ခုစလုံးနဲ့ ပြည့်စုံတဲ့ ပြည်သူတွေဖြစ်တယ်လို့ ပြောနိုင်ဖို့ အတော်လေး ကြိုးစားဖော်ဆောင်သွားရဦးမှာဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကမ္ဘာတွင် လူသိအများဆုံးသော နိုင်ငံရေးအကျဉ်းသားအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဆယ်စုနှစ်များစွာ ဖြတ်သန်းပြီးနောက် ဝန်ကြီးချုပ်အဆင့်နှင့် ညီမျှမှုရှိသည့် ရာထူးနေရာအဖြစ် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

“ကျွန်မ ယုံကြည်ထားတာက ခွဲခြားကွဲပြားမှုတွေ အားလုံးရဲ့ အရင်းအခံက ကြောက်ရွံမှုကြောင့် ဖြစ်ရပါတယ်။ အကြောက်တရားကြောင့် အမုန်းတရားတွေ ပေါ်ပေါက်တယ်။ ဒီအမုန်းတရားတွေကြောင့် ခွဲခြားကွဲပြားမှုတွေကို ဖြစ်လာစေတာပါပဲ။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး မေတ္တာကရုဏာစိတ်သဘောထားက လူတိုင်းကိုယ်စီ၌ ရှိထားကြောင်း၊ ထိုစိတ်ထားကို ဖော်ဆောင်ခြင်းဖြင့် ကြောက်ရွံမှုက လွန်မြောက်စေမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောသည်။

“ပြဿနာရဲ့ အစက ဒီလိုပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြုံးရယ်လျက် “ကျွန်မတို့နိုင်ငံကို ခေါ်ဆိုပုံနဲ့ ပတ်သက်ပြီး သဘောမတူနိုင်ခဲ့ဘူး။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၁၉၄၈ ခုနှစ် ပြည်ထောင်စုဗမာနိုင်ငံအဖြစ် ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရစဉ် ကလေးအရွယ်သာ ရှိသေးသော ဒေါ်အောင်ဆန်းစုကြည်က ဗမာ ဆိုတာ လှပတဲ့ စကားလုံးတစ်လုံး   ဖြစ်ကြောင်း ပြောသည်။ သို့သော် စစ်အစိုးရ အာဏာသိမ်းပြီးနောက် ဗမာဆိုသည့် စကားလုံးအစား မြန်မာအဖြစ် ပြောင်းလဲသုံးစွဲခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ပြည်ပသို့ ရောက်ရှိချိန်များတွင် နိုင်ငံ လွတ်လပ်ရေးရခဲ့ချိန် အမှတ်တရဖြစ်သည့် အနေဖြင့် ဗမာဟု မကြာခဏ သုံးစွဲဆဲဖြစ်သည်။ ထိုပြင်လည်း မြန်မာဆိုသည့် စကားသံကို နိုင်ငံခြားသားများ လေသံဖြင့် ထွက်သည့်အခါ နားဝင်ဆိုးစေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောရာ၌လည်း တက်ရောက်လာသည့် ပရိသတ်များက ရယ်မောကြသည်။

သို့သော်လည်း သူ့၏ နိုင်ငံကို မည်သို့သာ ခေါ်ပါဟု အမိန့်ပေး ညွှန်ကြားလိမ့်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“တစ်ကြိမ်တစ်ခါ လုပ်ပိုင်ခွင့်ရချိန်မှာ ကိုယ်ရဲ့ စိတ်ဆန္ဒသဘောအတိုင်း ပြဌာန်းသွားခဲ့တဲ့အရာက အမြဲတည်တံ့လိုက်နာနေရမယ်ဆိုတာမျိုး ကျွန်မတော့ မလိုလားဘူး။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly